Sunday, January 20, 2013
စာရေးဆရာကျော်ဝင်း သို့ ပြန်လှန်ဆွေးနွေးချက်
အင်းစိန်တောရကျောင်းနေဘက်ကိုကျော်ဝင်းရဲ့ “ ပြည်တွင်းငြိမ်းချမ်းရေးတွးမိသည်များ” ဆိုတဲ့စာကိုဖတ်လိုက်ရတယ်။ ကိုယ်အသက်ရှင်နေခိုက် ပြောသင့်ပြောထိုက်တဲ့စကားကိုတာဝန်ကျေစွာပြော
တာကျေးဇူးတင်စရာ ကောင်းတယ်။
ဒါ့အပြင်အတိုက်အခိုက်တွေ - အစွဲအလမ်းတွေများတဲ့ - ကိုယ်ကြည်ညိုတဲ့လူ ကိုဆတ်ဆတ်ထိမခံတတ်တဲ့ မြန်မာနိုင်ငံရေးလောကသား အားလုံးနားခံသာ အောင်သူ့ ကိုယ်ပိုင်ဟန်လေသံပြော့ပြော့ကလေးနဲ့ ကျွမ်းကျင်စွာ
တင်ပြထားတာတွေ့ ရတယ်။
ပြော့ပြောင်းရမယ်၊ ညက်ညောရမယ်။ မောက်မောက်မာမာပြောလဲဒီစကား - ချိုချိုသာသာပြောလဲဒီစကားဆိုတဲ့အဆုံးအမကိုကျော်ဝင်းလိုက်နာနိုင်တာကို အပြည့်အ၀မဟုတ်ပေမဲ့ကျနော်အတုယူပါတယ်။
မြေချစ်သူရဲ့ - “ငါ့အသဲကို ခွဲကြည့်ပါ - လူထုဝါဒ - မျက်လွှာချ၍ 
- ဂီတဖွဲ့ တာတွေ့ လိမ့်မယ်” ဆိုတဲ့ ကဗျာတစ်ပုဒ်လိုပေါ့။
စာရှည်လို့ နှစ်ပိုင်းခွဲတင်ပြထားတဲ့သူ့ စာရဲ့ပထမပိုင်းကိုဆွေးနွေးစရာသိပ်မရှိပါ။ လွပ်လပ်ရေးခေတ်နိုင်ငံရေးနဲ့ မရင်းနှီးတဲ့လူငယ်စာဖတ်သူတွေကိုသမိုင်း
 ကြောင်းအကြမ်းဖျင်းခင်းပြတဲ့သဘောလို့ ယူဆပါတယ်။ လိုအပ်ပါတယ်။
ဒီနေရာမှာ ‘တရားသေ၀ါဒအန္တရယ်’နှင့် ‘စကားလုံးတစ္ဆေ’ လို့ ကိုကျော်ဝင်းက အသေးစိတ် ၂မျိုးခွဲပြတဲ့အချက်ကိုတော့ကျနော်ကစစ်ပြီးခေတ်ကွန်မြူနစ်ဝါဒ ရဲ့ သြဇာလွှမ်းမိုးမှုလို့ ပဲတစ်မျိုးတည်းပေါင်းပြီးသုံးသပ်ချင်ပါတယ်။
ပြောချင်တာကတော့ဒုတိယကမ္ဘာစစ်ကြီးပြီးစခေတ်ကကိုလိုနီနိုင်ငံဟောင်းတွေ
မှာနိုင်ငံရေးနိုးကြားနေတဲ့လူတိုင်းဟာမာ့က်စ်ဝါဒရဲ့သြဇာလွှမ်းမိုးမှု အောက်မှာရှိနေ
ခဲ့ကြတယ်ဆိုတာပါ။ မြန်မာပြည်မှာလဲဒီအတိုင်းပါဘဲ။
ကမ္ဘာစစ်ကြီးကြောင့်စစ်တိုက်တဲ့အတွေ့ အကြုံလဲရ၊ လက်နက်တွေကလည်း လက်ထည်းကျန်ခဲ့တဲ့လူတွေကိုသဘောတရားအရအဆုံးစွန်တော်လှန်ရေး ကျတဲ့သဘောတရားဖြစ်တဲ့ကွန်မြူနစ်ဝါဒကလဲအဆင်သင့်သွေးထိုးလှုံ့ ဆော် ပေးနေတယ်။ အဲဒီဝါဒအရပြည်တွင်းစစ်ဆိုတာလူတန်းစားတိုက်ပွဲလို့ ခံယူ ကြတယ် - တိုက်ပွဲဝင်ရမယ်- တိုက်ရာမှာလဲလက်နက်ကိုင်တော်လှန်ရေး လုပ်မှမာက့်စ်ဝါဒီစစ်တယ်လို့ ဖြစ်ခဲ့တယ်။ အဲဒီခေတ်ကအချင်းချင်းအကြားမှာမာ့က်စ်ဝါဒီမစစ်ဘူးလို့ သတ်မှတ်ခံရယင်
ဖအေမပေါ်ဘဲမွေးတဲ့ခလေးလို့  သတ်မှတ်ခံရတာထက်ပိုနာတတ်ကြတယ်။
‘ကိုလိုနီတပိုင်း၊ ပဒေသရာဇ်တပိုင်းတိုင်းပြည်’ တို့  ‘နိုင်ငံရေးအရလွပ်လပ်ပေ မဲ့စီးပွားရေးအရမလွပ်လပ်ဘူး’ဆိုတာတို့ ဟာအဲဒီခေတ်နိုင်ငံရေးသမားတွေ
 မြန်မာနိုင်ငံကိုအကဲဖြတ်သုံးသပ်ခဲ့တဲ့စကားလုံးတွေဖြစ်တယ်။
ဒါကြောင့်ဦးနုအစိုးရကဘယ်လောက်ပဲချော့ချော့ကွန်မြူနစ်ပါတီနှစ်ခုစလုံး ဘက်ကတင်းမာတဲ့သဘောထားရှိခဲ့တယ်။ ဦးသိန်းဖေမြင့်လိုလူ 
ဦးချမ်းအေး (မောင်စူးစမ်း)  လိုလူတွေကိုအသေအလဲမုန်းတယ်။ 
အထင်သေးကြတယ်။ ဘရောက်ဒါဝါဒီ (Earl Browder/ CPUSA) လို့ ပုတ်ခတ်ကြတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကျတော့တမျိုးဖြစ်နေတယ်။ သူတို့  အမြင်မှာအမျိုးသားလွတ်မြောက်ရေးစခန်းဆင့်ဟာဗမာလူများစုကြီးအတွက်သာပြီး
ဆုံးသွားတယ်သူတို့ အတွက်ကမပြီးသေးဘူး။ ဗမာတွေလက်အောက် ကလွတ်ဖို့ 
လုပ်ရဦးမှာဖြစ်နေတယ်။ သူတို့ ကိုလဲလက်နက်ကိုင်တော်လှန်ရေး နည်းနဲ့ လုပ်မှမှန်ကန်တယ်အားလုံးကလို့ ခံယူကြအောင်စစ်ပြီးခေတ်ဗမာ မာ့က်စ်ဝါဒီတွေကပဲသင်ကြားပေးခဲ့ကြတယ်။ ကနေ့ အထိ - ရခိုင်လွတ်
 မြောက်ရေး(ပါတီ) - မွန်ပြည်သစ်(ပါတီ) - ကချင်လွပ်လပ်ရေး(အဖွဲ့ ) ဆိုတဲ့ အမည်တွေသူတို့ ရဲ့နိုင်ငံရေးပါတီဆိုင်းဘုတ်တွေမှာဒီသဘောအထင်အရှားရှိနေသေး
တာကိုတွေ့ နိုင်ပါတယ်။
ဒီလိုအခြေအနေမှာဦးနေ၀င်းရဲ့အာဏာရှင်စံနစ်ကြီးဖြတ်ဝင်လာတော့ပိုဆိုး သွားခဲ့တယ်။ ၁၉၄၉ နောက်ပိုင်းကစပီးတကယ်ခွဲထွက်နိုင်ကြတဲ့ရုပ်အင်အား မရှိကြပေမဲ့ခွဲထွက်ရေး ဆိုတဲ့စကားလုံးနဲ့ ပြည်ထောင်စုဝါဒီတွေ (Unionists) ကိုတော့ချောက်လှန့် နိုင်ခဲ့တယ်။ 
