Sunday, June 10, 2012
“ လူနည်းစု - လူများစု ” ခွဲခြားခြင်း၏အန္တရယ်
ရခိုင်ပြည်နယ်အရေးအခင်းနှင့်ပါတ်သက်၍အနည်းငယ်မှအပ
အများစုကကိုယ့်စိတ်ထည်းမှာရှိသည်ကိုမပြောဘဲပြောသင့်ပြော
ထိုက်သောစကားများကိုသာပြောခဲ့ကြသည်ဟုယူဆသည်။
ဤမေးခွန်းကိုမူ တစ်ဦးချင်းစီကိုယ်ကြိုက်သလိုဖြေကြဘို့ ဖြစ်သည်။
‘ဒီမိုကရေစီနိုင်ငံရေး’ အတွက် “လူလိမ္မာများ” လိုအပ်ပါသည်။
သို့ သော်တခါတရံတော့  “လူမိုက်အလိုရှိသည်” ဆိုသောဆိုင်းဘုတ်ဟောင်း 
ကိုလည်းချောင်ထည်းမှဆွဲထုပ်၊ ဖုံသုတ်ကာအသုံးပြုဖို့ လိုအပ်လာတတ်သည်။   
ရခိုင်အရေးအခင်းသည်မြန်မာနိုင်ငံရေးသမားများ၏အတွင်းသဘောနှင့်နိုင်ငံရေး
အရည်အချင်းကိုစာမေးပွဲစစ်လိုက်သလိုဖြစ်သည်။
အစိုးရဆန့် ကျင်ရေးမှတပါးတခြားဘာမှမလုပ်တတ်
မလုပ်ချင်သူများက ‘ထောင်ချောက်’ ဖြစ်နိုင်တယ်ဟူသော
conspiracy theory ဟောင်းကိုဆွဲထုတ်လာလေသည်။
ဘာထောင်ချောက်လဲ - ဘယ်သူကဆင်သလဲ - ဘာကြောင့်ဆင်သလဲ။
ဘာမှအကျယ်တ၀င့်ရှင်းမပြနိုင်ချေ။
အစိုးရမှာတာဝန်ရှိနိုင်ပါသည်။ ရှိပုံမှာပြသနာဖြစ်ရခြင်းအတွက်မဟုတ်
ပြသနာကိုဖြေရှင်းပုံ၊ဖြေရှင်းနည်းနေရာ
မကျလျှင်တာဝန်လာရှိမည်ဖြစ်သည်။ 
မည်မျှချမ်းသာ၊ မည်မျှပညာတတ်၊ မည်မျှခေတ်မှီသည့်လုံခြုံရေးစံနစ်ရှိ သည့်နိုင်ငံဖြစ်နေပါစေလူယုတ်မာများကိုမတားဆီးနိုင်ပါ၊ တစ်ချိန်မဟုတ် တစ်ချိန်တော့အလစ်အငိုက်မိခံကြရတာချည်းဖြစ်သည်။
မနှစ်ကနော်ဝေနိုင်ငံတွင်အကြမ်းဖက်သမားတစ်ဦးတည်းက
လူ ၉၀ ကျော်ကိုသတ်ဖြတ်ခဲ့သည်။ 
ထို့ အတွက်နော်ဝေအစိုးရကိုအပြစ်မဖို့ နိုင်ပါ။
ယခုသုံးသပ်ချက်သည်ရခိုင်အရေးအခင်းအကြောင်းမဟုတ်ပါ။ ရခိုင်ကိစ္စအပေါ် နိုင်ငံရေးလောကသားများ၏တုန့် ပြန်ချက်ကိုနားထောင်၍
caliber တွေကို အကဲခပ်ခြင်းသာဖြစ်သည်။ 
အလုံးအရပ်ချင်းယှဉ်လျှင်ကျန်(နိုင်ငံရေးသမား)အားလုံးသည်
‘လူပုကလေး’ တွေဖြစ်ကာဒေါ်အောင်ဆန်းစုကြည်က“မနှင်းဖြူ” ဖြစ်လေသည်။ 
ရခိုင်ကိစ္စတွင်ဒေါ်အောင်ဆန်းစုကြည်သည်သူမ၏လက်သုံးစကား
တရားဥပဒေအုပ်စိုးရေး (Rule of law) ကိုပင်ထပ်ပြောသွားသည်။
ထို့ နောက်သူမသည်မြန်မာမူဆလင်ခေါင်းဆောင်များနှင့်တွေ့ ဆုံရာတွင်
တရားဥပဒေစိုးမိုးရေးအပြင်အခြား (နှစ်သိမ့်) စကားတစ်ခွန်းကိုလည်းပြောခဲ့သည်။
“… ..လူများစုဆိုတာဟာလူနည်းစုအပေါ်မှာဂရုဏာထားတတ်ရမယ်။ …… … လူများစုဆိုတာဟာကိုယ့်ရဲ့အင်အားကရှိပြီးသား၊ ကိုယ့်ရဲ့အများစုအင်အားကရှိပြီးသားမို့လို့ ပိုပြီးတော့သဘောထားကြီးနိုင်ရမယ်။ ပိုပြီးတော့ဂရုဏာတရားထားနိုင်ရမယ်။
အဲဒီတော့ကျမတို့နိုင်ငံမှာရှိတဲ့ဘာသာမရွေး၊ လူမျိုးမရွေးပြည်သူပြည်သားအားလုံး တယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်နဲ့အေးအေးချမ်းချမ်းနေတာကိုကျမမြင်ချင်တယ်။”
သားနှစ်ယောက်၏မိခင်၊ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၏ ‘ရွှေပြည်အေး’ 
တရားဖြစ်လေသည်။ ညီအစ်ကို ရန်ဖြစ်ကြရာမိခင်ကြီးကအစ်ကိုဖြစ်သူအား 
အငယ်ကောင်ဘာဘဲလုပ်လုပ်-အကြီးဖြစ်သူကအမြဲသီးခံရမည် 
ဟုဆုံးမပုံမျိုးဖြစ်လေသည်။
ဒေါ်အောင်ဆန်းစုကြည်သည်မြန်မာနိုင်ငံသာမကကမ္ဘာအဆင့်ရှိသြဇာအရှိန်
အ၀ှာကြီးသောနိုင်ငံရေးခေါင်းဆောင်ဖြစ်လေသည်။ ဒီကနေ့ သူမပြောသော စကားတစ်ခွန်းကိုနောက်နေ့ ကမ္ဘာသတင်းစာကြီးငယ်တို့ ကအရေးတယူ
ဖေါ်ပြတတ်ကြသည်။သူမ၏စကားတစ်ခွန်းသည်အလွန်တာသွားသောကြောင့်
ကျွန်ုပ်တို့ အဖို့ လျစ်လျှူရှုမထားနိုင်၊ သုံးသပ်ကြည့်ရန်လိုအပ်သည်။
သူမ၏အလိုအရမြန်မာနိုင်ငံတွင်မူဆလင်များသည်လူနည်းစုဖြစ်၍
ဗုဒ္ဓဘာသာဝင်များသည်လူများစုဖြစ်သည်ဟုဆိုလိုပုံရသည်။
နိုင်ငံ၏လူဦးရေ (population)ကိုလူနည်းစုများနှင့်လူများစု
ဟူ၍ှနှစ်ပိုင်းခွဲခြား၍ကြည့်မြင်လေသည်။
ဤ "လူနည်းစု/လူများစု-ခွဲခြားမှု"ကိုမစစ်ဆေးဘဲအမှတ်တမဲ့လက်ခံထားမိသူ 
လူပြိန်းတစ်ဦး၏အမြင်တွင် ‘လူများစု’ (တွေ)ကအိမ်ရှင်ဖြစ်နေကြသလိုလို၊ 
‘လူနည်းစု’(တွေ)က ဧည့်သည်တွေ - အိမ်ငှားတွေလိုလိုဖြစ်လာနိုင်သည်။ 
ကျွန်ုပ်တို့ သည်တစ်ခါတရံ “ဒို့ တိုင်းပြည်မှာနေ-ဒို့ ထမင်းကိုစားပြီး-ဒို့ ကိုစော်ကားသည်။” ဟူသောအပြောအဆိုမျိုးသုံးစွဲတတ်ကြားကြရတတ်သည်။ ဤစကားတွင် 
“ငါတို့ ကအိမ်ရှင်၊သူတို့ ကဧည့်သည်”ဟူသောဓါတ်ခံပါနေသည်။
“သူတို့ ”ဆိုသည့်ရည်ညွှန်းခံအုပ်စုသာအချိန်အခါအလိုက်ပြောင်းနေလိမ့်မည်။
ထို “သူတို့ ”သည်အချိန်တစ်ချိန်တွင်‘ကုလားတွေ’ဖြစ်နေပြီး၊ နောက်တစ်ချိန်တွင် ‘တရုပ်တွေ’ ဖြစ်နေတတ်သည်။ လောလောဆယ်တော့ ‘ရိုဟင်ဂျာ’ ဆိုသူတွေဖြစ်နေသည်။
[‘ကုလား’ဟူသောအသုံးအနှုံးကိုအရပ်သားပြော colloquial term အဖြစ်သုံးထားသည်။
Negative connotations မပါ-ပါ။ ]
မျက်မှောက်ခေတ်သမတနိုင်ငံ(Republic)များတွင်တရားဝင်
မှီတင်းနေထိုင်ကြသောလူဦးရေတစ်ရပ်ကိုနိုင်ငံတော်နှင့်နိုင်ငံသားများ
(state and citizens) ဟူ၍သာပိုင်းခြား၍သတ်မှတ်ရပါမည်။
နိုင်ငံသားထု (citizenry) ကိုထပ်၍မခွဲစိပ်သင့်တော့ပါ
သို့ မှသာဥပဒေ၏ရှေ့ မှောက်တွင်အားလုံးတန်းတူကြမှာဖြစ်ပါသည်။ (equal before the law)။
အားလုံးတတန်းတည်းထားမှသာဥပဒေကအုပ်စိုးနိုင်ပါလိမ့်မည်။(Rule of law)
မြန်မာမူဆလင်များကိုမေးကြည့်ပါ။ သူတို့ ကိုလူနည်းစုအဖြစ်သတ်မှတ်၍ (ဗမာ/ဗုဒ္ဓဘာသာ)လူများစုထက်ပို၍အထူးအခွင့်အရေးပေးစေချင်သလား။ 
သို့ မဟုတ်ဗမာနှင့်ကျန်လူမျိုးတွေအားလုံးနည်းတူနိုင်ငံသားများ (citizens) အဖြစ်တတန်းတည်းထားသတ်မှတ်၍အခွင့်အရေးတန်းတူပဲလိုချင်သလား။
ဆရာကြီးဦးရာဇတ်အားဗိုလ်ချုပ်အောင်ဆန်းကမြန်မာမူဆလင်များ
အတွက်ကောပြည်နယ်လိုချင်သလားဟုမေးခဲ့သည်ဟုဖတ်ဘူးပါသည်။ 
ဦးရာဇတ်ကမလိုချင်ပါ။ ဗမာတွေနဲ့ တန်းတူရည်တူနိုင်ငံသားတွေအဖြစ်နှင့်
သာအများနည်းတူနိုင်ငံအနှံ့ ကိုယ်နှစ်သက်ကြရာနေရာတွေမှာလွပ်လပ်စွာ
အခြေစိုက်နေချင်ကြောင်းပြန်ဖြေသည်ဟုဖတ်ရဘူးပါသည်။
[ဦးရာဇတ်အမြော်အမြင်ကြီးပါပေသည်။ သူသာဂျင်းနား (Ali Jinner) လို မူဆလင်ပြည်နယ်တစ်ခုသတ်သတ်ယူခဲ့လျှင်မြန်မာမူဆလင်တွေသည် - အိန္ဒိယလွပ်လပ်ရေးယူစဉ်တုံးကပါကစ္စတန်ဘက်ပြောင်းကြရသလိုပြောင်း
ရွှေ့ ပေးရပြီးကနေ့ ဘူးသီးတောင်၊ မောင်းတောလိုနေရာမျိုးလောက်မှာ
ပင်ပြွတ်သိပ်၍ကျပ်တည်းစွာနေကြရပေလိမ့်မည်။]
အပိုင်း (၂)
မြန်မာမူဆလင်တွေဟာလက်တွေ့ မှာလူဦးရေအရဗမာ(ဗုဒ္ဓဘာသာ)တွေ ထက်လူဦးရေနည်းမနေဘူးလား၊ ဒေါ်အောင်ဆန်းစုကြည်ပြောတာမမှားဘူး
ဟုငြင်းခုံကောင်းငြင်းခုံကြလိမ့်မည်။
ကျနော့်အမြင်တွင်သူမ မမှားသလို မှန်လည်းမမှန်ဘူးဟုသာပြောလိုသည်။
“လူနည်းစု” ဟူသောသတ်မှတ်ချက်ကိုနှိုင်းရသဘောအရဖြစ်သောလူနည်းစု
(relative minority) နှင့် ပကတိလူနည်းစု (absolute minority) ဟူ၍ထပ်
ခွဲခြားနိုင်သည်။ လူဦးရေ ၅၆ သန်းခန့် (အစိုးရစာရင်း) ရှိသောမြန်မာပြည်
တွင်မြန်မာမူဆလင် (မြန်မာမူဆလင်မိတ်ဆွေရင်းတစ်ဦး၏ခန့် မှန်းချက်အရ
ရှစ်သန်းလောက်ရှိပါသည်။) 
တနိုင်ငံလုံးအနှံ့ ကျန်လူများနှင့်ရောနှောနေ သောကြောင့်၊သီးသန့် 
တနေရာတည်းမှာတစုတဝေးတည်းမမြင်ရ၍သာနည်းသည်ဟုထင်ရသည်။
စင်စစ်တစ်နိုင်ငံလုံးရှိမြန်မာမူဆလင်ဦးရေသည်တစ်နိုင်ငံလုံးနေ
ရခိုင်လူမျိုးဦးရေထက်ပိုများပါသည်။
ထို့ နည်းတူဗမာမှအပကျန်အခြားတိုင်းရင်းသားလူမျိုးစုများ
(ဥပမာ ကချင်၊ ချင်း၊ မွန်၊ ရှမ်း၊ ၀၊ တရုပ်၊ ဟိန္ဒူ) တို့ ထက်လည်းလူဦးရေပိုများသည်။ ထို့ ကြောင့်မြန်မာမူဆလင်များသည်(ဗမာများနှင့်သာ)နှိုင်းရသဘောအရလူနည်းစုဖြစ်ကြသည်။
တကယ့်ပကတိသဘော(in absolute term) အရတော့လူနည်းစုမဟုတ်။ 
ထို့ ကြောင့်မြန်မာမူဆလင်များကိုယ်တိုင်ထံမှသူတို့ ကိုယ်သူတို့ 
လူနည်းစုတွေပါဟုပြောကြသံမကြားရပါ။ နှိုင်းရသဘောကိုဖယ်၍
တကယ့်အနေအားဖြင့်ကြည့်လျှင်သူတို့ သည်အပေါ်ယံကြည့်
ယုံဖြင့်မမြင်ရသောလူများစု (invisible majority)တစ်ခုဖြစ်နိုင်သည်။
ကမ္ဘာ့သမိုင်းကိုခြေရာကောက်ကြည့်သောအခါ‘လူနည်းစု-လူများစု’
ခွဲခြားခြင်းသည်နယ်ချဲ့ သမား၏အင်ပါယာစံနစ် (imperialism)
တွင်မြစ်ဖျားခံနေသည်ကိုတွေ့ ရပါလိမ့်မည်။ (Ref: Wikipedia)
ရောမအင်ပါယာရှင်ဆီဇာခေတ်၊ ထို့ နောက်ပြင်သစ်ဧကရာဇ်နပိုလီယံ တို့ မှစ၍နောက်ပိုင်းဗြိတိသျှအင်ပါယာတည်ဆောက်သူများအထိ
ကိုလိုနီနိုင်ငံများတွင်အုပ်စိုးခံများအားအကြောင်းပြချက်တစ်ခုခုဖြင့်
လူများစုနှင့်လူနည်းစု(များ)ဟူ၍ ၂ပိုင်းခွဲ၍အုပ်ချုပ်ခဲ့ကြသည်။
ဤသည်ကိုခွဲခြား၍အုပ်စိုးခြင်း (divide and rule) ဟူ၍လည်းသိကြသည်။
“လူနည်းစု”ဟူ၍အင်ပါယာကိုအုပ်စိုးသူကရွေးချယ်သတ်မှတ်ခံရသူလူမျိုးတစ်ခုသည်
ခေတ်မှီအုပ်ချုပ်ရေးပညာ၊ စစ်ပညာများလေ့ကျင့်သင်ကြားပေးခံရ၍၄င်းတို့ 
ကိုလက်ကိုင်ပြု (proxy) ကာ - လူများစုများကိုအုပ်စိုးလေသည်။
ထို့ ကြောင့် လူနည်းစု/လူများစုခွဲခြားခြင်းသည်အုပ်စိုးသူ၏အလုပ်ဖြစ်သည်။
ထပ်၍သတိပြုစရာမှာလူနည်းစုကိုသတ်မှတ်ရာ၌ တကယ့်ပကတိလူနည်းစု 
(absolute minority) စစ်စစ် တစ်ခုကိုအုပ်စိုးသူကမရွေးချယ်ပါ။ အကြောင်း မှာတကယ့်ပကတိလူနည်းစုတစ်ခုသည်လူဦးရေအလွန်နည်းလွန်းနေ
အလွန်လည်းခေတ်နောက်ကျနေတတ်၍ဖြစ်ပါသည်။အသုံးမတည့်ပါ။ 
ထို့ ကြောင့်လူများစုနှင့်နှိုင်းယှဉ်ချက်အရသာလျှင်လူနည်းစုဖြစ်နေသော
အခြားအုပ်စုတစ်ခုခုကိုရွေးချယ်တတ်ပါသည်။
ကိုလိုနီခေတ်မြန်မာနိုင်ငံတွင်ဗမာလူများစုနှင့်နှိုင်းယှဉ်လျှင်ရှမ်းများ၊ မွန်များ၊ ရခိုင်များသည်လည်းလူနည်းစုများပင်ဖြစ်သော်လည်းသူတို့ သည်ဗမာများနှင့် ကိုးကွယ်ရာဘာသာချင်းတူနေသဖြင့်ဘာသာရေးအရလူနည်းစု 
(religious minority) မဟုတ်ကြ။ 
ထို့ ကြောင့်ဗမာမဟုတ်၊ ဗုဒ္ဓဘာသာလည်းမဟုတ်သောအခြား“လူနည်းစု” တစ်ခုကိုသာရွေး၍လက်စွဲပြုသွားသည်ကိုတွေ့ ရမည်ဖြစ်ပါသည်။ 
ထို့ ကြောင့်လူနည်းစု (minority) ဆိုသည်မှာနယ်ချဲ့ သမားကသူ
အသုံးချရန်တီထွင်ခဲ့သောနိုင်ငံရေးထွင်လုံး (political construct)
တစ်ခုလည်းဖြစ်သည်။
ကိုလိုနီနိုင်ငံများလွတ်မြောက်လာချိန်တွင်ထိုသို့ လူနည်းစုအမည်တပ်ကာ
အသုံးချခံရသည့်လူမျိုးစုသည်နယ်ချဲ့ သမားကိုယ်စားလက်စားချေခံရသည့်ဖြစ်
ရပ်များနိုင်ငံအများအပြားတွင်ဖြစ်ခဲ့လေသည်။ အာဖရိကတိုက်ရှိရ၀မ်ဒါနိုင်ငံ 
(Rawanda) တွင်ဟူတူ(Hutu)လူများစုကဘယ်လ်ဂျီယံနယ်ချဲ့ သမား
ကမြှောက်စား၍အသုံးချခံရသောတွတ်ဆီ (Tutsi) လူနည်းစုဝင်
လူဦးရေသန်းတစ်ဝက်လောက်ကိုမျိုးတုံးနီးပါးသတ်ဖြတ်ခဲ့သည်။
ဤလူနည်းစု-လူများစုခွဲခြားသတ်မှတ်၍အုပ်စိုးခြင်းသည်ကိုလိုနီများအားလွပ်
လပ်ရေးပေးရချိန်အထိအသုံးတည့်လှသည်။ အိန္ဒိယပြည်ကိုလွပ်လပ်ရေးပေး
ချိန်တွင်မူဆလင်လူနည်းစုကိုဟိန္ဒူလူများစုကအနိုင်ကျင့်လိမ့်မည်ဟူသော
ဗြိတိသျှအစိုးရ၏ချောက်လှန့် ချက်ကိုမူဆလင်ခေါင်းဆောင်မိုဟာမက်
အလီဂျင်နားကနားယောင်သွားသဖြင့်ပါကစ္စတန်ဟူသောအမည်ဖြင့်
သီးခြားနိုင်ငံတစ်ခုခွဲထောင်သွားလေသည်။
စင်စစ်အိန္ဒိယဘက်ခြမ်းတွင်ကျန်ရစ်သောမူဆလင်
လူဦးရေသည်ပါကစ္စတန်ထက်ပိုများပါသည်။
ယနေ့ အထိလည်းထိုအတိုင်းပင်။
[အကယ်၍သာထိုအချိန်က (၁၉၄၇) ပါကစ္စတန်နိုင်ငံဟူ၍ခွဲမထွက်ခဲ့လျှင်
၁၉၇၀ ခုနှစ်တွင်ဘင်္ဂလားဒက်ရှ်ဟူသောနိုင်ငံသစ်တစ်ခုထပ်၍ပေါ်လာစရာ
အကြောင်းမရှိ။ ထိုသို့ ဆိုလျှင်အိန္ဒိယနိုင်ငံ၏ ဧရိယာသည်ယခုထက်
အများကြီးပိုကျယ်ဝန်းနေမည်ဖြစ်သည်။ မြန်မာနိုင်ငံအဖို့ လည်းခိုးဝင်လာမည့် 
ဘင်္ဂလီများပြဿနာယခုလောက်ကြီးလိမ့်မည်မဟုတ်။ ဘင်္ဂလားဒက်ရှ်နိုင်ငံ 
သားများသည်မြန်မာဘက်ကိုသာတရားမ၀င်ခိုးဝင်နေသည်မဟုတ်အိန္ဒိယ 
ဘက်ခြမ်း(အနောက်ဘင်္ဂလားနယ်ထည်း)သို့ လည်းခိုးဝင်နေကြသည်။ 
လူမျိုး၊ဘာသာစကားချင်းတူနေသဖြင့်ဦးရေအားဖြင့်မြန်မာထည်းဝင်သည့်
ထက်ပင်ပိုများသေးသည်။]
[နောက်လအနည်းငယ်အကြာမြန်မာနိုင်ငံကိုလွပ်လပ်ရေးပေးရချိန်
တွင်လည်းဤလူနည်းစု/လူများစုသွေးခွဲနည်းကိုဗြိတိသျှအစိုးရက
အသုံးပြုရန်ကြိုးစားသေးသော်လည်းမြန်မာအမျိုးသားခေါင်းဆောင်အား
လုံးတို့ ၏အမြင်ကျယ်မှုကြောင့်မအောင်မြင်ခဲ့။]
ထို့ ကြောင့် နိုင်ငံတစ်နိုင်ငံအတွင်းရှိနိုင်ငံသားများကိုလူနည်းစု/လူများစုဟူ၍ ထပ်မံခွဲခြားသည့်နယ်ချဲ့ စံနစ်၏လက်ကျန်အလေ့အကျင့်တစ်ခုကိုမသိသား
ဆိုးဝါးစွာဆက်သုံးနေမိခြင်းကိုသတိပြုမိဘို့ ကြလိုသည်။ 
ဤခွဲခြားမှုကြောင့်ကောင်းဖို့ ထက်ဆိုးဖို့ ကပိုများပါသည်။
ဒေါ်အောင်ဆန်းစုကြည်လိုနိုင်ငံရေးသြဇာကြီးသူတစ်ဦးကိုယ်တိုင်က
‘လူနည်းစု-လူများစု’ခွဲခြားပြမှုကြောင့်နိုင်ငံသားများ (citizens) သည်မိမိတို့  
ကိုယ်ကိုလူနည်းစုဝင်လော - လူများစုဝင်လောဆန်းစစ်၍အုပ်စုတစ်ခုခု
ဝင်ဖြစ်သည်ဟုယုံကြည်သွားကြလိမ့်မည်။ထိုအခါ -
-        
   လူများစုထည်းကရမ်းကားလိုသူများကိုတက်ကြွလာစေသည်။
အသားလွတ် - အကြောင်းမဲ့ - မောက်မာလာစေသည်။
-        လူများစုထည်းကသာမန်လူများကိုမူ ‘လူများစုဖြစ်နေတာနဲ့ ပဲ
အရာရာကိုအလျှော့ပေးသီးခံနေရတော့မှာလား’ဟူသောမေးခွန်း
    ဖြင့်ထာဝစဉ်ဘ၀င်မကျဖြစ်နေစေသည်။
-       လူနည်းစုထည်းမှရမ်းကားလိုသူများကိုထာဝစဉ်တပ်လှန့် ပေး
ထားရာကျသည်။တစ်ချို့ ကိုစစ်သွေးကြသူများ(militants) ဖြစ်လာစေသည်။
    ပြဿနာကိုလိုတာထက်ပို၍တုန့် ပြန်စေသည် (over-reaction)
-       သွေးရိုးသားရိုးဖြစ်ရပ်များကိုပင်အဓိပ္ပါယ်ကောက်လွဲစေသည်။
(ဥပမာ ကိုမြအေးပြောသော ‘ထောင်ချောက်’)
-       လူနည်းစုထည်းမှသာမန်လူများကိုထာဝစဉ်ထိပ်လန့် နေစေသည်။
အားကိုးရာအဖြစ်နိုင်ငံတော်အစိုးရ(law and order enforcement agencies)ကိုအားကိုးသူနှင့်အစွန်းရောက်များကိုအားကိုးမိသူ
ဟူ၍နှစ်ပိုင်းကွဲထွက်သွားစေသည်။ (အစွန်းရောက်သူများမိမိတို့ ၏
သွေးသားထည်းမှာရှိလျှင်) သူတို့ ၏ခံစားချက်များ(ဒုက္ခများ)ကို
နားလည်စာနာမိရာမှနောက်ဆုံးအားကိုးမိ/ကူညီမိသွားတတ်သည်။
-        တိုင်းပြည်ကိုအုပ်ချုပ်သူအစိုးရအနေဖြင့် “လူနည်းစု-လူများစု”
အစွဲ (prejudice) ၀င်နေပြီးသားလူထုကိုအုပ်ချုပ်ရအလွန်ခက်သည်။
ဘက်လိုက်သည်’ ဟူသောစွပ်စွဲချက်နှင့်အမြဲရင်ဆိုင်နေရမည်။
-        အစိုးရကိုယ်တိုင်ကနိုင်ငံတော်အာဏာ၌တရားဝင်မှုပြဿနာနှင့်ရင်ဆိုင်
(when its legitimacy in power is questionable) နေရလျှင်ပို၍ခက်သည်။
လတ်တလောရခိုင်အရေးတွင်ဒေါ်စု၏ “လူနည်းစု”ကိုကြင်နာပါဟူသော
စကားနောက်ကစေတနာကိုသိပါသည်။ သို့ သော်ထိုစကားသည်နိုင်ငံရေး
အရမှားယွင်းသောအဓိပ္ပါယ်သတ်မှတ်ချက်တစ်ခုအပေါ်အခြေစိုက်
ထားသည်ကိုတော့လက်ခံ၍မဖြစ်နိုင်။
မြန်မာမူဆလင်များသည်အထက်ကတင်ပြခဲ့သောအချက်များအရ
မြန်မာနိုင်ငံတွင်တကယ့်အရှိအဖြစ်အရလူနည်းစုမဟုတ်ပါ။
သူတို့ သည်အခြားသူများနည်းတူ“နိုင်ငံသားများ”(citizens)သာဖြစ်ကြပါသည်။ အခြားသူများထက်ဘာအခွင့်အရေးမှလည်းပို/လျှော့ယူချင်ကြလိမ့်မည်မဟုတ်ပါ။ 
အထူးသဖြင့် “လူနည်းစု” အဖြစ်သတ်မှတ်ခံ၍ “လူများစု”၏
မဟာဂရုဏာတော်အောက်တွင်နေလိုကြလိမ့်မည်မဟုတ်ပါ။ 
ဤသို့ နေကြလျှင်လည်းဒုတိယတန်းစားနိုင်ငံသားတွေ 
(second class citizens) ဖြစ်ကုန်ကြလိမ့်မည်။ 
ထို့ ကြောင့်သူတို့ ကို “လူနည်းစု”ဟုသတ်မှတ်၍ဆက်ဆံခြင်းကို
သူတို့ ကိုယ်တိုင်ကနှစ်သက်ကြလိမ့်မည်မဟုတ်ပါ။
နိုင်ငံရေးတွင်လူနည်းစုအခွင့်အရေးများ (minority rights)
ကိုကာကွယ်ပေး ထားသောနေရာတစ်ခုတော့ရှိပါသည်။
ပါလီမန်အတွင်း၌ဖြစ်သည်။ လူများစု၏ဆန္ဒတိုင်းကိုဒီမိုကရေစီကို
အသုံးချ၍လူနည်းစုအပေါ်အတင်းအဓမ္မပြဌန်းယူတာ
(Tyranny of majority) မဖြစ်အောင်အထူးကိစ္စအနည်းငယ်
တွင်ဥပဒေဖြင့်ကြိုတင်တားဆီးပေးထားသည်။ 
သို့ သော်ချွင်းချက်သာဖြစ်၍ပုံမှန်အားဖြင့် ဒီမိုကရေစီ၏
တရားကိုယ်ဖြစ်သော “အများစုဆန္ဒအတည်” (majority rule)
ကိုအပျက်အစီးမခံပါ။
မြန်မာစကားတွင် “ဆင်သွားရင်လမ်းဖြစ်သည်”ဟူသောစကားတစ်ခွန်းရှိသည်။ သို့ သော်ဆင်ကန်းတောတိုးသလိုသွားသည့်နောက်ကိုလိုက်လို့ လည်းမဖြစ်။
လူနည်းစု-လူများစုခွဲခြားခြင်းသဘောအရသာဆိုလျှင်
ဗမာတွေနှင့်နှိုင်းစာလျှင်ကျန်လူတိုင်းသည်လူနည်းစုတွေဖြစ်ကုန်သဖြင့်
သိမ်မွေ့ သောနည်းဖြင့်ဗမာနှင့်ဗမာမဟုတ်သူတိုင်းကို
‘ရန်ဘက်’အနေအထားမှာ "တည်" ထားပေးလိုက်သလိုဖြစ်နေသည်။
ဖြစ်သင့်သည်မှာလူမျိုး၊ ဘာသာကိုးကွယ်မှု လူဦးရေစသည့်သတ်မှတ်ချက်တွေမရှိ၊ လူတိုင်းကိုအားလုံးတန်းတူနိုင်ငံသား(citizens) တွေချည်းအဖြစ်ရှုမြင်ရမည်ဖြစ်သည်။
ဤသည်မှာဒီမိုကရေစီ၏အုပ်မြစ်ဖြစ်သောလူကို‘လူသက်သက်’အဖြစ်သာ
သတ်မှတ်သောတစ်သီးပုဂ္ဂလလူသားဝါဒ (individualism)နှင့်လည်းကိုက်ညီသည်။
ဒီမိုကရေစီသည်လွပ်လပ်မှု၊ တသီးပုဂ္ဂလ၀ါဒနှင့်အကန့် သတ်ခံအစိုးရ 
(Liberty, individualism and limited government) ဆိုသည့်ဒေါက်
သုံးခုအပေါ်အခြေပြုသည်ဟုအမေရိကန်ဒီမိုကရေစီကိုနေရာတကျပြန်ထားရန်
အားထုတ်နေသူအောက်လွှတ်တော်အမတ်ရွန်ပေါလ် (Ron Paul - Rep./Texas) ကပြောသည်။
နိဂုံးချုပ်ရလျှင်ယခုသုံးသပ်ချက်၏အစတွင်ပြောခဲ့သည့်အတိုင်းရခိုင့်အရေး
(ကျွန်ုပ်တို့ ခေတ်၏ဓည၀တီအရေးတော်ပုံ) သည်မြန်မာနိုင်ငံရေးသမားတွေ
ကိုရှေ့ ခရီးအတွက်အရည်အချင်းစစ် ‘ပထမအစမ်း - စာမေးပွဲ’လိုဖြစ်နေသည်။
အာဏာရှင်ခေတ်တလျှောက်အစိုးရဆန့် ကျင်ရေးနိုင်ငံရေးတစ်မျိုးတည်း ကိုလုပ်တတ်ရုံဖြင့်နေရာရခဲ့သောသူများသည်ရှေ့ တွင်လာမည့်အမျိုး
မျိုးထွေပြားသောစိန်ခေါ်မှုများ(diverse challenges)
အတွက်အရည်အချင်းသစ်များထပ်ဖြည့်ကြဘို့ လိုနေသည်။
ယခုအခါ နိုင်ငံရေးသမားများအနောက်ဒီမိုကရေစီနိုင်ငံများသို့ နိုင်ငံရေးလေ့
လာရေးခရီးများထွက်နေကြသည်။အလွန်ကောင်းသောအစီအစဉ်တစ်ခုဖြစ်သည်။
သို့ သော်မိမိတို့ မှာ“ဓါတ်ခံကောင်း”ရှိပြီးသားဖြစ်နေဘို့ တော့လိုမည်။
သို့ မဟုတ်လျှင်ပြည်ပကိုအထင်ကြီး၊ ပြည်ပကညွှန်ကြားချက်တွေကို
ဦးထိပ်ရွက်ကာပြန်လာကြလိမ့်မည်။
လတ်တလောရခိုင်ကိစ္စကဲ့သို့ ပူပူနွေးနွေးလည်းဖြစ်၊ အမျိုးသားလုံခြုံရေးကိစ္စ
(national security issue) ကကျန်ကိစ္စများကိုကျော်လွှားတက်လာသောအခါ မျိုးတွင်ဘက်လိုက်သောရပ်တည်ချက်များ၊ မေးခွန်းများနှင့်ရင်ဆိုင်ရဘို့ ရှိသည်။ 
ဥပမာဘိလပ်သို့ တစ်ခေါက်ပြန်မည့်ဒေါ်အောင်ဆန်းစုကြည်အား
Burma Campaign UKလိုအဖွဲ့ မျိုးတွေနှင့်ရိုဟင်ဂျာဆန့် ကျင်ရေး
အမျိုးသားရေးအုပ်စုတွေကစိတ်အားထက်သန်စွာဖြင့်စောင့်နေကြပါလိမ့်မည်။
ကျွန်ုပ်တို့ ခေတ်“ဓည၀တီအရေးတော်ပုံ”သည်“လူပုကလေးများ”အတွက်
အစမ်းစာမေးပွဲဖြစ်ပေမည့် “မနှင်းဖြူ” အတွက်မူ စာမေးပွဲကြီးဖြစ်နိုင်သည်။
မြန်မာသံတော်ဆင့်
Tuesday, June 5, 2012
ဘာသာရေး လူမျိုးရေးပြဿနာ များဖြေရှင်းကြရာတွင် --
“People are unable to forgive what they cannot punish.” 