နောက်တစ်ချက်ကတော့ ၁၉၆၃ ခုနှစ်မှသည်ကနေ့ အထိအမျိုးသားစည်းလုံး ညီညွတ်ရေးကိုစစ်ရေး၊နိုင်ငံရေးနှစ်နည်းစလုံးနဲ့ အဓိကဆက်တိုက်အားထုတ်နေတဲ့
သူကတပ်မတော်ဖြစ်နေတယ်။
တပ်မတော်ဟာသူ့ ပင်ကိုအနေအထားအရပြည်တွင်းစစ်မှာကိုယ်တိုင်ပါဝင်
နေတဲ့ဘက်တစ်ဘက်ဖြစ်နေတယ်။ (a party to the conflict) ဒါကြောင့်ယုံ ကြည်မှုတည်ဆောက်ရေးဟာခက်ခဲတယ်။(ဦးခင်ညွန့် လက်ထက်အထိုက်
အလျှောက်လမ်းစပွင့်ခဲ့တာကိုထည့်ပြောမနေတော့ပါ။) ဒီတော့ပြဿနာကို တပ် မတော်ကဦးဆောင်လုပ်ကိုင်နေသမျှအပြီးသပ်ဖြေရှင်းနိုင်
ဘို့ ဖြစ်နိုင်ခြေ နည်း တယ်လို့ ဆိုရမှာပေါ့။
အလျှဉ်းသင့်လို့ ပဋိပက္ခဖြေရှင်းရေး (conflict resolution) ကိုဘာသာရပ် တစ်ခုလိုသဘောထားပြီးအရှင်းဆုံးနည်းလမ်း (methodology) တစ်ခုတည် ဆောက်ကြည့်မယ်ဆိုရင်ဒီလိုဖြစ်လိမ့်လို့ မယ်ထင်ပါတယ်။
[Issue –> agency (practitioner) –> structure –> process -> (desired) end result]
အရပ်စကားနဲ့ ပြောရယင် -> ပြဿနာကဘာလဲ -> ဘယ်သူကရှင်းပေး မှာလဲ -> ဘယ်မူဘောင်ထဲကနေရှင်းမလဲ -> ဘယ်လိုအဆင့်ဆင့်ရှင်းမလဲ ->  ဖြစ်ချင်တဲ့ကရလဒ်ကဘာလဲစသည်ဖြင့်ပေါ့။
ပထမဦးစွာ issue identification မှာပထမကိစ္စကပြဿနာရဲ့ မူလဇစ်မြစ်က နိုင်ငံရေးလား - အုပ်ချုပ်ရေးလား - စီးပွားရေးလားဆိုတာကို အရင်ဖေါ်ထုတ် ဘို့ ပါ။ နိုင်ငံရေးဇစ်မြစ်ကဆိုရင် (ဒီမိုကရေစီ နိုင်ငံမှာ)ပါလီမန်တို့ လွှတ်တော် တို့ ကိုလွှဲရမှာပါ၊ 
အုပ်ချုပ်ရေးဇစ်မြစ်ကဆိုရင် တော့အစိုးရတို့ တပ်မတော် တို့ ကိုတိုက်ရိုက်လွှဲသင့်တယ်။ တပ်မတော်ကိုလွှဲတဲ့ အခါမှာအရပ်ဘက်အာ ဏာကိုကူညီ (aid to civil power) တဲ့အဖြစ်နဲ့ သာပါဝင်သင့်တယ်လို့  မြင်ပါတယ်။
ပြည်တွင်းစစ်တွေဟာနိုင်ငံရေးဇစ်မြစ်ကြောင့်ဖြစ်တာများပြီးနိုင်ငံချင်းစစ်၊ နိုငံ အများစစ်(ကမ္ဘာစစ်)တွေကတော့စီးပွားရေးဇစ်မြစ်ကြောင့်ဖြစ်တာများတယ်။
ဒုတိယအချက်အနေနဲ့ ကတော့ပြဿနာထည်းမှာတူညီတာနဲ့ ကွဲပြားတဲ့နေ ရာတွေ 
ကျနော်တို့ မျိုးဆက်ရဲ့အသက်တွေထက်ကြီးတဲ့ပြည်တွင်းစစ်ရဲ့အခုလက်ရှိ အခြေအနေမှာ - တူတာတွေကဘာလဲ - မတူတာတွေက ဘာတွေလဲ -
ကိုကျော်ဝင်းပြောသလိုပါဘဲလက်တွေ့ မကျတဲ့ခွဲထွက်ရေးကိုဗမာမဟုတ်တဲ့တိုင်း
ရင်းသားတွေကစွန့် လွှတ်ခဲ့တာကြာပါပြီ။ တရားဝင်နဲ့ အစောဆုံးအား ဖြင့်၁၉၈၉ ခုနှစ်ကတည်းကဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ဖေဖါဝါရီလ ၁၂ရက်နေ့  မှာဝင်္ဂဘာလမ်းဗိုလ်မှုးအောင်ရဲ့ခြံဝင်းအတွင်းမှာကျင်းပတဲ့ပြည်ထောင်စုနေ့ အခမ်းအနားမှာ ‘ခွဲထွက်ရေးကိုစွန့် လွှတ်ကြောင်းပြည့်ဝတဲ့ဖက်ဒရယ်မူကိုလို ချင်’ကြောင်း
လက်နက်ကိုင်တိုင်းရင်းသားများရဲ့ (အဲဒီတုံးကအကြီးဆုံး) မဟာ မိတ်အဖွဲ့ အစည်းကြီးဆီကသူသတင်းကောင်းရထားပြီ - ဒါကြောင့်မို့ (န၀တ) အစိုးရကဆန္ဒရှိယင်သူ့ ကိုတာဝန်ပေးပါ၊အကောင်အထည်ပေါ်အောင်
သူလုပ်ပေးပါ့မယ်လို့ ဝန်ကြီးချုပ်ဟောင်းဦးနုပြောသွားတာကျနော်ကြားခဲ့ရဘူးတယ်။
လက်နက်ကိုင်သည်ဖြစ်စေမကိုင်သည်ဖြစ်စေတိုင်းရင်းသားအားလုံးဘက်က အတူတူနိုင်နေပါတယ်ဆိုတဲ့သဘောထားဟာအဲဒီကနေ အခုအထိအထိမ ပြောင်းလဲဘဲတသမတ်တည်းရှိနေတယ်လို့ ပြောလို့ ရပါတယ်။ 
ကနေ့ ဝမ်ပေါင်ကချင်နိုင်ငံထူထောင်ရေးကြွေးကျော်နေတဲ့ဂမ်ရှောင် -ဂွမ် မော်တို့ ဟာကချင်နိုင်ငံရေးခေါင်းဆောင်တွေမဟုတ်ပါဘူး၊ စစ်သားတွေပါ။ သူတို့ စကားကိုအတည်ယူလို့ မရပါဘူး။ သူတို့ ပြောနေတဲ့ဗမာဆန့် ကျင်ရေး တွေ၊ သီးခြားနိုင်ငံထူထောင်ရေး၊ ဘုရားသခင့်အကူအညီဆိုတာတွေဟာ သူတို့ ရင်ဆိုင်နေရတဲ့စစ်ရေးဖိအားအပေါ်ခံစားချက်နဲ့ ပြောနေတာဖြစ်တယ်။ စိတ်ထည်းကပါလို့ ယုံကြည်ချက်အရပြောတာလို့ မယူဆနိုင်ဘူး။]
ဒါဖြင့်တရားဝင်တာကဘာလဲဆိုရင် ၁၉၉၄ ကနေ့  ၂၀၀၄ အထိ ဆယ်နှစ် ကျော်အမျိုးသားညီလာခံကိုအစအဆုံးတက်ပြီးနိုင်ငံရေးပူးပေါင်းဆောင် ရွက်ခဲ့တဲ့ကေအိုင်အေရဲ့အပြုသဘောလုပ်ရပ်ပါ။ အတူတူနေကြမယ်ဆိုတဲ့ တူညီချက်ပါ။ 
အဲဒီတုံးကကေအိုင်အေဟာတခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း
တွေရဲ့တလျှောက်လုံးလေးစားမှုတွေကိုအဆုံးရှူံးခံပြီးတန်ဘိုးကြီးကြီး ပေးခဲ့တာဖြစ်တယ်။
ဒါ့ကြောင့်ကနေ့ တိုက်နေကြတဲ့ဘက်နှစ်ဘက်ဟာလက်ရှိတဘက်နဲ့ တဘက်  ‘နာစရာ’တွေအပြန်အလှန်လုပ်နေပီဆိုယင်တောင်သိပ်မကြာလှသေးတဲ့အ တိပ်က ‘လွမ်းစရာ’ကလေးကိုပြန်သတိရဖို့ ကြကောင်းတယ်။ တစ်ချိန်တုံးက တူညီခဲ့တဲ့အချက်ဟာအခုလဲတူညီနေဆဲပါဘဲ။
အခြားတဘက်မှာတော့မတူညီတဲ့အချက် (difference) ကဘာဖြစ်မလဲ -
မတူညီချက်ကဘာတွေဖြစ်မလဲဆိုတဲ့ကိစ္စကတော့ကျယ်ဝန်းတယ်။ ၂၀၀၈ အခြေခံဥပဒေသစ်ဟာမြန်မာပြည်မှာရှိတဲ့လူတိုင်းလောက်နီးပါးရဲ့မကျေနပ်မှု
အကြီးဆုံးအနှစ်သာရတစ်ခုဖြစ်တဲ့နိုင်ငံရေးအာဏာဖြန့် ဝေပေးမှုမှာ (decentralization of political power) ဖြစ်သင့်သလောက်မဖြစ်သေးဘူး။ ဗဟိုအစိုးရကိုဗမာလူများစုရဲ့အစိုးရလို့ မြင်နေကြတယ်။ ဒီအချက်တွေဟာ ပဋိပက္ခပါအခြားတဘက်ကပြင်ချင်တဲ့ဆန္ဒလို့ ယျေဘူယျပြောရပါမယ်။
တိုင်းရင်းသားများဘက်ကတင်ပြတဲ့ပြည်ထောင်စုမူတွေအနက်ဥပဒေဘောင်တွင်း ၁၉၆၁ ခုနှစ် (တောင်ကြီး/ရှမ်းမူ /ဖက်ဒရယ်မူ) ဟာအပီပြင်ဆုံးဖြစ်မယ် လို့ ထင်ပါတယ်။ ဒီမူကို ကိုကျော်ဝင်းရဲ့စာထည်းမှာဖတ်လိုက်ရပါတယ်။ ဆွေး နွေးချက်ရဲ့နိဂုံးကျမှထပ်သုံးသပ်ပါဦးမယ်။ ခုလောလောဆယ်တော့ဒုတိယ အချက်ဆီကိုဆက်သွားပါမယ်။
ဒုတိယဖြစ်တဲ့ဘယ်သူ(Practitioner)ကရှင်းပေးမလဲဆိုတဲ့အချက်ကျတော့ပိုအရေးကြီးတယ်။အခြေအနေအရပြည်တွင်းစစ်မှာကိုယ်တိုင်ပါနေရတဲ့တပ်မ တော်ကပဲဖြေရှင်းသူလုပ်နေတာဟာယုံကြည်မှုတည်ဆောက်ရေးခက်ခဲစေ တယ်လို့ ကျနော်မြင်ပါတယ်။ ဖြစ်သင့်တာကပြဿနာရဲ့အပြင်ဘက်က တတိယအုပ်စု (Third party) ကဖြေရှင်းပေးသူကိုအသုံးပြုသင့်ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာစစ်ပြုရေးမပြုရေးကိုလွှတ်တော်ကြီးထည်းမှာအကျယ် တ၀င့်အကျိပ်အနယ်ဆွေးနွေးအဖြေရှာကြပြီးတဲ့နောက်လုံခြုံရေး(သို့ မဟုတ်)
တတိယအချက်ဖြစ်တဲ့မူဘောင် (Sturcture) ကိစ္စမှာလဲဖွဲ့ စည်းပုံအခြေခံဥပဒေသစ် ကိုပဲရည်ညွှန်းပြီး ပြည်တွင်းစစ်အပါအ၀င်ယခင်အစိုးရဟောင်းကကိုင် တွယ်ခဲ့သမျှနိုင်ငံရေးပြဿနာတွေကိုလွှတ်တော်သို့ မဟုတ် အစိုးရသစ်သို့  လွှဲပြောင်းပေးပြီးကိုင်တွယ်စေသင့်ပါတယ်။
နောက်ကြောင်းပြန်ပြောရယင်အဲဒီလိုနားလည်မှုမျိုးနဲ့ အစိုးရသစ်တက်စက
တိုင်းပြည်နဲ့ လူထုဟာစံနစ်သစ်အရပြည်တွင်းငြိမ်းချမ်းရေးပြဿနာကိုဘယ်လို
ကိုင်တွယ်မလဲဆိုတာကိုစိတ်ဝင်တစားစောင့်မျှော်နေခဲ့ကြတယ်။
အမျိုးသားညီလာခံမှာကော၊ အခြေခံဥပဒေသစ်ရေးဆွဲရေးကော်မရှင်မှာပါ 
ပါဝင်ခဲ့တဲ့စာရေးဆရာ - သတင်းစာဆရာတက္ကသိုလ်မြတ်သူက “အခြေခံဥပ ဒေသစ်အရစံနစ်သစ်မှာသမတကြီးကဇာတ်လိုက်ဖြစ်လာမှာပေါ့ကွာ” လို့  ကျနော့်ကိုပြောဘူးတယ်။ သူတကယ်ယုံကြည်လို့ ပြောခဲ့တဲ့လေသံနဲ့ ပါ။
 ဒါပေမဲ့တကယ်ဖြစ်လာတာကတပ်မတော်ကသာယခင်နအဖအစိုးရလုပ်ခဲ့တဲ့ Border Guard Forces အသွင်ပြောင်းရေးကိုအရင်လုပ်လက်စအတိုင်းဆက် လုပ်သွားတာကိုတွေ့ ရတယ်။
BGF ဟာမူအရတော့သဘာဝကျပီးလက်ခံနိုင်လောက်တဲ့အစီအစဉ်ပါ။ ဒါကြောင့်လဲလျှောလျှောလျှူလျှူလက်ခံတဲ့အဖွဲ့ တွေရှိတာပေါ့။ သို့ ပေမဲ့ လမ်းပြမြေပုံကာလတလျှောက်လုံးပူးပေါင်းဆောင်ရွက်မှုပေးခဲ့တဲ့ကေအိုင်
 အေခေါင်းဆောင်ဟောင်းမနန်တူးဂျာနဲ့ အဖွဲ့ ကို ၂၀၁၀ ရွေးကောက်ပွဲမှာ (ယခင်နအဖအစိုးရက)နိုင်ငံရေးပါတီထောင်ခွင့်၊ရွေးကောက်ပွဲဝင်ခွင့်မပေးခဲ့ ပါဘူး။ ဘာကြောင့်ဆိုတာကိုလဲနအဖအစိုးရကထုတ်မပြောဘူး။
ကေအိုင်အေကခွဲထွက်လာတဲ့တခြားအဖွဲ့ တွေကခေါင်းဆောင်တွေကိုတော့လျှောလျှော
လျှူလျှူပါတီထောင်ခွင့်ရွေးကောက်ပွဲဝင်ခွင့်တွေပေးခဲ့တယ်။ အဲဒီကတည်း ကကေအိုင်အေကိုနိုင်ငံရေးစစ်ရေးအရသင်္ကာမကင်းဖြစ်နေပီဆိုရင်တောင်  - ဥပဒေဘောင်အတွင်းကောအပြင်ပါလှေနံနှစ်ဘက်နင်းဗျူဟာခင်းချင်တာ လို့ ထင်ရင်တောင်အဲဒါကိုသဘောထားကြီးကြီးနဲ့ သီးခံခွင့်ပြုခဲ့သင့်တယ်။
အဲဒီတုံးကသာဒေါက်တာတူးဂျာတို့ ကိုအခြားသူများနည်းတူနိုင်ငံရေးပါတီထောင်ခွင့်
၊ရွေးကောက်ပွဲဝင်ခွင့်ပေးလိုက်ရင်ကေအိုင်အေဟာ BGF ကိုခု လောက်တော့တင်းမာနေမှာမဟုတ်ဘူးလို့ ကျနော်ယုံကြည်နေမိတယ်။