- (a line from a textbook on international human rights)
ရခိုင်ပြည်နယ်တွင်မိန်းခလေးတစ်ဦးအားဝိုင်းဝန်း၍မုဒိမ်းကျင့်၊
လူကိုသတ်ပြီး၊ပစ္စည်းတွေပါယူသွားသောအမှုတစ်ခုဖြစ်ခဲ့သည်။
ကျူးလွန်သူများသည်လူမျိုးဘာသာခြားဖြစ်နေယုံမက
ဘက်နှစ်ဘက်ရာဇ၀င်သဘောရန်စောင်နေကြသည်မှာလည်း
လွပ်လပ်ရေးခေတ်မတိုင်မီကတည်းကဖြစ်ရာ
ယခုအမှုသည်လူမျိုးရေး၊ဘာသာရေးသဘောဆောင်လာ
ကာနောက်ရက်ပိုင်းအတွင်းပြည်နယ်၏အခြားတနေရာ၌
လက်စားချေပွဲကြီးတစ်ခုပေါ်ပေါက်လာခဲ့သည်။ 
အသက်တစ်ချောင်းအတွက်အသက်ဆယ်ချောင်းအလျော်ယူလိုက်လိုဖြစ်ခဲ့သည်။ 
ထိုမျှနှင့်မပြီးဘဲပြည်နယ်မြို့ တော်စစ်တွေတွင်ပုလိပ်ပစ်သဖြင့်လူတွေ ဒဏ်ရာရထားသောသွေးသံရဲရဲပုံများအင်တာနက်တွင်တက်လာသည်။
စစ်တွေကအဖြစ်အပျက်သည်ကျောက်နီမော်ကမုဒိမ်း၊လူသတ်မှုကြောင့်သွေးဆူနေ
သောလူအုပ်ကြီးကအခြားအမှုတစ်ခုဖြင့်ရဲစခန်းကိုတိုက်ခိုက်မှုဖြစ်သည်။
အုပ်ချုပ်ရေးဘက်ကအကိုင်အတွယ်မတတ်လျှင်
အစိုးရသည်အချောင်တရားခံဖြစ်လာနိုင်သည်။
ဖြစ်ခဲ့ဘူးသည့်သမိုင်းသာဓကလည်းရှိခဲ့သည်။
ပြဿနာတွေကြောင့်ဒုက္ခမဖြစ်၊ ဖြေရှင်းနည်းတွေကြောင့်သာဒုက္ခဖြစ်တတ်သည်။
မည်သည့်ခေတ်၊မည်သည့်အစိုးရလက်အောက်၌မဆိုလူ့ အဖွဲ့ အစည်းအတွင်း
လူအုပ်စုကြီးနှစ်ခုအဓိကရုဏ်း (communal strife) ဖြစ်လာလျှင် အုပ်ချုပ်ရေးသမားကဖြေရှင်းပေးသောနည်းသည်အောက်ပါလေးမျိုး
အနက် တစ်ခုခုသာဖြစ်နေတတ်သည်။ 
၁. နှစ်ဘက်စလုံးကျေနပ်တဲ့ဖြေရှင်းနည်း - ရှာမှရှား - မရှိသလောက်နီးပါး
၂. နှစ်ဘက်စလုံးမကျေမနပ်ဖြစ်ကျန်ရစ်တဲ့ဖြေရှင်းနည်း - အများဆုံး နှင့် အမြဲတမ်းနီးပါးဖြစ်
၃. ခံရတဲ့ဘက်ကကျေနပ်တဲ့ဖြေရှင်းနည်း - အဆုံးတွင်ခံရသူကိုယ်စားလက်စားချေပေးခြင်းဖြစ်သွားတတ်
၎. ပြုတဲ့သူဘက်ကကျေနပ်တဲ့ဖြေရှင်းနည်း - ကျူးလွန်သူသည်အုပ်စိုးသူအသိုင်းအ၀ိုင်းနှင့်  ၀င်ဆံ့နေသောအခါ 
 (ဥပမာသတင်းထောက်ကိုပါးရိုက်သောရုပ်ရှင်မင်းသမီးအားစီးကရက်တစ်ဘူးဘိုးစာမျှဒဏ်ရိုက်သောအမှုမျိုး)
ယခုပြဿနာ၏မူလဇစ်မြစ်သည်လတ်တလောအဖြစ်အပျက်များထက်
ပို၍ကျယ်ပြန့် နက်ရှိုင်းသည်။ တအုံ့ နွေးနွေးဖြစ်နေသည်မှာကြာပြီ။
လူတိုင်းပါးစပ်ကဘယ်လောက်လစ်ဘရယ်ကျနေစေကာမူကိုယ့်သွေးသားကိုထိလာလျှင်
နာတတ်သည့် လူ့ သဘာဝကိုမည်သူမှတကယ်တမ်းမလွန်မြောက်နိုင်။ 
ကိုယ်တိုင်မခံစားရသူများကိုရွှေပြည်အေးတရားဟောခြင်းခိုင်းဖြင့်လည်း မရနိုင်။
ပြစ်ဒဏ်ထိုက်သင့်သူများကိုအမြန်ဆုံးနှင့်ထိထိရောက်ရောက်ပြစ်ဒဏ်ပေးပြရမည်။ တည်ဆဲဥပဒေပြဌန်းချက်ဖြင့်လူထုခံစားချက်ကိုမပြောင်းလဲနိုင်လျှင်တရားရေးရှုဒေါင့်
 (Judicial aspect) အပြင်နိုင်ငံရေးရှုဒေါင့် (Political aspect) ကိုပါပေါင်းထည့်၍ကျေနပ်သည်အထိဆောင်ရွက်ရန်သာရှိသည်။
ယခုကိစ္စတွင်နိုင်ငံရေးရှုဒေါင့်ကိုပါထည့်သွင်းဖြေရှင်းရန်လိုအပ်မည်လား။ 
ရခိုင်လူထုကျေနပ်အောင်တစ်ခုခုကိုလျှင်လျှင်မြန်မြန်နှင့်ပြတ်ပြတ်သားသားလုပ်ပြသင့်သည်။ (အစိုးရသစ်ခေတ်တွင်ရခိုင်ပြည်နယ်သားများသည်ယခင်ကထက်ပို၍နိုင်ငံရေးနိုးကြားသည်။ မိမိတို့ ပြည်နယ်သည်ပြည်ထောင်စုအစိုးရထံမှယခုရနေသည့် အခွင့်အရေးများထက်ပို၍ ထိုက်တန်ကြောင်းကိုနည်းအမျိုးမျိုးဖြင့်ဖေါ်ပြနေကြသည်ကိုမြင်နေရသည်။) 
မြန်မာနိုင်ငံတွင်သေဒဏ်သည်ပြစ်မှုဆိုင်ရာဥပဒေ (Penal Code) 
စာအုပ်ထည်းမှာရှိသေးသော်လည်းတကယ်တမ်းမကျင့်သုံးတာကြာပြီ။
သေဒဏ်ပေးကာတကယ်တမ်းကွပ်မျက်ပစ်ခြင်းကိုအမေရိကန်ပြည်
ထောင်စုလိုအဓိကရကမ္ဘာ့ဒီမိုကရေစီခံကတုပ်နိုင်ငံကြီးများ 
တွင်ပင်လက်တွေ့ ကျင့်သုံးနေသေးသည်ဖြစ်ရာလိုအပ်ပါကလက်မတွန့် သင့်။ 
မိန်းခလေးတစ်ဦးအားဝိုင်းဝန်း၍မုဒိမ်းကျင့် - ပစ္စည်းယူ - လူကိုသတ်ဖြတ်
အားလုံးတပြိုင်တည်းပြုမူခြင်းသည်အလွန်လူမဆန်သည့်သားရဲတိရိစ္ဆာန်အပြုအမူ 
(predation) ဖြစ်သည်။ လူမျိုးမရွေး - ဘာသာမရွေး - အရွယ်မရွေးမည်သူ ကျူးလွန်သည်ဖြစ်စေခွင့်လွှတ်ထောက်ထားညှာတာနေစရာအကြောင်းမရှိ။
“မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး - သွားတစ်ချောင်းအတွက်သွားတစ်ချောင်း” 
သည်တရားမျှတမှုသဘော၏တရားကိုယ်တစ်ခုလုံးမဟုတ်သော်လည်း၎င်း၏
အစိပ်အပိုင်းတစ်ခုဖြစ်နေသည်ကားသေချာသည်။
 (‘An eye for an eye’ is not justice in its entirety. 
  But it certainly is an element of justice.)
တဘက်တွင်မဆီမဆိုင်အပြစ်မဲ့သူဆယ်ဦးကိုလူအုပ်ကြီးကသတ်ဖြတ်ခဲ့သည်ကို
လည်းလျှော်ပစ်ရန်မဟုတ်။ ဒုတိယကိစ္စအဖြစ်မမေ့လျှော့စတမ်းဆက်လက်ကိုင်
တွယ်၍တရားခံတွေရနိုင်သမျှရှာဖွေဖေါ်ထုတ်ရမည်၊ တရားစီရင်ရမည်။ 
ရာဇ၀တ်ကြောင်းတရားရေး (Criminal justice) တွင်ကျူးလွန်ခံရသူ 
(victim) သည်တရားလိုမဟုတ်။နိုင်ငံတော်သည်သာတရားလိုဖြစ်သည်။
တတိယအချက်အားဖြင့်ပြည်တွင်းရှိအစ္စလမ်ဘာသာဝင်များကကျောက်
နီမော်နှင့်တောင်ကုတ်တို့ ကလုပ်ရပ် ၂ခုစလုံးကိုရှုံ့ ချကြောင်းတရားဝင်အခမ်းနား များဖြင့်ကြေငြာသင့်ကြသည်။ ကျောက်နီမော်ကတရားခံများသည် မိမိတို့ ဘာသာဝင်ဖြစ်နေသည့်အတွက်အလွန်ရှက်မိကြကြောင်း - 
သူတို့ ၏မိသားစုများကိုယ်စား၊ တရားလို၏ မိသားစု
ကိုတောင်းပန်ကြောင်းကြေငြာသင့်သည်။
အပြန်အလှန်အားဖြင့်အပြစ်မဲ့လက်စားချေခံရသောသူများ၏
မိသားစုများကိုလည်းရခိုင်နိုင်ငံရေးခေါင်းဆောင်များက
ကိုယ်စားတောင်းပန်စကားဆိုသင့်သည်ဟုယူဆပါသည်။ ၀တ်ကြေ၀တ်ကုန်ကြေငြာချက်တွေထုတ်ကြဘို့ သာမဟုတ်။ ရွေးကောက်ပွဲ ကာလမဲဆွယ်ကြတုံးကလိုတကယ်ကွင်းဆင်းလုပ်ကြရန်လိုအပ်သည်။
မနေ့ ကဆူးလေဘုရားခြေရင်းတွင်လူတစ်ရာလောက်ဆန္ဒပြကြ၍
လူတစ်ထောင်လောက်က၀ိုင်းကြည့်နေခဲ့ကြသည်ဟုဆိုရာပြဿနာ
သည်ပြည်ထောင်စု၏ကျန်ဒေသများသို့ ကူးစက်လာနိုင်သည်။ 
ရန်ကုန်၊ မန္တလေး၊ပြည်၊ မော်လမြိုင်၊ မုံရွာ၊ တောင်ကြီး၊ မြစ်ကြီးနား၊ မေမြို့  စသည်မြို့ ကြီးတိုင်းတွင်အစ္စလန်ဘာသာဝင်တွေအများကြီး ရှိကြသည်။
မြန်မာ့အလုပ်လက်မဲ့ပြဿနာသည်တစ်ချိန်ချိန်ထပေါက်မည့်
ချိန်ကိုက်ဗုံးဟုဒေါ်အောင်ဆန်းစုကြည်ကဘန်ကောက် 
World Economic Forum တွင်ပြောသွားသည်။
ယခုဘာသာရေး၊လူမျိုးရေးအဓိကရုဏ်းဖြစ်မည့်ပြဿနာကအချိန်မရွေး
ထပေါက်မည့်တိုင်းဗုံးဖြစ်နေသဖြင့်နိုင်ငံရေးပါတီကြီးငယ်အားလုံး
တို့ မှသူမအပါအ၀င်ခေါင်းဆောင်များနှုတ်ပိတ်ခေါင်းရှောင် 
လုပ်မနေကြဘဲဝိုင်းဝန်းထိမ်းပေးရန်တာဝန်ရှိပေသည်။ 
အထူးသဖြင့်အမျိုးသမီးကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တစ်ဦးအနေဖြင့်
မိမိနေရင်းမူလတိုင်းပြည်ရှိအမျိုးသမီးငယ်ကလေးများ၏ခန္ဓာကိုယ်နှင့် ဘ၀လုံခြုံရေးအတွက်သူမကတစ်ခုခုလောက်တော့ထိထိရောက်ရောက်
စီမံဆောင်ရွက်ပေးသင့်သည်ဟုယူဆပါသည်။
တဘက်တွင်လည်း ဘင်္ဂလားနယ်စပ်က “ရိုဟင်ဂျာ” ဆိုသူများကြောင့်ပြည်တွင်းက
မြန်မာမူဆလင်တွေဒုက္ခမဖြစ်သင့်။ သူတို့ သည်ပုဂံခေတ်ကတည်းက ရှိနေခဲ့ကြ၍လွပ်လပ်သောမြန်မာနိုင်ငံတော်ကိုလက်တွဲထူထောင်ခဲ့ကြသူတွေဖြစ်သည်။ 
“ရိုဟင်ဂျာ”ဟူသည်အရင်းစစ်လိုက်လျှင်လူဝင်မှုကြီးကြပ်ရေးပြဿနာ 
(immigration question) သာဖြစ်သည်။ ဤပြဿနာမျိုးနိုင်ငံတိုင်းမှာရှိသည်။ အထူးအဆန်းမဟုတ်။
သို့ သော်လူဦးရေဖိအား (population pressure) အဆမတန်များနေသောနိုင်ငံ
တစ်ခုနှင့်ကပ်နေမိလျှက်သားဖြစ်နေယုံသာမကကိုယ်တိုင်ကလည်း
ချိနဲ့ သောတိုင်းပြည် (weak state) ဖြစ်နေသောမြန်မာနိုင်ငံတွင်ပြဿနာပိုကြီးသည်။
အကျင့်ပျက်အုပ်ချုပ်ရေးယန္တယားကိုအသုံးပြုကာခိုးဝင်လာနေကြသည်မှာရာစုနှစ်တ၀က်မကရှိနေပြီ။ 
အချိန်ကြာလာသည့်အခါလူဝင်မှု ပြဿနာ (illegal migration problem) 
ကိုနိုင်ငံရေးပြဿနာ (political question) အဖြစ်ပြောင်းလဲဘို့ အားထုတ်လာသည်။
၁၉၄၉ တွင်တစ်ကြိမ်၊ ၁၉၇၈တွင်တစ်ကြိမ်အရေးယူရသည်။ 
သို့ သော်တိုင်းပြည်ကလည်းချိနဲ့  - လူသားချင်းစာနာထောက်ထားရေး
နိုင်ငံတကာစံများ (internationally recognized norms) ကိုလည်း
လိုက်နာရသေးသည်ဖြစ်ရာအပြတ်မလုပ်နိုင်ခဲ့။
မောင်းထုတ်ပစ်ခဲ့သူများကိုပင်ပြန်လက်ခံပေးခဲ့ရသည်။
၁၉၈၈မြန်မာနိုင်ငံဒီမိုကရေစီကူးပြောင်းရေးအစဉ်ကြီးပေါ်ပေါက်လာသောအခါ
အခွင့်ကောင်းကြီးကြုံကြိုက်လေတော့သည်။ လူ့ အခွင့်အရေးခေါင်းစဉ်နှင့်ကပ်၍
နိုင်ငံရေးပြဿနာအဖြစ်ပွဲထုတ်ခွင့်ပိုရလာသည်။