ကျန်တဲ့အဖြစ်အပျက်တွေကတော့အားလုံးမျက်မြင်ပါဘဲ။ ကျနော်ရဲ့ပုဂ္ဂလိက အမြင်အရဆိုယင်ယုံကြည်မှုတည်ဆောက်ရေးမှာအင်အားကြီးတဲ့ဘက်က
စပြီးသဘောထားကြီးပြ-တန်ဘိုးပေးပြဘို့ လိုအပ်တယ်လို့ ဆိုချင်ပါတယ်။ (ဒါတွေကတော့အခုမရှိတော့ပြီဖြစ်တဲ့နအဖအစိုးရလုပ်ရပ်ကိုဝေဘန်တာပါ။)
issue, practitioner, structure တို့ အပေါ်မူတည်နေတယ်။   
ဒါပေမဲ့လဲထုံးစံအ တိုင်း communication, delegation, venue, negotiation, 
pressure, compromise အစရှိတဲ့လုပ်ငန်းအဆင့်တွေပဲမဖြစ်မနေပါ လာကြမှာပါ။
အချက်နံပါတ်(၅) အဖြစ်တပ်မတော်ရဲ့ရည်မှန်းချက်ကကိုကျော်ဝင်းရဲ့ စကား အရ ‘တိုင်းပြည်တပြည်မှာတပ်မတော်တစ်ခုတည်းသာရှိရမည်’ ဆိုတဲ့မူ (principle) ဖြစ်မယ်ထင်ပါတယ်။
အုပ်ချုပ်မှုအောက်မှာလက်နက်ကိုင်အဖွဲ့ အစည်းအားလုံးစု စည်းပြီးစံနစ်တကျရှိရမယ် (All armed groups must be remodeled to become a unified national defense system and be under the single command structure of the central government) လို့ နားလည်ပါတယ်။
ဒီသဘောဟာသဘာဝကျပြီးနိုင်ငံတိုင်းကျင့်သုံးနေတာမို့ မြန်မာပြည်အတွက်လဲဖြစ်
သင့်တယ်လို့ မူအရလက်ခံပါတယ်။ သို့ သော်ဒီရည်မှန်းချက်ကိုကောင် အထည်ဖေါ်ရာမှာတော့အခုပြောင်းလဲသွားတဲ့နိုင်ငံရေးအခင်းအကျင်းသစ်အရ
လွှတ်တော်/အစိုးရတစ်ခုခုကဦးစီးပြီးလုပ်သင့်ပါတယ်။ [ယခင်နအဖ လက် ထက်တုံးကစစ်တပ်ကပဲအစိုးရဖြစ်နေလို့ တပ်မတော်ကပဲအားထုတ်ခဲ့တာ သဘာဝကျပါတယ်။]
အခုကေအိုင်အေနဲ့ ဖြစ်တဲ့စစ်ကိုတခြားတိုင်းရင်းသားတွေကလဲစိတ်ဝင်တစား
 စောင့်ကြည့်နေကြပါလိမ့်မယ်။ ဒါကြောင့်မော်စီတုံးကိုးကားဘူးတဲ့တရုပ်အရပ် သားစကားတစ်ခွန်းလို “မျောက်(တွေ)ကြောက်သွားအောင်ကြက်ကိုသတ်ပြ နေတာ” (Kills the chicken to scare the monkey) ပါလို့ သဘောပိုက် သွားကြယင်ယုံကြည်မှုတည်ဆောက်ရေးတွေပိုပြီးလက်ဝင်လာနိုင်ပါတယ်။
အခုဆိုယင်ကချင်စစ်ပွဲဟာနိဂုံးချုပ်ကာနီးလာပြီ။ စိတ်သက်သာရာရစရာ တစ်ခုကတော့တပ်မတော်ဟာကေအိုင်အေနဲ့ စစ်ပြန်တိုက်ရာမှာ
ကန့် သတ် စစ်ပွဲသဘောတိုက်နေတာဘဲ။ ကချင်လူမျိုးတွေရဲ့အမျိုးသားရေး
ဇာတိမာန် (national pride) ကိုချိုးဖဲ့ပစ် (humiliate) ရာမရောက်အောင်လိုင်ဇာကို သိမ်းနိုင်ရင်တောင်မသိမ်းပိုက်ဘဲချန်ထားသင့်ပါတယ်။ ကြည့်ရတာဒီအတိုင်း ပဲလုပ်မဲ့သဘောလို့ ထင်ပါတယ်။
အခုနိဂုံးချုပ်အနေနဲ့ ပြည်တွင်းစစ်အဆုံးသပ်ရေး၊ အမျိုးသားစည်းလုံးညီ ညွတ်ရေးအတွက်မဖြစ်မနေဆိုက်ရောက်ရမဲ့နောက်ဆုံးဘူတာဖြစ်မဲ့အပြင် ဒီမိုကရေစီရဲ့တစ်ဘက်စာမျက်နှာလည်းဖြစ်တဲ့ဖက်ဒရယ်စံနစ်အတွက်ဗမာ
မဟုတ်တဲ့တိုင်းရင်းသားတွေ (ဗမာတွေလဲတိုင်းရင်းသားဖြစ်သည်ကို
တစ်စက္ကန့် မျှမေ့မထားရ) ရဲ့ model တစ်ခုဖြစ်တဲ့တောင်ကြီးရှမ်းမူကိုကြည့် ရအောင်။ ဒါကလဲကိုကျော်ဝင်းဖေါ်ပြထားတဲ့အပေါ်မှာသာသုံးသပ်ကြည့် မှာဖြစ်ပါတယ်။ ရှမ်းမူအပြည့်အစုံကိုရှာဖွေမနေတော့ပါဘူး။ ရှည်နေမှာစိုးလို့ ။
ကိုကျော်ဝင်းကပင်လုံနဲ့ နှိုင်းယှဉ်ရင်တောင်ကြီးမှာချမှတ်ခဲ့တဲ့ရှမ်းမူ ကပိုပြီး inclusive ဖြစ်ကြောင်းပြောတယ်။ မှန်ပါတယ်။  
“လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇ ဥပဒေ) မှာပြည်ထောင်စုမူဟုဆို သော်လည်းလက်တွေ့တွင်တစ်ပြည်တောင်
သဘောဖြစ်နေ၍ပြည်ောင်စု မူစင်စစ်ဖြစ်စေရန်၊ ပြန်လည်ပြင်ဆင်ရေးဆွဲရန် အဆိုပြုခြင်းသာဖြစ်ပါသည်။” ဒါလဲမှန်ပါတယ်။ ဒီနောက် -
ဖက်ဒရယ်မူက၊ အဆိုပြုခဲ့သောအရေးကြီးသည့် မူအချို့မှာ-
၁။ ဗမာပြည်နယ်ဖွဲစည်းရေး (ရှစ်ပြည်နယ်မူ)
၂။ အထက်လွှတ်တော် (လူမျိုးစုလွှတ်တော်) သို့ ပြည်နယ်တိုင်းမှ၊ တူညီသောကိုယ်စားလှယ်အရေအတွက်စေလွှတ်ရေး။
၃။ လူမျိုးစုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် (အထက်နှင့်အောက်လွှတ်တော်) ကိုအာဏာတူပေးရေး။
၎။ ဗဟိုအစိုးရ (ပြည်တောင်စုအစိုးရ) ကိုအောက်ပါဌာနများလွှဲအပ်ပြီး၊ ကျန်ရှိသော အာဏာနှင့် လုပ်ပိုင်ခွင့်များကို ပြည်နယ်များသို့လွှဲအပ်ရေး