တိုင်းပြည်ကိုအုပ်စိုးသော(စစ်)အစိုးရကလည်းနိုင်ငံတော်အာဏာ၌
တရားမ၀င်ဖြစ်နေခဲ့ရာဘာကိုမှထိထိ ရောက်ရောက်မလုပ်နိုင်၊
မျက်နှာစာပေါင်းစုံတွင်ခုခံရေးလုပ်နေရကာဤပြဿနာမှာ
ပြစ်ထားသလောက်နီးနီးဖြစ်ခဲ့သည်။
“ရိုဟင်ဂျာနိုင်ငံရေး” ၏အားသာချက်တစ်ခုမှာပြည်တွင်းမှာရှိဘာသာရေးတူသူတွေထံမှ
စာနာမှု (sympathy) ကို ရယူနိုင်ခြင်းဖြစ်သည်။  စင်စစ်ရိုဟင်ဂျာဆိုသူတွေနှင့်မြန်မာ မူဆလင်တွေအကြားတွင်ဘာသာရေးမှလွဲ၍ကျန်အချက်အတော်များများကွဲပြားသည်။ ပုဂံခေတ်ကတည်းကယနေ့ မြန်မာပြည်ဖြစ်လာမည့်ဒေသတွင်ရောက်နေကြ သည့်မူဆလင်များသည်အခြားဒေသခံများနှင့်ယဉ်ကျေးမှုချင်းရောယှက်
(cultural assimilation) မှုအတော်ရင့်ကျက်နေပြီးသားဖြစ်သည်။
မြန်မာမူဆလင်အတော်များများသည်မြန်မာမှု၊ စာပေ၊အနုပညာ၊ 
ဂီတ၊ ဗေဒင် ပညာမှအစတွင်လည်းမြန်မာများနှင့်တန်းတူထူးချွန်ကြသည်။
လွပ်လပ်ရေးမော်ကွန်းဝင်စသည့်တိုင်းပြု ပြည်ပြု ပုဂ္ဂိုလ် 
အများလည်းသူတို့ ထည်းမှပေါ်ထွက်ခဲ့သည်။       
သို့ သော်အာဏာရှင်စံနစ်အောက်လူဖြစ်လာကြသူမျိုးဆက်သစ်လူငယ်များသည်
 (To make us love our country, our country ought to be lovely. Edmund Burke) ဆိုသည့်အတိုင်းဖြစ်နေရာသူတို့ ကိုတဘက်သတ်အပြစ်တင်၍လည်းမဖြစ်နိုင်ချေ။ 
အထူးသဖြင့်ဗမာ/ဗုဒ္ဓဘာသာမဟုတ်သူ ပြည်တွင်းမွေး-ပြည်ပရောက်မျိုးဆက်သစ်များ
သည်သူတို့ ကိုယ်ကိုမြန်မာနိုင်ငံသားဟူသည့် identity ထက် မိမိတို့ ကိုးကွယ်ရာဘာသာ 
(ခရစ်ယန်၊ အစ္စလမ်) ဖြင့်အများအားဖြင့် identified လုပ်ကြသည်။ 
ရှစ်ဆယ့်ရှစ်မျိုးဆက် ခေါင်းဆောင်တစ်ဦးဖြစ်သူ(မြန်မာမူဆလင်)ကိုမြအေး၏ သမီးသည်အင်္ဂလန်နိုင်ငံ၌မြန်မာစစ်အစိုးရဆန့် ကျင်ရေးဆန္ဒပြရာတွင်အစ္စလမ်
ထုံးစံခေါင်းစည်း (Hijab) ၀တ်ဆင်ကာမြန်မာနိုင်ငံတော်အလံကိုမြေတွင်
ချ၍ခြေဖြင့်နင်းထားကာဆန္ဒပြခဲ့သည်။ သူမသည် U.K တွင် “ရိုဟင်ဂျာ” အရေးကိုစွမ်းစွမ်းတမန်ရှေ့ တန်းကလုပ်နေသူဖြစ်သည်။ 
သူမနှင့်အလားတူလုပ်ရပ်များကပြည်တွင်းရှိနိုင်ငံသားမြန်မာမူဆလင်
များနှင့်ရိုဟင်ဂျာများအတူတူပင်ဖြစ်ကြသည်ဟူသောအထင်မှားကိုဖြစ်စေလေသည်။ 
ယခင်အပါတ်ကအဖြစ်အပျက်သည်ရခိုင်ပြည်နယ်နေ “ရိုဟင်ဂျာ” အချို့ ၏ ရမ်းကားမှုဒဏ်ကိုပြည်တွင်းမူဆလင်တွေကအစားဝင်ခံရခြင်းဖြစ်သည်။ 
ထို့ ကြောင့်ပြည်တွင်းနေမြန်မာ မူဆလင်(အဖွဲ့ အစည်း)များသည်မိမိတို့ နှင့် ရခိုင်ပြည်နယ်နေရိုဟင်ဂျာဆိုသူများဘာမှမပါတ်သက်ကြောင်း၊ သူတို့ ၏
ရက်စက်သောလုပ်ရပ်များကိုဆန့် ကျင်ကြောင်းကြေငြာ၍ပြတ်ပြတ်သားသား
ရပ်တည်ပြရန်လည်းလိုအပ်ပါလိမ့်မည်။ 
ကိုမြအေးတစ်ဦးတည်း - ပြဿနာဖြစ်လာပြီးမှ - သူ့ ရပ်တည်ချက်
ကြေငြာပေးတာကိုလက်ခံသော်လည်း မလုံလောက်ပါ။
အစိုးရသစ်အနေနှင့်လည်းပြဿနာကိုသမရိုးကျအုပ်ချုပ်ရေးနည်းများ 
(administrative measures) ဖြင့် ဖြေရှင်း၍မရလျှင် ယခင်အစိုးရဟောင်း
လက်ထက်ကလိုစစ်တပ်ကို အားကိုးမည့်အစားလူထုခေါင်းဆောင်များ၊
ဒီမိုကရေစီခေါင်းဆောင်အဖြစ်သတ်မှတ်ခံနေရသူများနှင့်
လူမျိုးစုခေါင်းဆောင်ဆိုသူများကပါပူးပေါင်းပါဝင်၍ဖြေ 
ရှင်းပေးကြရန်အစိုးရကကမ်းလှမ်းသင့်ပါသည်။ 
လိုအပ်မည်ထင်ပါကသူတို့ အားလုံးပါဝင်သည့်
အမျိုးသားညီညွတ်ရေးကော်မတီကြီးတစ်ခုအစိုးရက 
ကမကထပြုဖွဲ့ စည်း၍ယခုကိစ္စကိုကိုင်တွယ်နိုင်သည်။
ဘာသာရေးခေါင်းဆောင်များ၊ သာသနာ့ဝန်ထမ်းများကိုတော့မထည့်သင့်ပါ။ 
[ယခုပြဿနာသည်ဘာသာရေးပဋိပက္ခသဘောဆောင်လာနိုင်သည့်အတွက်
ဘာသာရေးဝန်ထမ်းတွေပါလာလျှင်ပို၍ကောင်းဘို့  ထက်ပိုဆိုးဘို့ ကသာ၍များပါသည်။] 
နိုင်ငံရေးကိစ္စတွင်ဘာသာရေးကိုအသုံးချမိလျှင်နောင်အခါ
သူတို့ ကိုတားဆီး၍ရနိုင်လိမ့်မည်မဟုတ်ပါ။   
မြန်မာသံတော်ဆင့်
Thursday, April 26, 2012
နောက်ထပ်ကြားဖြတ် ရွေးကောက်ပွဲတစ်ခု ထပ်လုပ်ပေးဖို့ လို မလို
မြန်မာသံတော်ဆင့်
ဧပြီ ၂၆ - ၂၀၁၂
ကျမ်းကျိမ်ရာ၌ရွတ်ဆိုရမည့်စကားလုံး ကိုသဘောမတူသဖြင့်အသစ်စက်စက် NLD လွှတ်တော်ကိုယ်စားလှယ်များ မပါ ဘဲနှင့်လွှတ်တော်အစည်းအဝေးများပြန် စနေပြီဖြစ်သည်။
လိပ်ခဲတင်းလင်းဖြစ်နေဆဲပြဿနာနှင့် ပါတ်သက်၍နိုင်ငံရေးအောင်သွယ်တော် တစ်ဦးစ၊နှစ်ဦးစကသာလွှတ်တော်ထည်းမှာကောမီဒီယာပေါ်မှာပါ အစွမ်းကုန်အားထုတ်နေကြသည်။
သည်အတိုင်းဆက်သွားနေလျှင်အချိန်ကြာလာသည်နှင့် အမျှပြေလည်ရေးပို၍အလှမ်းဝေး သွားမည်ကိုတွက်ဆ၍ရနိုင်သည်။ သူ့ ဘက်ကိုယ့်ဘက်၊ဘက်လိုက်မှုများ -အထူးသဖြင့် အွန်လိုင်းမှအသားလွတ်ဆဲရေးမှုများက - လိပ်ခဲတင်းလင်းဖြစ်နေမှုကိုပိုဆိုးစေလိမ့်မည်။
CBC နှင့်အင်တာဗျူးဟောင်းတစ်ခုတွင်စာရေးဆရာမ ဟန်စုယဉ် (Han Suyin) က “နိုင်ငံရေးလုပ်ကြ ရာမှာမှားတယ်-မှန်တယ်လို့ မရှိ (There is no such thing as right or wrong in politics.) ဟုပြောဘူးသည်။ ကိုယ့်ဘက်ကကြည့်လျှင်ကိုယ်မှန်သည်ချည်း။
ယခုပြဿနာတွင် ဘက်နှစ်ဘက်တည်းထား၍ ကိုယ်ကြိုက်ရာဘက်ကရပ်တည်နေကြခြင်းဖြစ်သည်။ စင်စစ်ပြဿနာတိုင်းမှာအနည်းဆုံးဘက်သုံးဘက်ရှိသည် - သူ့ ဘက်၊ ကိုယ့်ဘက် နှင့် ပရိဿတ် ဘက်။
ယခုပြဿနာ၏တတိယဘက်သည်အခြားမဟုတ် NLD ကိုပုံအောမဲပေးခဲ့သော ၄၃ မြို့  နယ်မှမဲ ဆန္ဒရှင်များဖြစ်ကြသည်။ကြားဖြတ်ရွေးကောက်ပွဲကျင်းပရသည့်အဓိကအကြောင်းရင်းမှာသူတို့ အား
လွှတ်တော်ထည်းတွင် ကိုယ်စားပြုပေးမည့် သူများမရှိတော့၍ဖြစ်သည်။
သို့ သော်ယခုရွေးကောက်ပွဲပြီးသွားသောအခါ၌လည်းသူတို့ ခမျာဒုံရင်းအတိုင်းအမိမဲ့သားသမီးများ ဘ၀ကမတက်နိုင်ရှာကြ။၄၃ နေရာဆိုသည်မှာနိုင်ငံသေးသေး(ဥပမာတိုင်ဝမ်)တစ်ခုစာလောက်ပင်
ရှိနိုင်သည်။
မဆီမဆိုင်မဆလခေတ်တုံးကကြားခဲ့ဘူးသည့်လူပုဂ္ဂိုလ်အကျိုးစီးပွားနှင့်ပါတီအကျိုးစီးပွားနှိုင်းယှဉ်လာလျှင်ပါတီ၏အကျိုး စီးပွား၊ပါတီအကျိုးနှင့်တိုင်းပြည်အကျိုးရွေးစရာဖြစ်လာလျှင်တိုင်းပြည်
အကျိုးစီးပွား ကိုဦးစားပေးမည်ဆိုသည့်စကားတစ်ခွန်းကိုပြန်၍သတိရမိသည်။
မြန်မာ့နိုင်ငံရေးလောကတွင်တစ်ခါမျှအကောင်အထည်မပေါ်ဘူးသေးလင့်ကစား နိုင်ငံရေးကိုယ်ကျင့်တရား (political ethics) စံတစ်ခုအဖြစ်ယခင်ကအနည်းဆုံးကြားတော့ကြားဘူးခဲ့သည်။
သူ့ အကျိုးပြောရမည်ဆိုလျှင် NLD သည်တိုက်ကွက်ဖေါ်ရာတွင်အနည်းဆုံးမိမိဘက်ကလက်ခုတ်တီး အားပေးနေသော ပရိဿတ်များနှင့်တော့အတိုင်အဖေါက်ညီသင့်သည်။ ယခု Wall Street Journal, Al Jezeera, New York Times နှင့် Foreign Policy Journal တို့ ၏ရေးသားချက်များကိုဖတ်လျှင် အနောက်တိုင်းပရိဿတ်ကစိတ်ပျက်သွားတာကိုသိနိုင်သည်။
ယခု NLD လုပ်ပုံသည် “Runaway bride” လိုဖြစ်နေသည်။ အိမ်နီးနားချင်းထိုင်းသတင်းစာ Nation ကဆိုလျှင်ပေါ်ထင်ပင်လှောင်ပြောင်ထားသည်။
NLD ၏တောင်းဆိုချက်ကိုသမ္မတကမကူညီနိုင်။ စကားကလေးတစ်လုံးဖြစ်သော်လည်းပြည်ထောင်စု လွှတ်တော်တစ်ခုလုံးနှင့်သက်ဆိုင်နေသည်။ တစ်ဦးချင်းအနေနှင့်ခေါင်းရှောင်ရန်လွယ်ကူသည်။ ယခုဒေါ်အောင်ဆန်းစုကြည်ကကြံခိုင်ရေးပါတီနှင့်စစ်တပ်ခေါင်းဆောင်များနှင့်ဆက်သွယ် ၍ပြေလည်အောင်ဆောင် ရွက်သွား မည်ဟုဘီဘီစီကိုဖြေ ကြားကြောင်းသိရသည်။
NLD ကိုထောက်ခံသူများနှင့်အောင်ဆန်းစုကြည်ကိုပုဂ္ဂိုလ်ကိုးကွယ်သူများ၏ပုတ်ခတ်ရှုံ့ ချဆဲရေး သယော်လှောင်ပြောင်မှုများကိုတချိန်လုံးခံလာကြရသောထိုနိုင်ငံရေးအင်အားစုနှစ်စုကသဘော ထားကြီးနိုင်ကြပါစေဟုသာဆုတောင်းရန်ကျန်တော့သည်။
တောင်းဆိုတိုင်းပေးနေလျှင်တစ်ခုပြီးတစ်ခုဆက်၍တောင်းနေလိမ့်မည်၊ အတူတူ လက်တွဲလုပ်သွားမည့် အဓိပ္ပါယ်မထွက်ဟုသူတို့ ဘက်ကထင်မှတ်သွားနိုင်သည်။
ထို့ နောက်မှတဖန်“ဒူးတော့မထောက်နိုင်”ဟုမနေ့ ကပြောကြောင်းသတင်းထွက်လာသည်။
နောက်ဆက်တိုက်ဆိုသလိုပင် - ပြဿနာသည်အလုပ်သဘောအခက်အခဲကလေး (technical issue/question)သာဖြစ်သည် နိုင်ငံရေးပြဿနာမဟုတ်ဟုသုံးသပ်ကြောင်းသိရပြန်သည်။
နိုင်ငံရေးပြဿနာမဟုတ်လျှင်အစကတည်းကဒူးထောက်-မထောက်ရှုပ်ထွေးစရာအကြောင်းမရှိ။ ကြည့်ရသည်မှာထုံးစံအတိုင်း Plan B မရှိဘဲလုပ်ချလိုက်ပြီးမှထင်ထားသလိုဖြစ်မလာသဖြင့်ကြံရာမရ (restless) ဖြစ်နေပုံရသည်။
မည်သို့ ဖြစ်စေအချိန်နှင့်ဒီရေသည်လူကိုမစောင့်။ နိုင်ငံတော်တည်းဟူသောသင်္ဘောကြီး
(The ship of state) သည်ဆက်လက်ခုတ်မောင်းနေရမည်ဖြစ်သည်။