-       နိုင်ငံခြားဆက်သွယ်ရေး
-       ကာကွယ်ရေး
-       ဘဏ္ဍာရေး
-       ငွေဒင်္ဂါးနှင့် ငွေစက္ကူထုတ်ဝေရေး
-       စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး
-       ရထား၊ လေကြောင်း၊ ရေကြောင်းဆက်သွယ်ရေး
-       တရားစီရင်ရေး
-       ပင်လယ်ဆိပ်ကမ်းခွန်ကောက်ရေး
၅။ ပြည်ထောင်စုဘဏ္ဍာတော်မျှတစွာခွဲဝေရေးတို့ ဖြစ်ပါသည်။” လို့ တင်ပြပါ တယ်။
ဒီအချက်တွေကိုကြည့်ရင်နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးမှအပဗဟိုအစိုးရကို အပ်နှင်းမဲ့အချက်တွေဟာ infrastructure (physical, legal, fiscal) သ ဘောသက်ဝင်နေတဲ့ဘက်တွေ မှာသာဖြစ်တယ်။
ဒီမူအရဗဟိုအစိုးရရဲ့အာဏာကန့် သတ်ဘို့ ကျိုးစားခဲ့တာပေါ်လွင်နေပြီးအ ထက်ဖေါ်ပြပါကိစ္စတွေကလွဲလို့ ကျန်တဲ့အုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့အာဏာအား လုံး 
(Residual powers) ကိုပြည်နယ်အစိုးရတွေကသာရယူကျင့်သုံးချင်တဲ့ သဘောပါ။
သို့ သော်ရှမ်းမူရဲ့ပထမနဲ့ အရေးအကြီးဆုံးအချက်လို့ အဲဒီတုံးကပြောရမဲ့ ဗမာ
တိုင်းပြည်အုပ်ချုပ်ရေးလွယ်ကူအောင် ပြည်နယ်ဖြစ်စေအခြားအခေါ်အဝေါ် နဲ့ ဖြစ်စေဒေသန္တရများပိုင်းခြားသတ်မှတ်ရာမှာလူမျိုးကိုစွဲပြီးသတ်မှတ်တာမျိုး အမည်ပေးတာဟာပြဿနာရှိတတ်တယ်။ ဒီမိုကရေစီနိုင်ငံတစ်ရပ်မှာလူမျိုး ဟာအခြေခံကျတဲ့ယူနစ်မဟုတ်ဘူး။ တစ်ဦးချင်းဖြစ်တဲ့နိုင်ငံသား (individual citizens) များကသာအခြေခံအကျဆုံးယူနစ်တွေ (primary units)ဖြစ်တယ်။ 
ဒါကြောင့်အုပ်ချုပ်ရေးဒေသကြီးတွေ (states / provinces / regions) ကို အမည်တပ်ရာမှာများသောအားဖြင့်ပထ၀ီအပိုင်းအခြားကိုအမည်တပ်ကြတာ ရှိတယ်။
အကယ်၍များဖြစ်နိုင်မယ်ဆိုရင်ကျနော်တို့ တိုင်းပြည်ရဲ့ထင်ရှားတဲ့ပထ၀ီသွင်
ပြင်ကြီးများအရပြန်လည်ဖွဲ့ စည်းအမည်ပေးဘို့ စိတ်ကူးကြည့်စမ်းပါ။
(တခေတ်တုံးကမူလတန်းကျောင်းသုံးပထ၀ီဝင်စာအုပ်မှာသင်ဘူးခဲ့ကြသလိုပေါ့) အဲဒီလိုပြန်လည်ပိုင်းခြားသတ်မှတ်ကြည့်မယ်ဆိုရင် -
၁ - အနောက်ဘက်ကမ်းမြှောင်ဒေသ (ရခိုင်)
၂ - အနောက်မြောက်တောင်ကုန်းဒေသ (ယခုချင်းပြည်နယ်)
၃ - မြောက်ဘက်တောင်ကုန်းဒေသ (ယခုကချင်ပြည်နယ်)
၎ - အရှေ့ ဘက်ကုန်းမြင့်ဒေသ (ယခုရှမ်းပြည်နယ်)
၅ - အလယ်ပိုင်းမြေနိမ့်လွင်ပြင်ဒေသ (စစ်ကိုင်း-မန္တလေး-မကွေးတိုင်းများ)
၆ - ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ (ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း)
၇ - စစ်တောင်း-သံလွင်ဒေသ (ယခုမွန်- ကရင်-ကယားပြည်နယ်များ)
၈ - တနင်္သာရီကမ်းရိုးတန်းဒေသစသည်ဖြင့်ခေါ်ဝေါ်သတ်မှတ်နိုင်ပါလိမ့်မယ်။
ဒီနာမည်တွေကတော့နမူနာအဖြစ်သာစိတ်ကူးပြတာပါ။ အဲဒီလိုသာပြန်လည်သတ်မှတ်နိုင်ရင်ယခုကချင်ပြည်နယ်ထဲကရှမ်းတွေ၊ 
ရှမ်း ပြည်နယ်ထဲကလားဟူ၊ ၀ ၊ ပလောင်နဲ့ တခြားလူမျိုးတွေ၊ကရင်ပြည်နယ်က ပအို့ တွေ၊ မွန်ပြည်နယ်ထည်းကကရင်တွေ၊ ဧရာဝတီတိုင်းထည်းက ကရင် တွေ၊ နောက်ပီးတစ်တိုင်းပြည်လုံးမှာပြန့် နှံ့ နေထိုင်တဲ့ရခိုင်တွေ
၊မြန်မာပြည် ပေါက်နိုင်ငံသားတရုပ်ကုလားတွေ၊မြန်မာမူဆလင်တွေဘယ်လောက်စိတ် ချမ်းသာကြမလဲဆိုတာစဉ်းစားကြည့်ပါ။လက်တွေ့ ကဒီတိုင်းပြည်မှာကြီးငယ်မဟူလူမျိုး အားလုံးတို့ ဟာနေရာတိုင်းမှာရောနှောနေထိုင်လာကြတာသမိုင်း တစ်လျှောက်လုံးပါဘဲ။ အမည်သတ်မှတ်ထားပုံကသာတကယ့်လက်တွေ့ ကို မထင်ဟတ်ပဲဖြစ်နေတာ။
ပြည်နယ်တွေကိုလူမျိုးနာမည်မတပ်ထားတော့တဲ့အခါအခုလက်ရှိပြည်နယ်အမည်ပေး
ခံရတဲ့လူမျိုးကအိမ်ရှင်လိုလို၊ကျန်တဲ့လူမျိုးတွေကဧည့်သည်လိုလိုဖြစ်နေတာတွေပပျောက်ကုန်မယ်။
အမှန်ကညီညွတ်ရေးအတွက် “လိုအပ်ရင်”တိုင်းပြည်ရဲ့အမည်ကိုပင်လူမျိုးရေး ဇစ်မြစ်ဦးစားမပေးဘဲပြန်လည်မှည့်ခေါ်သင့်ရင်မှည့်နိုင်ရမယ်။ ကမ္ဘာမှာအဲဒီလို နိုင်ငံမျိုး တွေအရင်ကကောအခုကောရှိပါတယ်။
ဥပမာ United Kingdom (England), USSR (now Russian Federation)
 Republic of South Africa.
ကိုကျော်ဝင်းကသူ့ ဆောင်းပါးကိုကန့် သတ်ချက်တစ်ခုနဲ့ ရေးတာမို့ ဒီ လောက်
ကျနော့်က တော့ပြဿနာတစ်ခုခေါင်းထည်းရောက်လာယင်ရေဆုံးရေဖျားလိုက်တွေး ချင်တဲ့ဝါသနာကြောင့်ဒီလောက်ရှည်ရှည်လျားလျားစဉ်းစားနေတာပါ။
နောက်ဆုံးနဲ အရေးအကြီးဆုံးအချက်ကတော့ဗဟိုနဲ့ ဒေသန္တရအစိုးရများရဲ့ ဆက်ဆံရေး 
(center-peripheries relations) မှာအဓိကကျတဲ့ Economic justice ကိစ္စဖြစ်ပါတယ်။
ကမ္ဘာ့သမိုင်းမှာ Liberty, Equality, Fraternity  တို့ ဟာဒီမိုကရေစီရဲ့ဒေါက် တိုင်ကြီးသုံးခုပဲ။ သူတို့ အနက်တစ်ခုခုမရှိယင်ဘဲ နောက်နှစ်ခုလဲမရှိနိုင်ဘူး။ ဥပမာစီးပွားရေးအရတရားမျှတမှု
မရှိယင်ဘယ်လို လုပ်ပီးလွပ်လပ်ခြင်းနဲ့  ညီရင်းအစ်ကိုတမျှချစ်ကြည်ရေး 
(အမျိုးသားညီညွတ်ရး) ဖြစ်နိုင်မလဲ။  ဒါကြောင့်တစ်မျိုးသားလုံးပိုင်သဘာဝသယံဇာတတွေကရ တဲ့အကျိုးအမြတ် တွေခွဲဝေသုံးစွဲရေးမှာလိုချင်ကြသလောက်မဖြစ် နိုင်ဘူးဆိုရင်တောင်လက်ရှိ ထက်တော့ပိုပြီးမျှတရလိမ့်မယ်ထင်ပါတယ်။
[ဒီ့ထက်ပိုအရေးကြီးတာတစ်ခုကတော့အဆင်းရဲဆုံးပြည်နယ်(များ)ကိုအချိုး ကျသဘောထက်အပိုဆောင်းပြီးထောက်ပံ့ပေးဘို့ ပြည်ထောင်စုအဆင့်အထူးရံပုံငွေ
တရပ်ထူထောင်ကြဘို့ လဲလိုအပ်နေတယ်။ဒါမှတနိုင်ငံလုံးတပြေးညီတိုးတက်မှာဖြစ်တယ်။ ကနေဒါမှာအဲဒီအစီအစဉ်ကို Equalization Program လို့ ခေါ် ပါတယ်။]
နောက်ပိတ်ဆုံးအနေနဲ့ စောကြောချင်တာတစ်ခုကတော့လက်ရှိတပ်မတော်
ခေါင်းဆောင်များရဲ့နိုင်ငံရေးသမားတွေအပေါ်သဘောထား (attitude) လို့  ခေါ်ရမလားဘဲ။
စံနစ်ဟောင်းကအမွေအဖြစ်ရလိုက်တဲ့နိုင်ငံရေးပြဿနာကြီးတစ်ခုကိုဖြေရှင်းရာမှာ
တပ်မတော်ကဘာကြောင့်အစိုးရသစ်နဲ့ နိုင်ငံရေးသမားတွေ (လွှတ် တော်) ကိုအားမကိုးဘဲကိုယ်တိုင်ဆက်ရှင်းနေသလဲ။
ဒီပြဿနာကြီးကိုနိုင်ငံရေးသမားတွေလက်ထည်းလွှဲပေးရမှာစိတ်မချနိုင်လို့  - သူတို့ ရဲ့နိုင်ငံရေးခေါင်းဆောင်မှုကို အထင်မကြီးလို့ လားလို့ လဲတွေးမိတယ်။
မှတ်မိကြဦးမှာပါ။ သူမကိုသုံးကြိမ်တိုင်တိုင်နှစ်ရှည်အကျဉ်းချထားတာခံရ စဉ်ကကာလတုံးကမြန်မာပြည်ရဲ့ပြဿနာအရပ်ရပ်ဟာဒေါ်အောင်ဆန်းစု ကြည်လွတ်မြောက်လာပြီးသူမရဲ့ခေါင်းဆောင်မှုရတဲ့အခါကျယင်ပြဿနာတွေပြေ
ပြောချင်တာကနိုင်ငံရေးသမားတွေကိုယ်တိုင်ဘက်ကလဲပြောင်မြောက်တဲ့
 ပြတ်သားတဲ့ခေါင်းဆောင်မှုအစွမ်းအစတွေပြဖို့ လိုနေသလားလို့ ပါ။
ထို့ နည်းတူရှစ်လေးလုံးမျိုးဆက်ဆိုသူတွေကလဲဒါးခုတ်ရာလက်ဝင်
မလျှိုချင်တဲ့သဘောမျိုးပဲတွေ့ ရတယ်။ NLD နဲ့ 88 Generations အုပ်စုနှစ်စုစလုံးက လာမဲ့နောက်ရွေးကောက်ပွဲ (၂၀၁၅)ဆိုတာကိုသာကြိပ်ပြီးစိတ်ဝင်စားနေကြ -ပုံရတယ်။
လတ်တလောအခြေအနေဟာပြည်သူတွေအဖို့ ဆင်းရဲကြပ်တည်းမြဲ အလုပ် အကိုင်ရှားပါးဆဲဖြစ်နေပြီးပြုပြင်ရေး (reform) နှူံးနှေးကွေးမှုဒဏ်ကိုခံနေကြရ တယ်။ “အောက်ခြေမှာအရင်အတိုင်းဘဲ-ဘာမှမထူးသေးဘူး” ဆိုတာကနေ့  လူတိုင်းပါးစပ်ဖျားကကြားနေရတဲ့စကားတစ်ခွန်းပဲ။ ပြည်တွင်းမှာအလုပ်အ ကိုင် မရှိလို့ ထိုင်း နဲ့ မလေးရှားကိုလူငယ်တွေအလုံး အရင်းနဲ့ ဆက်ပီးထွက် ခွာနေကြတုံးပဲ။
ဒါပေမဲ့နိုင်ငံရေးသမားတွေကတော့ရခိုင်နဲ့ ကချင်လိုပြဿနာတွေ -
 ဦးပိုင် - ခရိုနီ - ၀န်ထမ်းပိုင်း - လယ်မြေတွေသိမ်းခံရတာ - အုပ်ချုပ်ရေးပိုင်းကအာ ဏာအလွဲသုံးစားလုပ်တာ - ဥပဒေပါအခွင့်အရေးတွေ (တရားဝင်ဆန္ဒပြခွင့်) တွေ ငြင်းပါယ်ခံနေရတာစတဲ့လူထုနစ်နာမှုတွေကို
 တော့ဝတ်ကျေဝတ်ကုန် လောက်သာလုပ်ပြပီးသူတို့ အတွက်အန္တရယ်မရှိတဲ့ “တော်ဝင်နှင်းဆီ(ခမ်းမ) နိုင်ငံရေး”ကိုပဲလုပ်လာနေကြတယ်။
 နိုင်ငံရေးကမ္ဘာလှည့်ခရီးသည်တွေဖြစ် လာနေကြတယ်။
ဂီတာတစ်လက် - ဆွယ်တာတစ်ထည်ကိုခရိုနီတွေကကျပ်သိန်းရာနဲ့  ချီပြီးဝယ်တာကိုလက်ခုပ်တီးပြီးနိုင်ငံရေးမီးရှူးမီးပမ်းတွေလွှတ်ရင်းပြည်သူ
 တွေရဲ့ဒုက္ခတွေကိုလှောင်ပြောင်နေကြတယ်။ [ဒီနည်းဟာငွေခ၀ါချနည်း တမျိုးဖြစ်နေမလားစီစစ်ကြည့်ဘို့ လိုမယ်။]  အတိုချုပ်ပြောရယင်ဒီလူတွေ 
ဒီလိုအချိုးမျိုးတွေနဲ့ ၂၀၁၅ မှာနိုင်ငံရေးအာဏာစိတ်ကူးယဉ်နေကြတာ ကိုစစ်တပ်ကမသိဘဲမမြင်ဘဲနေမလား။ သူတို့ ကိုလှောင်ပြောင်တဲ့ကာ 
တွန်းတွေဟာဂျာနယ်တွေမှာ Facebook မှာပိုပြီးခပ်စိပ်စိပ်ပါလာနေတယ်။