အမြစ်တွယ်နေသောဝန်ထမ်းယန္တယားကြီးချစားနေမှု (corruptions)၊ တစ်နိုင်ငံလုံးလျှပ်စစ် ဓါတ်အားနှင့်လောင်စာဆီမလုံလောက်မှု (energy insecurity) နှင့်ပြည်တွင်းငြိမ်းချမ်းရေး
(peace process) စသောလုပ်ငန်းကြီးတာဝန်များကိုသတိပြုမိကြမည်ဆိုလျှင်စိတ်ကြိုက်စကား လုံးကိုရွေးချယ်နေမှုသည်တာဝန်မဲ့ရာကျသည်။ အသေးစိတ်ကလေးတစ်ခုထည်းမှာနစ်ဝင်နေ တာဖြစ်သည်။ (deep in the "politics of the moment")။
ပြဿနာများကြီးကိုရင်ဆိုင်ကြရန်လွှတ်တော်များကိုသတ်မှတ်ထားသောအချိန်အတိုင်းကျင်းပ
ရမည်ဖြစ်သည်။ လွှတ်တော်အတွင်းထိုင်ခုံနေရာ ၄၃ နေရာတောင်အချိန်အကန့် အသတ်မရှိ လစ်ဟာနေလို့ လည်း မဖြစ်နိုင်ပါ။ ဒီမိုကရေစီသဘောအရထိုမဲဆန္ဒနယ်များမှပြည်သူများကို ကိုယ်စားပြုသူတွေရှိကိုရှိနေရမည်။ ၂၀၁၅ ရောက်ဖို့ သုံးနှစ်တောင်လိုသေးသည်။
ထို့ ကြောင့်ကြားဖြတ်ရွေးကောက်ပွဲနောက်တစ်ကြိမ်ထပ်လုပ်သင့်ကလုပ်ရမည်။
သည်တစ်ကြိမ်လုပ်လျှင်ယခုလိုအဖုအထစ်မျိုးကိုရှောင်နိုင်ဖို့ အသေအချာစီစဉ်ကြပါဟု
တိုက်တွန်းလိုသည်။
နိဂုံးချုပ်အားဖြင့် - အားလုံးသိကြပြီးသားဖြစ်သော်လည်းအရပ်သား၊ စစ်သား၊နိုင်ငံရေးလုပ်သူ အားလုံး၊နိုင်ငံရေးပါတီအားလုံးနှင့်နိုင်ငံရေးခေါင်းဆောင်အားလုံးကိုတစ်ခုတော့ထပ်၍တင်ပြလိုပါသည်။ ဒီမိုကရေစီစံနစ်လုပ်ကြမည်ဆိုလျှင်မည်သူမျှ ကိုယ်လိုချင်တာ/ကိုယ်ဖြစ်ချင်တာ အကုန်လုံးမရနိုင်/ မဖြစ်နိုင် - “Nobody gets everything he wants under a democracy.” ဆိုသည့်အချက် ပင်ဖြစ်ပါသည်။
မြန်မာသံတော်ဆင့်
photo credit - Facebook - 318244 -330975950291076 - Thanks for the use
Sunday, February 12, 2012
ကြားဖြတ်ရွေးကောက်ပွဲ နှင့် အောင်ဆန်းစုကြည် ကို Endorse မလုပ်နိုင်တော့သူများ
Fcebook မှာတစ်ယောက်က tagged လုပ်လိုက်လို့  “ဘာကိုပြင်မှာလဲဒေါ်အောင်ဆန်းစုကြည်” ဆိုတဲ့ ဆောင်းပါးကိုဖတ်ရတယ်။ 
ကျနော့်အမြင်ဒီစာဟာလွှတ်တော်နိုင်ငံရေး မွေးဖွားလာပြီးတဲ့အချိန်ကနေယခု အထိကာလအတွင်းလက်တွေ့ နိုင်ငံရေး(Real politics) နဲ့ ပါတ်သက်လို့ 
အတော်အသားပါတဲ့ ဆောင်းပါး တပုဒ်ဖြစ်တယ်။ ပြန်လှန်ဆွေးနွေးထိုက်တယ်လို့ ယူဆပါတယ်။
ပထမပြောချင်တာက NLD နဲ့ စစ်အစိုးရတို့ ရဲ့နိုင်ငံရေးခရီးတလျှောက်ဆက်ဆံရေး မှတ်တမ်းကိုတိုတိုတုပ်တုပ် နဲ့ တိတိကျကျခြေရာကောက်ပြထားတာချီးကျူးစရာဖြစ်ကြောင်းပါ။ 
မြန်မာဘာသာစကားနဲ့ ရေးတဲ့ဒီနိုင်ငံရေးဆောင်းပါးမှာဂရပ်ဖစ်တွေဘာတွေနဲ့ 
အထင်ကြီးလောက်စရာရှင်းလင်း တင်ပြထားတာကိုလဲတွေ့ ရတယ်။ အပင်ပမ်းခံပြီးကျိုးစားပမ်းစားလုပ်ပြထားတော့ကွက်ကွက်ကွင်းကွင်းရှိတယ်။ သို့ သော်သူပြောလိုတဲ့အချက်က (ဘယ်နည်းနဲ့ တွက်တွက် NLD သည်လွှတ်တော်ထည်းမှာလူနည်းစုဖြစ်မည်။ လွှတ်တော်တွင်းကနေ
ဥပဒေကိုပြင်မယ်ဆိုတာမဖြစ်နိုင်) ဒါတွေမပါဘဲနားမလည်လောက်အောင်တော့ မခက်ခဲလှပါဘူး။
ဆောင်းပါးရဲ့ပထမတင်ပြချက်ကတော့ NLDဟာလွှတ်တော်ထည်းမှာအတိုက်အခံဖြစ် မလာနိုင်ဘူးဆိုတဲ့ အချက်ပါ။
ဒုတိယနဲ့ အဓိကအချက်ကတော့အောင်ဆန်းစုကြည်ရဲ့ရွေးကောက်ပွဲဝင်ရေးအကြောင်းပြချက်ဖြစ်တဲ့ ‘ဖွဲ့ စည်းပုံအခြေခံဥပဒေကိုပြင်ရေး’ ဆိုတာဖြစ်နိုင်စရာမရှိလို့ ဆိုပါတယ်။ ဆက်ရေးတဲ့အသေးစိတ်တွေက လဲဒီနိဂုံးချုပ်ကိုအားဖြည့်တဲ့တွက်ချက်ပြထားတာတွေပါ။ အားကောင်းတဲ့ကောက်ချက်တွေလဲပါတယ်ပေါ့။ 
ဥပမာ -
ကောက်ချက် (၁) ကြားဖြတ်ရွေးကောက်ပွဲနိုင်လဲဒီနှစ် (၂၀၁၂) ထဲမှာတော့အိမ်မှာငုတ်တုပ်ထိုင်နေယုံက လွဲလို့ ဘာမှ လုပ်စရာမရှိ။ နောက်ကျန်သေးတဲ့ (၂၀၁၅ ခုနှစ်အထိ) သုံးနှစ်ကျတော့လဲအောက်ဖေါ်ပြပါ ကောက်ချက် (၂) ပါအတိုင်း -
ကောက်ချက် (၂) NLD နေရာအားလုံးနိုင်တောင်လွှတ်တော်ထဲမှာ ၉% ပဲရှိတယ်။ ဒါကြောင့်အတိုက်အခံ အနေအထားနဲ့ လွှတ်တော်ထည်းမှာမရပ်တည်နိုင်။ (ဘာမှထိထိရောက်ရောက်မလုပ်နိုင်)
ဆောင်းပါးရှင်က - 
ကြားဖြတ်ရွေးကောက်ပွဲအပြီး ပြည်သူ့လွှတ်တော်မှာ အန်အယ်ဒီက လစ်လပ် နေရာ ၄၀လုံးနိုင်တောင်ကြံ့ဖွံ့အမတ်တွေက ၅၀%နဲ့ ပြည်သူ့လွှတ်တော်ကို ဆက်ပြီးလွှမ်းမိုးထား ဦးမှာဖြစ်တယ်။ ဒါကြောင့် အန်အယ်ဒီ အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်လစ်လပ်နေရာ ၄၀လုံး နိုင်မယ် ဆိုရင်တောင်ပြည်သူ့လွှတ်တော်ထဲမှာ ဘာမှပြောခွင့်မရမှာသေချာနေတယ်။ ဒီအချက်ကအန်အယ်ဒီဟာ အတိုက်အခံအနေအထား နဲ့ပြည်သူ့လွှတ်တော်မှာမရပ်တည်နိုင်တာညွှန်ပြနေတယ်။”  - လို့ ဆိုပါတယ်။
ဆောင်းပါးရှင်ကသူ့ ရဲ့ကောက်ချက် (၂)  ကိုလာမဲ့ကြားဖြတ်ရွေးကောက်ပွဲအားဖြင့်ရလာမဲ့ရလဒ်တစ်ခုတည်း အပေါ်မှာအခြေပြုပြီးတွက်ပြထားတယ်။
သမိုင်းကြောင်းမပါတဲ့တက္ကိကသဘောသက်သက် (metaphysical conclusion based on speculative  and abstract reasoning) သုံးသပ်ချက်မျိုးဟာနားလည်ရလွယ်ကူတဲ့၊ ရိုးစင်းတဲ့နိဂုံးချုပ်ကိုပေးလို့ ကြိုက်တဲ့လူတွေ ရှိပါတယ်။ ဒါပေမဲ့သမိုင်းကြောင်း
(historical contexts) နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါလက်တွေ့ နဲ့  ကွာဟ နေတတ်တယ်။
ပထမဆုံးပြောချင်တာကလာမဲ့ကြားဖြတ်ရွေးကောက်ပွဲဟာနိုင်ငံရေးဖြစ်စဉ်ကြီးတစ်ခုလုံးရဲ့
လမ်းကြောင်းကို ပြောင်းလဲသွားစေမဲ့အရေးကြီးတဲ့ပွဲမဟုတ်ဘူး။ မြန်မာ့နိုင်ငံရေးကိုအလှည့်
အပြောင်းဖြစ်စေတဲ့ကိစ္စနှစ်ခုက တော့၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲတို့ သာဖြစ်တယ်။ အဲဒါတွေကပြီးသွားကြပြီ။
-        
    ၁၉၉၀ ရွေးကောက်ပွဲကခေတ်ကိုမပြောင်းလဲနိုင်ခဲ့ပေမဲ့ NLD ကိုမြန်မာကောကမ္ဘာကပါတညီတညွတ် တည်းအသိအမှတ်ပြုတဲ့အဓိကအတိုက်အခံနိုင်ငံရေးအင်အားစုအဖြစ်ကျန်စေရစ်တယ်။ (putatively national political opposition)။
-      ၂၀၁၀ ရွေးကောက်ပွဲကတော့လွှတ်တော်နိုင်ငံရေးကိုမွေးဖွားပေးခဲ့တယ်။ 
    ဒါပေမဲ့လဲမပီပြင်တဲ့ရွေး ကောက်ပွဲကနိုင်ငံရေးအတိုက်အခံအသစ်မွေးဖွားမပေးခဲ့ဘူး။
    မနှစ်ကပေါ်လာတဲ့အသစ်စက်စက်လွှတ် တော်ဟာသူ့ ဖွားဘက်တော်အဖြစ်အတိုက်အခံမယ်မယ်ရရ
 ပါ မလာခဲ့ဘူး။ အင်္ဂါမစုံတဲ့လွှတ်တော် ဖြစ်လာတယ်။ဆောင်းပါးရှင်တင်ပြထားတဲ့ပထမဂရပ်ဖစ်စက်ဝိုင်းကိုကြည့်ရင်အဲဒီလိုတကယ့်အတိုက် အခံမရှိဖြစ်နေတဲ့အချက်ကသိသာတယ်။ ရလဒ်ကတော့မပီပြင်တဲ့ဒီမိုကရေစီပေါ့။
ပီပြင်တဲ့နိုင်ငံရေးအတိုက်အခံသစ်မွေးဖွားပါမလာတဲ့အတွက်ရှိနေတဲ့ 
၁၉၉၀ ရွေးကောက်ပွဲဟောင်းအရမွေးဖွားခဲ့တဲ့နိုင်ငံရေးအတိုက်အခံဟောင်းဟာ
ဆက်ပီးတော့တရားဝင်နေတယ်။ တချိန်ထဲမှာပဲအဲဒါကလွှတ်တော်ပြင်ပ မှာရောက်နေတယ်။ ပီပြင်တဲ့ဒီမိုကရေစီဖြစ်လာဖို့ အတွက် (ဒါမှနိုင်ငံတကာကသံသယကင်းပြီးအစစအရာရာ အဆင်ပြေမှာ) ၁၉၉၀ရွေးကောက်ပွဲကမွေးထုတ်ပေးခဲ့တဲ့ NLD နဲ့ အောင်ဆန်းစုကြည်ကိုပြန်သုံးဖို့ လိုလာတယ်။ 
ဒါကြောင့်လဲဦးသန်းစိန် အစိုးရသစ်က NLD ကို (၁၉၉၀) အတိုက်အခံကိုလွှတ်တော်ထည်းဝင်လာပါလို့ ဖိတ် တာဖြစ်တယ်။ NLD မပါ ဘဲလဲလွှတ်တော်ကြီး တကယ်အပြည့်အ၀တရားဝင်နေယင်ဘယ်ဖိတ်လိမ့်မလဲ။ လက်တွေ့  မှာ NLD ရဲ့ပူးပေါင်းဆောင်ရွက်လာမှုကြောင့်သာလမ်းပြမြေပုံတစ်ခုလုံးကမ္ဘာ့အမြင်မှာပို တရားဝင်လာတာဖြစ်တယ်။
ဒါကြောင့် NLD ပါတီကအောင်ဆန်းစုကြည်တစ်ယောက်ထည်းလွှတ်တော်ထည်းရောက်သွားယင်တောင်သူမ သည်အဓိကနိုင်ငံရေးအတိုက်အခံအနေအထားမှာရှိနေလိမ့်မယ်။ ကျန်တဲ့ဒီမိုကရေစီဆက်လက်တိုးချဲ့ ရေး လွှတ်တော်တွင်းအင်အားစုတွေကသူတို့ လုပ်ချင်တာတွေကိုသူမကိုခေါင်းဆောင်ထားပြီးတိုက်မှာပဲ။ သူတို့ ပါတီ ဘောင်တွေကိုအဓိကမထားဘဲ issue by issue / ad hoc basis နဲ့ ပူးပေါင်းဆောင်ရွက်သွားကြမဲ့သဘောပေါ့။ ဒီတော့ကျနော်ရဲ့ တန်ပြန်ငြင်းခုံချက်(counter argument) ကတော့ “လွှတ်တော်ထဲကိုသာအောင်ဆန်းစုကြည် ရောက်ပါစေ၊ ဘယ်နှစ်ရာခိုင်နှုံးဖြစ်ဖြစ်နိုင်ငံရေးအတိုက်အခံလုပ်နေသူတွေရဲ့ခေါင်းဆောင်- တနည်းအားဖြင့် လုပ်ငန်းတူတွေရဲ့ အတိုက်အခံခေါင်းဆောင်ဖြစ်လာလိမ့်မယ်ဆိုတာပါဘဲ။”