ကိုကျော်ဝင်းတို့ ကျနော်တို့ နဲအတူအင်းစိန်တောရမှာအတူနေခဲ့ဘူးတဲ့ -   ပါတီဆုံးဖြတ်ချက်ကိုမနာခံဘဲအမျိုးသားညီလာခံဆက်တက်လို့  NLD 
ကထုတ်ပစ်ခံရတဲ့ G 7 အုပ်စုဝင် 1974 ကျောင်းသားဟောင်းမင်္ဂလာဒုံက ကိုကြည်ဝင်းကကျနော့်ကိုတစ်ခါကပြောဘူးတယ်။
“ ဗမာပြည်မှာစစ်သားက-အရပ်သားကို (နိုင်ငံရေးသမားတွေကို) အထင် မကြီးနိုင်သေးသမျှ နိုင်ငံရေးကိုသူကိုယ်တိုင်ဝင်လုပ်နေဦးမှာပဲ။အဲဒီလို ဖြစ်နေသမျှ 
ဒီမိုကရေစီဆိုတာလဲ - ပေးပါပြီ - ရပါပြီဆိုရင်တောင် - ပီပီ ပြင်ပြင်နဲ့ တင်းပြည့်
ကျပ်ပြည့်ဖြစ်မှာမဟုတ်ဘူး” လို့ ညီးငြူပြဘူးတယ်။
အခုကိုကြည်ဝင်းလဲလူ့ ပြည်မှာမရှိတော့ဘူး-မနှစ်ကကွယ်လွန်ရှာပြီ။ ခင်ဗျားက ၆၁ နှစ်ပြည့်တော့မှာ၊သိပ်မနေရတော့ဘူးလို့ အားလျော့နေချိန်မှာ။ ခင်ဗျားထက်အသက်တစ်နှစ်ပိုကြီးပြီးကမ္ဘာ့တစ်ခြားဘက်ခြမ်းကိုရောက်နေ -‘မတ်တပ်နာ’မျိုးစုံအတွက်ဆေးမကြာခဏသောက်နေရတဲ့ကျနော်ကပိုလို 
 တောင်အားပျက်မိပါသေးတယ်။
“ငါမပါလို့ မပြီးဘူးလို့ သဘောမထားနဲ့ - အချိန်တန်ရင်သူဟာနဲ့ သူဖြစ်သွား လိမ့်မယ်” လို့ သာကိုယ့်ကိုကိုယ်ဆုံးမနေရတယ်။ 
ကျနော်တို့ မျိုးဆက်တွေ ကတော့ “Lost generations” ပါ။
ကျမ္မာရေးဂရုစိုက်ပါကိုကျော်ဝင်းခင်ဗျား။ 
အိမ်ပေါ်ကအောက်ကိုဆင်း ပြီးလမ်းမှန်မှန်လျှောက်ပေးပါ။
Monday, December 3, 2012
နိုင်ငံရေးအမွေဆက်ခံနိုင်ငံတော်၏ ခေါင်းခဲစရာပြဿနာများ
( Some messy issues of the Burmese ‘successor state’ )
မုံရွာလက်ပန်းတောင်းတောင်တွင်အစိုးရဘက်ကအင်အားသုံး၍လူစုခွဲခဲ့ရာ
ဘုန်းကြီးနှင့်ကိုရင် ၇၀ ကျော်မြင်မကောင်းရှုမကောင်းအသားနီလန်နေသည့်
မီးလောင်ဒဏ်ရာများကိုယ်စီဖြင့်ဆေးရုံရောက်ကုန်သည်။
ရခိုင်ပြည်၌ဘင်္ဂလီများကိုကိုင်တွယ်ထိမ်းချုပ်ရာတွင်ဤကဲ့သို့ အရေးယူခဲ့မည်ဆိုလျှင်နိုင်ငံ တကာအထူးသဖြင့်အိုအိုင်စီကဆူကြပွက်ကြမည်ဖြစ်သည်။လူခြေတိပ်ချိန်မနက်သုံးနာရီ
ကိုရွေးချယ်၍ဖြိုခွဲသည်မှာလူစုကွဲရုံလောက်ရည်ရွယ်တာဟုတ်ရဲ့လားဟုသံသယရှိစရာဖြစ်သည်။
သမတရုံးကထုတ်ပြန်သောနိုင်ငံတကာလုပ်ထုံးလုပ်နည်းများကိုမကျော်လွန် ပါဟုကြေငြာသော်လည်းအွန်လိုင်းတွင်ပလူပျံနေသောဓါတ်ပုံသက်သေများကနိုင်ငံတကာ
ပရိဿတ်ကိုမတူကွဲပြားသောအခြားပုံပြင်တပုဒ် (a different story ကိုတင်ပြောနေသည်။
ပြဿနာဖြေရှင်းနည်းကိုရွေးချယ်ရာ၌အစိုးရဘက်ကအကောင်းဆုံးနည်းကိုရွေးချယ်နိုင်ခဲ့ပုံမရ
[ပြဿနာကြောင့်ဒုက္ခမဖြစ်ဖြေရှင်း နည်းကြောင့်ဒုက္ခဖြစ်တတ်သည်ဟုယခင်ကတင်ပြခဲ့ဘူးပါသည်။]
ဤသို့ အရေးမယူမီဝန်ကြီးဦးအောင်မင်းကသမတကိုယ်စားလာ၍ဒေသခံများ၏
တင်ပြချက်ကိုနားထောင်ခဲ့သည်ဦးအောင်မင်းသည်သွားလေသူဦးဇော်မင်းလို
မမောက်မာသည့်အပြင်ဒေသခံများအားပရိယယ်မပါနဂိုစိတ်ရင်းဖြင့်ဆက်ဆံခဲ့ဟန်ပေါက်သည်။
သို့ သော်သူသည်လူထုဒုက္ခကိုစာနာရမည့်အစားထက်အစိုးရ၏အခက်အခဲကိုသာလေးထားပြောသွားသည်။ 
သူ၏ “တရုပ်ကျေးဇူး” ဆိုသောစကားတခွန်းကားပြည်သူအကြားပြန့် နှံ့ နေကာရာဇ၀င်တွင်၍ ကျန်ရစ်လိမ့်မည်။  
ဦးအောင်မင်းပြန်သွားပြီးမကြာခင်အားသုံးဖယ်ရှားမည့်သတိပေးချက်ထွက်လာသည်။ ဆက်တိုက်ဆိုသလိုသတိပေးထားသည့်အတိုင်းဆက်၍လုပ်သွားသည်ကိုကြည့်လျှင် မြစ်ဆုံကိစ္စနောက်ပိုင်းအလျှော့မပေးတော့ဟူ၍အစိုးရဘက်ကစိတ်ပိုင်းဖြတ်လာဟန်ရှိသည်။
အလျှော့ပေးနေရလျှင်တစ်ခုပြီးတစ်ခုဆက်တိုက်လျှော့ပေးနေရတော့မည်ဟူ၍
အုပ်စိုးရေးအသိုင်းအ၀ိုင်း (ruling circle) အတွင်းတင်းမာသူများ၏ဆင်ခြေကအနိုင်ရသွားပုံရသည်။
ဤသို့ ဆိုလျှင်အုပ်စိုးသူများအကြားမှာ “အတွင်းတိုက်ပွဲ” (inner struggle) တကယ်ရှိနေကြောင်းကိုသတိပြုမိစေသည်။ ။
ယခုလုပ်ရပ်ကိုအထိမ်းအကွပ်ဖြင့်လျှော့ပေးခြင်း(controlled liberalization)
၏အသွင်တရပ် (feature) လားဟုမေးလိုကမေးနိုင်သည်။
မြစ်ဆုံကိစ္စတွင်အများအံ့အားသင့်သွားအောင်အမှတ်ယူပြသွားနိုင်သောသမတနှင့်
အဖွဲ့ ကအများအံ့အားသင့်စရာနောက်တစ်မျိုးလုပ်ပြလိုက်ပြန်ပြီဟုထင်မှတ်ရသည်။
ဖြစ်ရပ်အားဝတ္ထုကြောင်း(narrative) အကြမ်းဖျင်းလေ့လာပြီးသောအခါပို၍ နက်ရှိုင်းသောပြဿနာကိုကိုင်တွယ်ဖြေရှင်းနေသူများအားလွှမ်းမိုးထားသောတွေးခေါ်
ယူဆပုံများ (line of thought)ကိုလှန်လှောကြည့်လိုပါသည်။