လွှတ်တော်တွင်းမှာစကားပြောခွင့်ရဘို့ ဟာကိုယ်တင်မဲ့ခေါင်းစဉ်ကိုလွှတ်တော်ရဲ့ ၂၀ % ကဆွေးနွေးရန်လက္ခံ မခံအပေါ်မှာမူတည်တယ်။ ကိုယ့်ပါတီကအမတ်ဦးရေကလွှတ်တော်ရဲ့ ၂၀% မရှိယင်ဘယ်လိုလုပ်ပြီးဆွေးနွေး ဘို့ တောင်အဆိုနိုင်နိုင်မလဲလို့ ဆောင်းပါးရှင်ကမေးထားတယ်။ ဒီတွေးခေါ်ပုံဟာပါတီနိုင်ငံရေးစံနစ်အသားကျ ပြီးသား၊ပါတီလိုင်း/ဘောင်ကိုမကျော်တဲ့တိုင်းပြည်တွေမှာမှန်ပါတယ်။ နိုင်ငံရေးပါတီစံနစ်၊ လွှတ်တော်ဘာတစ်ခု မှအသားမသေသေးတဲ့ပစ္စက္ခမြန်မာနိုင်ငံမှာတော့တထစ်ချတွက်လို့ မရဘူး။ ပြီးခဲ့သမျှလွှတ်တော်အစည်းအဝေး တွေမှာပါတီဘောင်ကိုဂရုမစိုက်ဘဲကိုယ်ယုံကြည်ရာမဲပေးခဲ့တာမျိုးတွေအတော်အတန်ရှိခဲ့တယ်။ စစ်တပ်ကိုယ်စားလှယ်တွေတောင်လွပ်လပ်စွာမဲပေးတဲ့သာဓကတွေရှိနေတယ်။ နိုင်ငံရေးအပြောင်းအလဲအနယ်မထိုင်သေး တဲ့အချိန်မှာဘယ်သူမှသမိုင်းတရားခံသစ်တွေမဖြစ်လိုကြတဲ့စိတ်ထားကမိမိရဲ့ပါတီကို၊ မိမိတို့ ရဲ့တပ်မှုးကို မျက်စိ မှိတ်သစ္စာရှိရေးထက်သာနေသေးတယ်။
အင်မတန်သင့်မြတ်လျှော်ကန်ပြီးတိုင်းပြည်ကစိတ်ဝင်စားနေတဲ့ hot issue တစ်ခုခုကိုလွှတ်တော်ထည်းမှာ ဆွေးနွေးဘို့ လောက်ကိုအောင်ဆန်းစုကြည်
(လိုလွှတ်တော်ကိုယ်စားလှယ်က)အဆိုပြုတာကိုပါယ်ချမယ်ဆိုရင် ပြဿနာကြီးပါလိမ့်မယ်။ 
ဘယ်လိုလုပ်ပီးပြဿနာကြီးလာနိုင်သလဲဆိုရင် -
ဒီမိုကရေစီစံနစ်မှာ လွှတ်တော်တွင်းနိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေး ၂ခုအကြားဆက်ဆံရေးဟာဆုံလည် တံခါးဆက်ဆံရေး (revolving door relationship) ပါ။ (လွှတ်တော်ပြင်ပနိုင်ငံရေးရဲ့အဓိကတလင်းပြင်ကတော့
မီဒီယာပါ။ တခြားနိုင်ငံတွေမှာ NGO politics နဲ့  Lobby politics တွေပါ ရှိနေပေမဲ့မြန်မာနိုင်ငံမှာဒီဟာတွေ အားမကောင်းသေးဘူး)။ ဒီကနေ့ လွှတ်တော်ပြင်ပနိုင်ငံရေးမှာအပူတပြင်း ဖြစ်နေတဲ့ issues တွေဟာ
နောက်တနေ့  လွှတ်တော်ကြမ်းပြင်ပေါ်ကိုရောက်သွားနိုင်ပါတယ်။
ဒီလိုနဲ့ လွှတ်တော်ထည်းမှာရှုံးနိမ့်ခဲ့တဲ့ကိစ္စတစ်ခုဟာနောက်နေ့ တွေမှာအွန်လိုင်းစာမျက်နှာတွေ၊ တီဗီဖလ်
သားပြင်တွေ၊ လမ်းမတွေပေါ်မှာပေါ်မှာပေါက်ကွဲထွက်လာ၊ ကမ္ဘာတပါတ်-ပါတ်ပြီးနောက်တစ်ကြိမ်လွှတ်တော်
ကြမ်းပြင်ကို ပြန်ရောက်လာနိုင်ပါတယ်။ “လွှတ်တော်”နဲ “့လွှတ်တော်ပြင်ပ” အသွားအပြန်တကြိမ်နဲ့ မလုံ
လောက်ရင် အကြိမ်ကြိမ်ကူးချေသန်းချေလုပ်ပြီးတိုင်းပြည်ကလက်ခံထဲအဆင့်ကိုတနည်းနည်းနဲ့ ရောက်သွား တာပဲ။
လွှတ်တော်တွင်းနိုင်ငံရေးဆိုတာ decision making အပိုင်းပါ။ လွှတ်တောာ်ပြင်ပနိုင်ငံရေးဆိုတာ cooking up
အပိုင်းပါ။ ဒီနှစ်ခုတဆက်တည်းဖြစ်ပါတယ်။  
လွှတ်တော်ပြင်ပနိုင်ငံရေးမှာအားကောင်းပြီးသားဖြစ်နေတဲ့ NLD လိုနိုင်ငံရေးအင်အားစုတစ်ခုဟာလွှတ်တော်
ထဲမှာခြေကုတ်ကလေးရနေယုံနဲ့ တင်လွှတ်တော်ကိုလက်ဝါးကြီးအုပ်ထားနိုင်ပေမဲ့လွှတ်တော်ပြင်ပနိုင်ငံရေး
မှာသူ့ ကိုမယှဉ်သာတဲ့နိုင်ငံရေးအင်အားစုကိုကျော်လွှားပြီးမိမိရဲ့နိုင်ငံရေးအာဂျင်ဒါတွေ (political agendas) တွေကို ခရီးပေါက်အောင်လုပ်နိုင်တယ်။ ဒီလိုတကယ်ဖြစ်ဘို့ အတွက်လိုအပ်ချက် (requirement) ကတစ်ခု တည်းပါ။ တိုင်းပြည်နဲ့ လူထုရဲ့အရေးတကြီးတောင့်တချက်တွေကိုပြတ်ပြတ်သားသားကိုယ်စားပြု ပေးယုံပါဘဲ။ 
ဒီအချက်ကိုမြင်လို့ ဦးကျော်ဆန်းကစတုတ္ထမဏ္ဍိုင်(ပြည်တွင်းကော၊ပြည်ပပါ) ကိုသဲကြီးမဲကြီး စည်းရုံးနေ တာပေါ့။
တကယ်က NLDဟာအတိုက်အခံအနေနဲ့ ပြည်သူ့ လွှတ်တော်မှာမရပ်တည်နိုင်ဘူးဆိုတဲ့တွက်ချက်မှုဟာသင်္ချာ
နည်းအရ တနည်း အမတ်အရေအတွက်အရ (headcount) သာမှန်ကန်တယ်။ အရည်အချင်းအရမဟုတ်ဘူး။ ဒီသင်္ချာကလဲလာမဲ့ကြားဖြတ်ရွေးကောက်ပွဲကလေးတစ်ခုတည်းကိုသာအခြေပြုထားလို့ အတော်ဘောင်ကျဉ်း နေတယ်။
နိုင်ငံရေးလက်တွေ့ မှာ NLD/အောင်ဆန်းစုကြည်ဟာမြန်မာပြည်မှာအဓိကအတိုက်အခံ (putative national   opposition) ဖြစ်နေတာကြာပြီ။ ပြောရယင် ၁၉၈၈ ခုနှစ်ကနေ ကနေ့ အထိဖြစ်တယ်။ ဒါကိုလက်မခံချင်လို့ မရ ဘူး။ ကိုယ်ကလက်မခံလဲပြည်သူ /တိုင်းပြည်ကလက်ခံနေတာအမြင်ဘဲ။ အရပ်သားတွေကော၊ ကျောင်းသား တွေကော၊ တိုင်းရင်းသားတွေကော၊ ဘုန်းကြီးတွေကော၊ နိုင်ငံခြားတိုင်းပြည်တွေကော အားလုံး သူ့ နောက်စု ပြုံလိုက်နေကြလို့  ဒီမိုကရေစီပုံပျက်လာနေပြီလို့ တောင်အနောက်တိုင်း သတင်းစာတွေကသတိပေးယူနေရပြီ။
(Ref: In Burma, ‘Suu Kyi cult’ grows more visible as opposition leader runs for office - Gwen Robinson | Financial Times, Published: January 16 - 2012/ reprinted in Washington Post)
ကမ္ဘာ့ ခေါင်းဆောင်အသီးသီးမြန်မာပြည်လာတာအဓိကအားဖြင့်အောင်ဆန်းစုကြည်ကိုလာတွေ့ တာဖြစ်တယ်။ သူ့ ဆီကိုအစိုးရသစ်အကြောင်းသတင်းမေးလာကြတာဖြစ်တယ်။ ဒါကိုအစိုးရသစ်ကသဘောပေါက်ပုံရတယ်။ ဒါကြောင့်သူမကို(လွှတ်တော်နိုင်ငံရေး)စည်းဝိုင်းထဲကိုသွင်းဘို့ ကျိုးစားတာပဲ။ 
တကယ်ပူရမှာက သူမနဲ့ NLD ကြံ့ဖွံ့ လွှမ်းမိုးနေတဲ့လွှတ်တော်မှာအရာမရောက်ဖြစ်မှာကိုမဟုတ်ဘဲအစိုးရသစ်ကသူမဆီကလာမဲ့အန္တရယ်ကို ရှောင်ချင်လို့ သူမကိုရာထူးပေးပြီးအစိုးရအဖွဲ့ ထည်းဆွဲသွင်းလိုက်မှာကိုသာဖြစ်တယ်။
ဒါကြောင့်အောင်ဆန်းစုကြည်ကို “လူ” ကိုသော်၎င်း၊ သူမရဲ့နိုင်ငံရေးစတိုင်ကိုသော်၎င်း ခင်ဗျားတို့ ကျနော်တို့  အထင်မကြီးတာကကိစ္စတစ်ခုဖြစ်ပီး၊ အရှိ/အဖြစ်ကို အရှိ/အဖြစ်အတိုင်းလက်ခံရမှာကသီးခြားကိစ္စတစ်ခုဖြစ် နေတယ်။ ဒီတော့လာမဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ကနေသူမတစ်ယောက်ထည်းပဲအရွေးခံရတယ်ဆိုရင် တောင်အဲဒီ “တစ်” ဟာ ‘မှု’ ရမဲ့ “တစ်” ဖြစ်တယ်။ 
အမွှမ်းတင်ရာရောက်လို့ ဥပမာမပေးချင်ပေမဲ့အီစွပ်ပုံပြင်တွေ ထဲကစကားတစ်ခွန်းကိုယူသုံးရယင် “တစ်ကောင်တော့ တစ်ကောင်ထဲပဲ - ဒါပေမဲ့ ခြင်္သေ့” ဖြစ်နေတယ်။
လာမဲ့ကြားဖြတ်ရွေးကောက်ပွဲက အဲဒီ ‘တစ်’ ကိုဘုရားငယ်တစ်ဆူလိုလို၊ မင်းသမီးတစ်ပါးလိုကိုးကွယ်နေတဲ့ လူအုပ်ကြီးတွေနဲ့ နိုင်ငံရေးတဇောက်ကမ်းတွေရဲ့လက်ခုပ်ထဲကနေကယ်ထုတ်ပီးလွှတ်တော်ထည်းမှာအလုပ် လုပ်နေနှင့်ကြပီဖြစ်တဲ့လူတွေနဲ့ ချိပ်ဆက်ပေးလိမ့်မယ်။ အဲဒီအခါမှာအောင်ဆန်းစုကြည်ဟာ “လူမတတ်ပေမဲ့ -လ္ဘက်ထုပ်တတ်” တဲ့အခြေအနေမျိုးဖြစ်လာမယ်။
ဒီနောက်မှာတော့အောင်ဆန်းစုကြည်ရဲ့ရွေးကောက်ပွဲကြွေးကျော်သံ (election platform) ကိုဆောင်းပါးရှင် ကချေဖျက်တဲ့အပိုင်းပါ။ “ပြင်လို့ ရပါ့မလား” ဆိုတဲ့ခေါင်းစဉ်ငယ်အောက်မှာဒီဥပဒေကိုပဲသုံးပြီးပြင်လို့ မရနိုင်တဲ့ အကြောင်းအရှည်ကြီးရှင်းပြထားတယ်။
အသေးစိတ်ပီးကွက်ကွက်ကွင်းကွင်းတင်ပြချက်ဖြစ်နေလို့ သာမန်စာ ဖတ်သူများအဖို့ လက်မခံလို့ မဖြစ်နိုင်သလောက်ပါ။ မှန်ပါတယ်။ သူခင်းတဲ့ Analytical framework (AF) ကိုလိုက်နင်းနေမိယင်တော့ဒါဟာတကယ့်ကိုငြင်းကွက်ပျောက်နေတဲ့တင်ပြချက်ပါ။
ပိုပြီးသတိပြုသင့်တာက ဆောင်းပါးရှင်ကဘယ်အချက်ကိုပြင်စေချင်နေတာလဲဆိုတာနဲ့ ဘယ်လိုပြင်စေချင်တယ်
ဆိုတာပါ။ သူ့ စာအရ
သူပြင်စေချင်တာက = “အနာဂတ် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး”
စာဖတ်သူတွေအာရုံကိုအမိဖမ်းထားတဲ့အချက်က = အခြေခံဥပဒေကိုသုံးပီးအဲဒီဥပဒေကိုပဲပြင်တဲ့နည်း
သူ့ အဖြေက = ဒါဘယ်လိုမှမဖြစ်နိုင်ဘူး - အောင်ဆန်းစုကြည်ပြည်သူကိုလိမ်နေတာမဟုတ်ရင် -  ကိုယ်တိုင်က “တုံး” တာ (ဒီလောက်ရှင်းနေတဲ့ကိစ္စမှာ အလိမ်မိနေတာ)
စာဖတ်သူတွေရင်ထဲမှာကျန်ရစ်စေချင်တဲ့ခံစားချက်က = ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်း
ဟောင်းပေါ် (လမ်းမတွေပေါ်ပြန်တက်တဲ့နည်း
/တော်လှန်ရေးနည်း) ကလွဲလို့ တခြားမရှိ။
ပြောရမှာအားနာပေမဲ့ဒါဟာသိပ်ကို “ဗကပ” လေသံပေါက်နေတယ်။ “အောင်ဆန်းစုကြည်ကိုဝန်းရံကြ” မဟုတ်တော့ဘဲ “အောင်ဆန်းစုကြည်ကိုအတင်းကန်ချ” ဖြစ်လာနေပြီ။ အောက်မှာဖတ်ကြည့်ပါ -
အခြေခံဥပဒေ ၂၀၀၈ ကို ဒီမိုကရေစီစံနဲ့ အကဲဖြတ်မယ်ဆိုရင် အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ပါနေသမျှဒီမိုကရေစီနည်း ကျတယ်လို့ မပြောနိုင်သလို ဒီအခြေခံဥပဒေကို အခြေခံတဲ့ လွှတ်တော်နိုင်ငံရေးနဲ့သွားနေသမျှ ဒီမိုကရေစီပန်းတိုင်ကို မရောက်နိုင်တာ ထင်ရှားနေတယ်။
ဒါကြောင့် အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ကို မုချ ပြင်ဖို့လိုတယ်။ ဒီအချက်ကို ပြင်မယ်ဆိုရင်လဲ
လွှတ်တော်နိုင်ငံရေးမှာ စစ်တပ်က ၂၅% ပါဝင်ရေးကို ပြင်မှ ဖြစ်မယ်။ ”
နိုင်ငံရေးမှာ စစ်တပ်နဲ့ လက်တွဲလုပ်မှဖြစ်မယ်လို့ ဒေါ်စုယုံကြည်တယ်ဆိုရင်လဲ လွှတ်တော်နိုင်ငံရေးမှာ စစ်တပ်က ၂၅% ပါဝင်ရေးကို ပြင်စရာမလိုဆိုတဲ့ အဓိပ္ပါယ်ဆောင်သွားမယ်။ ဒါဆိုရင် အနာဂတ် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး  ဆိုတဲ့အချက်ကို လက်ခံတာနဲ့ အတူတူဖြစ်မယ်။ ဒီ mindset နဲ့သွားရင် ဒီမိုကရေစီနည်းမကျတဲ့ အခြေခံဥပဒေ ၂၀၀၈ ကိုကိုင်ပြီး ဒီမိုကရေစီပန်းတိုင်ရောက်အောင် သွားမယ်ပြောနေသလိုဖြစ်မယ်။ ဒါဆိုရင် ပြည်သူကို လိမ်ပြောသလို မျှော်လင့်ချက် တလွဲတွေ ပေးသလို ဖြစ်မယ်။
ဆောင်းပါးရှင်ကဥပဒေပြဌန်းချက်တွေ (letters of the law) အပေါ်အခြေခံပြီးသူ့ argument ကိုတည်ဆောက် ထားတယ်။ ကျနော့်အနေနဲ့ သူ့ ရဲ့အဲဒီ framework ကိုလက်မခံနိုင်ဘူး။ 
ဘာဖြစ်လို့ လဲဆိုတော့ သူ့  AF ကို လက်ခံရင်တော့သူပြောထားတဲအတိုင်း ဥပဒေကိုပြင်လို့ ရမှာမှမဟုတ်ဘဲ။ ဘောင်ကသိပ်ကျဉ်းနေ တယ်။  
ကျနော်ကစာအုပ်ထဲမှာရေးထားတဲ့စာဥပဒေ (code) ကို“ရလဒ်”လို့ မြင်တယ်။ ဖြတ်သန်းခဲ့တဲ့နိုင်ငံရေးလမ်း ကြောင်းကသာအကြောင်းရင်းပါ။ အဲဒီအထိပြန်လိုက်မှဥပဒေကိုပြင်နိုင်စရာအစကိုရှာလို့ တွေ့ မှာဖြစ်တယ်။
တကယ်ကအခုပြင်လို့ မရနိုင်ဘူးလို့ ပြောနေတဲ့အခြေခံဥပဒေဟာအခုလိုစာအုပ်ထဲကိုရောက်လာတဲ့အချိန်မှာ အတော်အသင့်အပြင်ခံခဲ့ရပြီးပါပြီ။ ၁၉၉၃ ခုနှစ်ကစပြီး ၂၀၀၇ အထိရှည်လျှားခဲ့တဲ့အမျိုးသားညီလာခံကာလ ကိုပြန်သွားကြည့်ပါ။ ဖွဲ့ စည်းပုံရေးဆွဲရာမှာအခြေခံရမဲ့မူ (၁၀၄) ချက်ထဲမှာ “နိုင်ငံတော်သမတသည်စစ်ရေး
အတွေ့ အကြုံ ရှိသူဖြစ်ရမည်” လို့ မူလကပါရှိခဲ့တာပါ။ 
ဆိုလိုတာကစစ်ဗိုလ်ချုပ်(ဟောင်း)ဖြစ်ကိုဖြစ်ရမယ်ပေါ့။ သမတရဲ့တန်ခိုးအာဏာ ကိုလဲအမေရိကန်သမတလိုအပြည့်အ၀အပ်နှင်းပေးရေးစီမံထားခဲ့တယ်။
အဲဒီအချက်အပေါ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့သပိတ်မှောက်ရေးဆုံးဖြတ်ချက်ကိုမနာခံဘဲညီလာခံကိုဆက်
အဲဒီကန့် ကွက်ချက်တွေကြောင့်“သမတသည်စစ်ရေးအတွေ့ အကြုံရှိသူဖြစ်ရမည်” ဆိုတဲ့အချက်ကနေယခုစာ ထဲမှာပါနေတဲ့အတိုင်း “စစ်ရေးအမြင်ရှိသူဖြစ်ရမည်” သို့ ပြောင်းလိုက်တာဖြစ်တယ်။ တစ်ချိန်ချိန်မှာအရပ်သား ကလဲသမတဖြစ်နိုင်လာပြီမို့ မူလကစီစဉ်ထားတဲ့သမတကိုရက်ရက်ရောရောအပ်နှင်းမဲ့
အာဏာတွေကိုလဲပြန်လျှော့ချဘို့ ဆွေးနွေးတာတွေလဲအထိုက်အလျှောက်အောင်မြင်
သွားတယ်ပေါ့။ ဒီလိုနဲ့  ၂၀၀၈ မှာပြည်သူ့ ထံ ဆန္ဒခံယူလိုက်တဲ့ဥပဒေမူကြမ်းဟာသမတကိစ္စမှာ မူလကစစ်တပ်ကမှန်းထားတာကိုအတော်အတန်ရေဆေးချ
ခံထားရတဲ့မူ (watered down version) ဖြစ်လာတယ်။ 
အဲဒီလောက်အတိုင်းအတာအောင်မြင်ရရှိချက်ကို NLD ကညီလာခံကိုသပိတ်မှောက်ထွက်သွားပြီးတဲ့နောက်မှ ကျန်ကိုယ်စားလှယ်တွေကကြိုးစားခဲ့တာပါ။
ဆောင်းပါးပါအမျိုးသားညီလာခံတက်အချိုးအစားပြ ဂရပ်ဖစ် (၂) အရဆိုယင်သူတို့ စုစုပေါင်းဟာအမျိုးသားညီလာခံတစ်ခုလုံးရဲ့ ၁၀% သာရှိတော့တယ်။ ဒီဆယ်ရာခိုင်နှုံးကပဲ ကျန်တဲ့စစ်သားနဲ့ ကြံ့ဖွံ့ ၂ မျိုးပေါင်း ၇၈% နဲ့ ဆွေးနွေးငြင်းခုံပြီးဆိုခဲ့တဲ့ပြင်ဆင်မှုကိုလုပ်နိုင်ခဲ့တာဖြစ်တယ်။
ကျနော်ဟာ ၂၀၀၆ ခုနှစ်အတွင်းကအမျိုးသားညီလာခံတက်နေကြဆဲ ကြံ့ဖွံ့ နဲ့ တစညမဟုတ်တဲ့ အရပ်သား လွှတ်တော်ကိုယ်စားလှယ်ဆယ်ဦးလောက်နဲ့ လေးငါးကြိမ်တွေ့ ပြီးမေးမြန်းစုံစမ်းခဲ့ဘူးတယ်။ သူတို့ အထည်း မှာတိုင်းရင်းသားကိုယ်စားလှယ် (ချင်း၊ကချင်၊ကရင်၊ရခိုင်၊တအောင်းပလောင်) တွေလဲပါတယ်။ မှတ်မှတ်ရရ သူတို့ အားလုံးတညီတညွတ်တည်းပြောတတ်ကြတဲ့အချက်တစ်ခုရှိတယ်။ အဲဒါကတခြားမဟုတ်ဘူးအမျိုးသား ညီလာခံထည်းမှာစစ်ဗိုလ်တွေနဲ့ ဆက်ဆံရတာ - အတူတွဲအလုပ်လုပ်ရတာနဂိုထင်ထားတာနဲ့ တခြားစီဖြစ်ပီး
အဆင်ပြေ၊ နားလည်မှုရှိပြီးလေးစားမှုလဲရှိကြတဲ့အကြောင်း။ ဒီအချက်ဟာတစ်ဦးတည်းကပြောတာမဟုတ် သူတို့ အားလုံးကပြောနေကြလို့ သာကျနော်လက်ခံတာဖြစ်တယ်။
အဲဒါဘာကြောင့်လဲ၊ စစ်ဗိုလ်တွေကတမင်ဟန်ဆောင်ပီးကောင်းပြနေကြတာလားလို့ လဲမေးကြည့်ခဲ့ဘူးတယ်။
ဒီအခါမှာသူတို့ အားလုံးကဘဲအဲသလိုမဟုတ်တဲ့အကြောင်းနှစ်တွေနဲ့ ချီပြီးကြာသွားတဲ့အဲဒီညီလာခံမှာ လက်ပွန်းတတီးတွဲလုပ်ကြရင်းအရင်ကသူ့ တို့ မှာရှိနေကြတဲ့စစ်သားကြောက်ရောဂါဘယ်လိုပျောက်
သွားမှန်းမသိလိုက် သလို စစ်ဗိုလ်တွေဘက်ကလဲမူလကအရပ်သားတွေကိုအထင်အမြင်သေးတဲ့၊ မယုံကြည်တဲ့အမြင်တွေပျောက်ကုန်ကာဘက်နှစ်ဘက်အင်မတန်ရင်းနှီးအဆင်ပြေလာကြတာလို့ ဖြေကြတယ်။
သူတို့ ပြောတဲ့အချက်တွေအနက်တခြားအရေးကြီးတဲ့နောက်တစ်ချက်ကသာမန်သူသူကိုယ်ကိုယ်ထင်နေကြ သလိုစစ်ဘက်နဲ့ အရပ်ဘက်နိုင်ငံရေးအမြင်ဘာမှမတူဘူးဆိုတာမဟုတ်ဘဲ၊ တူတာတွေလဲအများကြီးရှိနေတာ ကိုအခုလိုတွဲလုပ်ကြည့် မှအချင်းချင်းအပြန်အလှန်ရှာဖွေတွေ့ ရှိသွားကြတာဆိုတဲ့အချက်ပဲ။
အမျိုးသားပြန်လည်ရင်ကြားစေ့ရေးရဲ့သော့ချက်ဟာ “ယုံကြည်မှုတည်ဆောက်ရေး” ဖြစ်တယ်။ အဲသလိုဖြစ်ပေါ် လာဘို့ ဆိုတာ အလုပ်အတူတူတွဲလုပ်ကြည့်မှဖြစ်လာနိုင်တယ်။ အမျိုးသားညီလာခံကာလကစခဲ့ဘူးတဲ့အလုပ်တွဲလုပ်ရင်းစခဲ့တဲ့ယုံကြည်မှုတည်ဆောက်ရေးဟာ
အခုလွှတ်တော်နိုင်ငံရေးမွေးဖွားလာချိန်မှာပြန်ဆက်မိတယ် လို့ ပြောလို့ ရတယ်။ 
ဒီလိုပြောတဲ့အတွက်လွှတ်တော်တွင်းမှာတပ်က ၂၅% ထည့်ထားတာဟာအဲဒီရည်ရွယ်ချက်အရဖြစ်တယ်လို့ ဆို ချင်တာမဟုတ်ဘူး။ အဲဒါထက်စစ်တပ်ရဲ့အကျိုးစီးပွားကိုကာကွယ်ဘို့ ထည့်ထားတာဆိုတဲ့အချက်ကသာပိုယုတ္တိ ရှိပီး၊ ပိုဖြစ်နိုင်ပါတယ်။ သို့ တိုင်အောင်လဲရေရှည်အလုပ်တွဲလုပ်ကြယင်းအပြန်အလှန်လေးစားမှုတွေဖြစ်ပေါ်၊ သံသယ တွေနည်းပါးသွားပြီးယုံကြည်မှုပါတည်ဆောက်မိရက်သားဖြစ်လာနိုင်တယ်ဆိုတာကလဲ
ဒုတိယ မြောက်ယုတ္တိတန်တဲ့အချက်ပါ။ သက်သေကတော့ခုနတင်ပြခဲ့တဲ့အမျိုးသားညီလာခံအတွေ့ အကြုံပါ။
ယ္ခုလွှတ်တော်ထည်းကိုစေလွှတ်လိုက်တဲ့တပ်ကိုယ်စားလှယ်တွေဟာအရင်တစ်ခေတ်တုံးက
လိုတပ်မှာသုံးမရ တော့လို့ အရပ်ဘက် (ဘီအီးဒီစီတို့ ၊ ကုန်းလမ်းပို့ ဆောင်ရေးအာတီစီ စတဲ့ဌာနတွေ) ကိုပို့ လိုက်တဲ့ပင်စင်နား နီး diehard ကြီးတွေမဟုတ်ဘဲမျိုးဆက်သစ်ခေတ်ပညာတတ်အရာရှိငယ်တွေဖြစ်နေတယ်။ 
သူတို့ ဟာလွှတ် တော်ထည်းမှာမဲပေးတဲ့ အချိန်ကလွဲလို့ များသောအားဖြင့်အရပ်သားကိုယ်စားလှယ်တွေဆွေးနွေးနေကြတာ တွေကိုဝင်မရှုပ်ဘဲနားထောင်နေကြတယ်။ဘာနဲ့ တူသလဲဆိုတော့အရပ်သားတွေဆီကဒီမိုကရေစီနိုင်ငံရေးလုပ်နည်းကိုလက်တွေ့ လာသင်တန်းတက်နေကြသလိုဘဲ (internship)။ ဒါဟာလက်တွေ့ မှာကောင်းတဲ့အချက်ပဲ။
ရေရှည်မှာနိုင်ငံရေးသမားတွေကိုအထင်သေးတဲ့စိတ်တွေပျောက်လာမယ်၊ ကိုယ်တိုင်အရပ်သားစိတ် ၀င်လာ မယ် (Civilianized)။ လျှို့ ဝှက်မဲပေးခွင့်ရတဲ့အခါတိုင်းကိုယ်ယုံကြည်ရာကိုပဲလွပ်လွပ်လပ်လပ်မဲပေးမိကြ လိမ့်မယ်။ ဒီလွှတ်တော်ကနေစစ်ဘက်အရပ်ဘက်ယုံကြည်မှုတည်ဆောက်ရေးကိုသူ့ ဖာသာအရှိန်နှုံးတစ်ခုနဲ့
လုပ်နေလိမ့်မယ်။ ဒီအမြင်အရဆိုယင်တပ်စေလွှတ်တဲ့ ၂၅% ဆိုတာ တပ်ကသူ့ အကျိုးအတွက်လွှတ်ထားတာ ဖြစ်နိုင်ပေမဲ့သူ့ အကျိုးထက်ကိုယ့်အကျိုးက
ပိုဖြစ်ထွန်းနေတယ်။
သို့ သော်ဘာဘဲပြောပြောလွှတ်တော်ထဲကိုရွေးကောက်ပွဲနည်းနဲ့ မဟုတ်ဘဲဝင်ထိုင်ပီးမဲပေးနေတဲ့ကိစ္စဟာ
ဒီမိုကရေစီကိုပြောင်လှောင်နေတာသာဖြစ်လို့ ထာဝရတော့မဖြစ်သင့်ဘူး၊ ပြင်ကိုပြင်ရမယ်ဆိုတာကိုလက္ခံတယ်။ သဘောတူတယ်။
ပြဿနာက ဘယ်အချိန်မှာလဲ၊ ဘယ်လိုလုပ်မလဲ။ အောင်ဆန်းစုကြည်ကိုဆောင်းပါးရှင်ကမေးပြီး သူ့ ဖါသာသူ ပြန်ဖြေပြကာ သူမကိုသိက္ခာချတဲ့ မေးခွန်းကဒါပဲ။ 
အခြေခံဥပဒေထဲမှာပုဒ်မပေါင်းတစ်ရာလောက်နဲ့ အသေပိတ်ဆို့ ထားတာဟာ အိမ်ရှေ့ တံခါးမကြီးကိုအခိုင်အမာ အသေပိတ်ထားတာမျိုးဖြစ်တယ်။ အဲဒါကိုပဲ “ကွက်“ ကြည့်ပြီး “၀င်လို့ မရဘူး” လို့ ထိုင်အော်နေတာဟာအကြံ ကုန်နေတာမဟုတ်ရင်အခြားရည်ရွယ်ချက်တစ်ခုခုကြောင့်သာဖြစ်ပါလိမ့်မယ်။
လက်တွေ့ မှာအိမ်ထဲကိုမဖြစ်မနေ၀င်ရမယ်၊အိမ်ရှေ့ တံခါးမကြီးကလဲဖွင့်မရဘူးဆို
ယင်ပြူတင်းပေါက်တို့ မလွယ် ပေါက်တို့ ကနေကျိုးစားကြည့်ဖို့ ကိုခြောက်တန်းကျောင်းသား
ကလေးများတောင်သိကြပါတယ်။
ဥပဒေဆိုတာလူကလုပ်ထားတာဖြစ်တယ်။ မြန်မာနိုင်ငံလိုပုဂ္ဂိုလ်ကိုးကွယ်မှု (cult of personality) သိပ်အား ကောင်းတဲ့ political culture မှာ “လူကိုခင်ယင် မူကိုပြင်တယ်။ လူကိုမုန်းယင် မူကိုသုံးတယ်” ဆိုတာ public life ကိုတကယ်မောင်းနှင်နေတဲ့ဥပဒေသကြီးဖြစ်နေတယ်။ 
ဆိုလိုတာက “ဥပဒေကအဓိကမဟုတ်သေးဘူး၊ လူကအဓိက” ဖြစ်နေသေးတယ်။ (ဒါဟာဒီမိုကရေစီဝါဒနဲ့ ဆန့် ကျင်ပေမဲ့လောလောဆယ်တော့ ဒီမိုကရေစီ အတွက် “ခုတုံး” (stepping stone) အဖြစ်အသုံးဝင်တယ်။ ဒီမိုကရေစီဖြစ်ပြီးယင်တော့ဘုရားပြီး ငြမ်းဖျက် လုပ်ပစ်ရမှာဖြစ်တယ်။) ဒါကြောင့်ကျနော့်ချဉ်းကပ်နည်း (approaching method) ကလူလူချင်းဆက် ဆံရေးကိုပိုအာရုံ စိုက်တယ်။ focus လုပ်တယ်။ ဒါကိုကျနော်ရဲ့ AF ထည်းမှာထည့်ပြီးသုံးစွဲတယ်။
ဒါကြောင့်ဥပဒေတစ်ခုခုကိုပြင်ချင်ယင် - ဘယ်လောက်ကြီးတဲ့ဥပဒေပဲဖြစ်ဖြစ် -
နိုင်ငံရေးလောကသား အချင်း ချင်းလူပုဂ္ဂိုလ်ခင်လာအောင်လုပ်ဘို့  - ယုံကြည်မှုရလာအောင်အရင်တည်ဆောက်ဖို့ ကအချက်အချာပဲ။ 
ဒီလိုသာဆိုယင်လွှတ်တော်ထဲမှာ“အစိမ်းရောင်”တွေရောက်နေတာကိုကာလအတိုင်းအတာ
တစ်ခုအတွင်းကြို တောင်ကြိုဆိုသင့်တယ်။ သူတို့ ရှိမနေယင်တောင် လာကြည့်ကြစမ်းပါဗျာလို့ ဖိတ်ရမဲ့သဘောဖြစ်နေတယ်။
ဆက်ဖတ်ကြည့်ရအောင် -
 “၂၅% စစ်ဗိုလ်အမတ်တွေ လွှတ်တော်ထဲ ထားရတဲ့ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက် (Hidden agenda) က စစ်ခေါင်းဆောင်ပိုင်းကို တရားစွဲပြီး ဒုက္ခပေးနိုင်တဲ့ ပုဒ်မတွေပါတဲ့ ၉၅ ခုကို အရပ်သား အမတ်တွေရာသက်ပန် မပြင်နိုင်အောင် ကန့်ကွက်ဘို့အတွက် စနစ်တကျ သင်္ချာနည်းနဲ့  တွက်ပီး လွှတ်တော်ထဲမှာ ထဲ့ထားတာဖြစ် တယ်လို့ တထစ်ချ ပြောနိုင်ပါတယ်။
ဒီ ပုဒ်မ ၉၅ ခုကိုသာ ပြင်နိုင်ရင် စစ်ခေါင်းဆောင်တွေ တချိန်က ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို တရားစွဲခွင့်ရ သွားမှာဖြစ်ပါတယ်။ ဒါကြောင့်လဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပုဒ်မ ၉၅ ခုနဲ့ သူတို့ စစ်ခေါင်းဆောင်တွေရဲ့ အနာဂတ်ကို ကာကွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပုဒ်မတွေ ပြင်မဲ့သူမှန်သမျှ စစ်တပ်ရဲ့ ရန်သူဖြစ်မှာသေချာနေတယ်။ ဒေါ်စုဟာ စစ်တပ်ရဲ့ ရန်သူဖြစ်အောင်ကြိုးစားမဲ့ အနေအထားရှိသလား။ စစ်တပ်ကို စည်းရုံးနိုင်စွမ်းရှိသလားဆို တာဆန်းစစ်သင့်တယ်။”
အောင်ဆန်းစုကြည်ဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် ပြင်ဖို့ အားထုတ်နေတာတွေကအဲဒီဘက်မျက်နှာစာ
(အတိပ်) ကိုမဟုတ်ပါဘူး။ ပြန်ပြင်လို့ မရတော့တဲ့အတိပ်ကို စတိလောက်ကလေးဖြစ်ဖြစ်မရမနေပြင်ယူပြီး (ဆိုလိုတာက စစ်ခေါင်းဆောင်တွေ တချိန်က ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို တရားစွဲတာ) စိတ်ကျေနပ်မှုရှာမဲ့အစား ပစ္စုပ္ပန် နဲ့ အနာဂါတ်မှာ ဒီမိုကရေစီပီပြင် လာရင် ဒါမျိုးတွေထပ်မဖြစ်တော့မှာမို့ ပစ္စုပ္ပန်နဲ့ အနာဂါတ်နှစ်ခုကို အာရုံထား ပြီးပြင်မှာဖြစ်ပါတယ်။ ဒါကေယ်ဘူယ်အေျဖပါ။
ရာဇ၀တ်မှုဆိုတာတွေကိုအောင်ဆန်းစုကြည်က ကာယကံရှင်တွေကိုယ်စားခွင့်လွှတ်လို့ မရသလို အပြစ်ပေးလို့  လဲမရပါ။ သူ့ အလုပ်လဲမဟုတ်ပါ။  မြန်မာပြည်မှာအဲဒီလုပ်နိုင်တဲ့အချိန်တစ်ချိန်ရှိလာမယ်ဆိုယင်လဲ အဲဒီလူတွေ လူ့ ပြည်မှာမရှိ တော့ တာကြာပြီ ဖြစ်နေလိမ့်မယ်။ ဒီကိစ္စမျိုးတွေဟာ တရားစွဲ တရားစီရင်တဲ့အလုပ်နဲ့ အသက် မွေးတဲ့လူတွေနဲ့ NGO တွေမှတပါး တခြားဘယ်သူမှ အကျိုးမရှိပါဘူး။ မလုပ်သင့်တော့ဘူးလို့ ပြောတာမဟုတ်၊ ကိုယ့်အလုပ်မဟုတ်ဘူးလို့ သာဆိုလိုတာဖြစ်တယ်။ 
အဲဒီအထည်းကိုအောင်ဆန်းစုကြည်ကိုဖြစ်ဖြစ် - အခြား အရပ်သားနိုင်ငံရေးသမားဘယ်သူ့ ကိုမဆို ဆွဲသွင်းတာဟာ မရိုးသား တာပဲ။
သမိုင်းကိုနည်းနည်းခြေရာပြန်ကောက်ကြည့်ပါ။ ဗိုလ်ချုပ်အောင်ဆန်းဗိသုကာဖြစ်ခဲ့တဲ့ 
မူလ ၁၉၄၇ ခုနှစ်ဖွဲ့  စည်းပုံအခြေခံ ဥပဒေမှာတောင်တန်းဒေသတွေကို ဆယ်နှစ်ကြာယင်ပြည်ထောင်စုကနေခွဲထွက်ပိုင်ခွင့် ပေးထားခဲ့ပါတယ်။
“ဒါပေမဲ့သူတို့ ကို ပြည်ထောင်စုကြီးထည်းကနေခွဲထွက်မသွားချင်အောင်လုပ်ရမှာက ကျနော်တို့ တာဝန်” (ဗမာတွေရဲ့ အလုပ်) လို့ လဲသူကပြောခဲ့ပါတယ် ။ (စကားလုံးအတိအကျမဟုတ်ရင်ခွင့်လွှတ်ပါ - မြန်မာသံတော်ဆင့်)
အခုလဲဒီအတိုင်းပါဘဲ -  စစ်တပ်ကလွှတ်တော်ထည်းမှာ ၂၅% နေရာယူထားတာကိုသူတို့ ဖာသာ
သူတို့  ရုပ် သိမ်းသွားချင် လာတဲ့အထိအရပ်သားနိုင်ငံရေးသမားတွေကအလုပ်လုပ်ပြရမှာဖြစ်နေတယ်။ အရည်အချင်း တွေတိုးတက်လာနေတာကို သက်သေပြနိုင်ရမှာဖြစ်တယ်။ သူ့ တို့ အထင်ကြီးလာ၊ လေးစားလာအောင်နေပြ ၊ လုပ်ပြနိုင်ရမှာဖြစ်တယ်။ ခေါင်းဆောင် ပြနိုင်ရမှာဖြစ်တယ်။
ပြန်ပြင်လို့ မရ တော့တဲ့ ဖြစ်ခဲ့သမျှတွေအတွက်သူတို့ ကိုသမိုင်းတရားခံလုပ် - သူတို့ ခေါင်းပေါ်ချည်းပုံချတာမျိုး မလုပ်တော့ဘူးလို့ ယုံကြည်စိတ်ချလာတဲ့တနေ့ မှာ 
လွှတ်တော်ထည်းက ၂၅% ကိစ္စဟာတမနက်ထည်းမှာတင် အပြတ်ဖြတ်လို့ ရတဲ့ကိစ္စမျိုးပါ။ 
၁၉၉ ခုနှစ်တုံးကကျနော်နားထောင်ခွင့်ရလိုက်တဲ့ ဗြိတိသျှစာရေးဆရာမာတင်စမစ် (Martin Smith) ကို ဦးတင်မောင်ဝင်း (ခေတ်ပြိုင်) မေးခဲ့တဲ့အင်တာဗျူးတိပ်ခွေထည်းမှာမာတင်စမစ်က - မြန်မာ့အရေး မှာ “neither side is totally right or totally wrong. Neither side has the monopoly of truth and righteousness.” လို့ ပြောခဲ့တယ်။
ဒါကြောင့် အဓိကအချက်ကတော့ယုံကြည်မှု (ဆက်လက်) တည်ဆောက်ရေးဘဲ။ အပြန်အလှန်ယုံကြည်လာ ကြဘို့ ဆိုတာ ကလည်းအခုလုပ်နေတဲ့အတိုင်း အလုပ်တွေအတူတူပူးတွဲလုပ်နေတဲ့နည်း ထက်ပိုကောင်း တာမရှိဘူး။ ဒါဟာ တစ်ဘက်နဲ့  တစ်ဘက်အပြန်အလှန် mutually constructive engagement ပဲ။
[၁၉၈၈ တုံးကဦးနုက “လက်စားမချေနဲ့  သင်ပုန်းချေ”  ဆိုပြီး ချေ - ၂ - ချေ မူနဲ့ စစ်တပ်ကိုစည်းရုံးခဲ့ဘူး ပါတယ်။ မရခဲ့ပါဘူး၊ မရခဲ့ရတဲ့အကြောင်းကစစ်တပ်ကဦးနုကို မယုံတာ မဟုတ်ဘူး။  ဗရုသုက္ခတွေ အကြားမှာအဲဒါကို လက်တွေ့ ဖြစ်အောင်လုပ်နိုင်၊ မလုပ်နိုင်ဆိုတဲ့ဦးနုရဲ့အစွမ်းအစကိုမယုံရဲ တာဖြစ်တယ်။]
သမိုင်းလက်တွေ့ အရ ခုအချိန်ဟာ အများကြီးပြောင်းလဲလာတယ်ဆိုရင်လဲဟုတ်တယ်။ အများကြီးဘဲ ပြောင်းလဲဘို့ တွေ ကျန်နေသေးတယ်ဆိုတာလဲမှန်တယ်။   
အမှန်ဆုံးအချက်တော့အခုပြောင်းလဲသမျှတွေဟာ - ကိုယ်ကတိုက်ယူလို့ ဆိုတာ ထက်စစ်တပ်ကိုယ်တိုင်ကပြောင်းလဲချင်လာလို့ လမ်းဖွင့်ပေးလာလို့ ဖြစ်တယ်။  
သူ့ ဘက်ကကို politically enlightened ဖြစ်လာတယ်။
အခုအောင်ဆန်းစုကြည်ရဲ့အစိုးရသစ်နဲ့ လက်တွဲဆောင်ရွက်ရေးအစီအစဉ်ကိုဆောင်းပါးရှင်က
သဘောမတွေ့ ပါဘူး။ ဒါ ကြောင့်သူမရဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်ရေး နဲ့  သူမရဲ့ဥပဒေကိုပြင်မယ်ဆိုတဲ့ယျေဘူယျ ပြောဟောချက် ၂ခုကို အမိ အရကိုင်ပြီးထွက်ပေါက်မပေးစတမ်းဝေဘန်တိုက်ခိုက်ထားတယ်။
ခုလောလောဆယ်သူမနဲ့ စစ်တပ်အကြားယုံကြည်မှုတည်ဆောက်ရေးအစဉ်ကြီးတစ်ခု
ကိုဖြတ်သန်းနေတာကို အသိအမှတ် မပြုဘူး။ 
တသက်လုံးကမ္ဘာရန်ဖြစ်လာပြီးအခုမှစတင်ပြေလည်ခါစစစ်တပ်အပေါ်မိမိရဲ့အဆုံးစွန် စိတ်ကူး ကဘာဆိုတာကိုခုအချိန်ကတည်းကထုတ်ပြောထားဘို့ ဆိုတာကတော့နိုင်ငံရေးအရ သေတွင်းပို့  တာပါ။ ၁၉၉၀ ရွေးကောက်ပွဲပြီးစအချိန်က ဦးကြည်မောင်ရဲ့ Nuremberg ဆိုတဲ့စကားလုံးကလေး တစ်လုံးကို ‘out of the context’ နားလည်လိုက်မိကြလို့ မြန်မာ့နိုင်ငံရေး ခရီးဘယ်လောက်ကောက်ကွေ့ သွားခဲ့သလဲ။ 
ဒါကြောင့် ပရိဿတ်တစ်ဦးအနေနဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေးအစဉ် ချောချောမွေ့ မွေ့  နဲ့  အပြည့်အ၀ ဖြစ်ရေးအတွက်ကိုယ်မြင်ချင်တာကိုကွက်ကြည့်ပီး၊ ကိုယ်လိုချင်တဲ့အဖြေကိုပဲတွက်ပြတဲ့သင်္ချာနည်းအစား၊ ပိုကျယ်ပြန့် တဲ့သမိုင်းအမြင်၊
လူပဓာနအမြင် (Human agency aspect) တွေနဲ့ ချဉ်းကပ် မှဖြစ်မယ်လို့  ယူဆပါတယ်။ 
ခုအချိန်မှာအောင်ဆန်းစုကြည်ဟာလွှတ်တော်တွင်းဝင်ပြီး ဥပဒေကိုတကယ်ပြင်ဘို့  လုပ်ငန်းမစရသေးပါဘူး။ သူမကိုသက်သေပြခွင့်အချိန်တစ်ချိန်ပေးရပါဦးမယ်။ အာဏာရှင်စံနစ်ကြီးရှိနေ သေးတယ်လို့ တိုင်းပြည်က ယုံကြည်နေသေးသမျှသူမရဲ့ ရာဇ၀င်ပေးအခဏ်းကဏ္ဍရှိနေသေးတယ်၊ မကုန်သေးဘူး။
သတိပေးချင်တာကတောသမတလင်ကွန်းကိုးကားဘူးတဲ Dutch farmer metaphor အတိုင်း - (ချောင်းကိုဖြတ်ကူးနေတုံး) ရေလည်ခေါင်မှာလှည်းကိုမြင်းလဲတပ်တာအန္တရယ်ကြီးတယ်။
(“
It is dangerous to change horses midstream.”) ဆိုတဲ့ အကြောင်းပါဘဲ။
မြန်မာသံတော်ဆင့်
February 10, 2012