အဘယ့်ကြောင့်ဆိုသော်အာဏာပိုင်များနှင့်အတိုက်အခံနိုင်ငံရေးသမားများ အထူးသဖြင့်ခေါင်းဆောင်အခေါ်ခံနေသူများ၏ဤပြဿနာအပေါ်အခြေခံ တွေးခေါ်ယူဆပုံများသည်အပေါ်ယံကျောဆန်နေသည်၊ သို့ မဟုတ်ခေတ် ဟောင်းကတွေးခေါ်ပုံအတိုင်းဆက်လက်တွေးခေါ်ပြုမူနေသည်ဟုသံသယ ဖြစ်စရာများရှိနေသောကြောင့်ဖြစ်သည်။
အစိုးရအကြောင်းပြချက်မှာနိုင်ငံတော်အကျိုးစီးပွား (national interest argument) ဖြစ်၏။ တကယ့်အတွင်းသရုပ်အစစ်အမှန်တွင်နအဖခေတ်စစ်ခေါင်းဆောင်များ၏ အစုရှယ်ယာများဖြင့်တည်ထောင်ထားသောဦးပိုင်ကုပ္မဏီ၏အကျိုးစီးပွားကို ကာကွယ်ပေးရေးပါဝင်နေသည်။ထို့ ကြောင့် “ဦးပိုင်အလိုမရှိ”ဟု ဆူးလေဘုရားကိုပါတ်၍ဆန္ဒပြသွားသောကျောင်းသားသမဂ္ဂ
လူငယ်ကလေးများကကြွေးကျော်ခဲ့ကြခြင်းဖြစ်မည်။
မှတ်မှတ်ရရဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးစလုံးတို့ က
 ‘မြှောက်ပေးတဲ့သူတွေရှိနေတယ်’၊မီဒီယာတွေကဘေးတီးပေးနေတယ်ဟု
သတ္တုချပြရာ၌တူညီနေကြသည်။
ဤသည်မှာအချက်အလက်အားဖြင့်မှန်သော်လည်းသူတို့ ၏ အဆင့်အတန်းအရမပြောထိုက်သောစကားများဟုယူဆပါသည်။
ခွေးနှစ်ကောင်ကိုက်သည်မှအစကမ္ဘာစစ်ကြီးများအထိပြဿနာတိုင်းသူ့ ဘက် ကိုယ့်ဘက်စိတ်သန်ရာဘက်မှပါဝင်ပါတ်သက်ကြသည်မှာသဘာဝဖြစ်သည်။ရေးကြီးခွင့်ကျယ်လုပ်၍စကားထည်းထည့်ပြောနေရန်မလိုပါ။
စင်စစ်မြန်မာမီဒီယာသည်ဦးသိန်းစိန်အစိုးရကိုရော၊အောင်ဆန်းစုကြည်ကိုပါသူတို့ နှင့် ထိုက်တန်သည်ထက်ပို၍ကောင်းချီးပေးနေချီးကျူးနေကြသည်။
ယခုတိုင်လည်းမုံရွာကိစ္စမှအပယျေဘူယျအားဖြင့်ထိုနှစ်ဦး၏ ပူးတွဲခေါင်းဆောင်မှုကိုဆက်လက်၍အသိအမှတ်ပြုဆဲ၊
ဆက်၍ချီးကျူးနေကြဆဲဖြစ်ပါသည်။
ထို့ ကြောင့်မြှောက်ပေးနေတဲ့သူတွေရှိနေလို့ ဟူသောစွပ်စွဲချက်သည်တစ် ဘက်တွင်မုံရွာကတောင်သူများကိုဦးနှောက်မရှိတဲ့လူတွေဟုပြောရာရောက်သည်။  စင်စစ်တောသားများသည်မြို့သားများထက်အစိုးရကိုပိုကြောက်တတ်ပါသည်။
သူတို့ ၏ဘ၀များတည်မှီရာပျက်စီးဆုံးရှူံးနေပြီဖြစ်၍သီးမခံနိုင်ကြလွန်းလို့ သာထ၍ကန့် ကွက်ကြခြင်းဖြစ်သည်။ဒေသခံခေါင်းဆောင်သူအမျိုးသမီးများသည်ခေတ်ပညာမတတ်၊တောသူစစ်စစ်တွေဖြစ်သည်ကိုကြည့်လျှင်ဤအချက်သိသာသည်။
လက်ပန်းတောင်းတောင်စီမံကိန်းရပ်တန့် နေရသဖြင့်တစ်လလျှင်ဒေါ်လာနှစ်သန်းဆုံးရှုံးနေရ ပါသည်ဟုဆိုသည်။ ကမ္ဘာ့အဆင့်အတန်းဝင်ရင်းနှီးမြှုတ်နှံမှုကြီးများတွင်တနှစ်ဒေါ်လာ ၂၄ သန်း လောက်သည်ဘာမျှမပြောပလောက်။ တရုပ်ကုပ္မဏီကမြန်မာစစ်အစိုးရနှင့် စာချုပ်ချုပ်စဉ်ကလက်မှတ်ထိုးသူဝန်ကြီးကိုပေးရသည့် kickback လောက်ပဲရှိနိုင်သည်။ သေသေချာချာဂဃနဏမပြောနိုင်သော်လည်းအကျင့်ပျက်လာဘ်စားရာ၌ ကမ္ဘာကျော်သောမြန်မာအစိုးရဟောင်းဖြစ်နေသည့်အတွက်မပြေးသော်လည်း
ကန်ရာရှိနေ၍ဤသို့ ဆိုခြင်းဖြစ်သည်။ဤကိစ္စပြေလည်သည်အထိ
တစ်နှစ်လောက်စောင့်ဆိုင်းနေလို့ ဦးပိုင်နှင့်ဝမ် ပေါင်မွဲမသွားနိုင်ပါ။
ဒီမိုကရေစီစံနစ်တွင်နိုင်ငံသားများအတွက်အကျိုးမရှိလျှင်နိုင်ငံတော်အတွက်လည်းအကျိုးမရှိနိုင်။ နိုင်ငံတော်ကိုနိုင်ငံသားများဖြင့်ဖွဲ့ စည်းတည်ဆောက် ထားသည်ဖြစ်ရာနိုင်ငံသားထု၏အကျိုးစီးပွားကို
ဆန့် ကျင်၍နိုင်ငံတော်၏အကျိုးစီးပွားဟူသည်အဓိပ္ပါယ်မရှိ။ နိုင်ငံသားများ၏အကျိုးစီးပွားကိုချနင်း၍ နိုင်ငံတော်အကျိုးစီးပွားကိုမတည်ဆောက်သင့်။
[ဤအချက်နှင့်စပ်လျှဉ်း၍ ယခင်မြန်မာသံတော်ဆင့်ကတင်ပြပြီးဖြစ်သော “နိုင်ငံတော်နှင့်နိုင်ငံသား ဘယ်ဒင်းကပင်ရင်းမူလ” ဆောင်း ပါးကိုပြန်လည်ရည်ညွှန်းလိုပါသည်။ နိုင်ငံသားများကိုသားကောင်များသဖွယ်သဘောထား၍လိုသလိုစတေးပစ် သောနိုင်ငံတော်အမျိုးအစားကိုနိုင်ငံရေးသိပ္ပံဘာသာရပ်တွင်သားရဲတိရိစ္ဆန်တို့ ၏နိုင်ငံတော်
(predatory state) ဟုအမည်တပ်ပါသည်။နောင်အလျဉ်းသင့်သောအခါတင်ပြပါဦးမည်]
မည်သို့ ဖြစ်စေမဖြစ်မနေလုပ်ရပါမည်ဆိုလျှင်ဒေသခံတို့ ၏အကျိုးစီးပွား၊ သဘာဝပါတ်ဝန်းကျင်မထိခိုက်ရေး၊ယဉ်ကျေးမှုနှင့်ဘာသာရေးအမွေအနှစ်တို့ 
ရှိနေသောနေရာများ၌တမျိုးသားလုံး၏ခံစားချက်
(social, environmental and public emotional impact assessments)
တို့ ကိုထည့်သွင်းတွက် ချက်ပြီးမှမည်သို့ ကုစားမည်ဆိုသည်ကိုဒေသခံလူထု
သာမက တိုင်းပြည်ကလက်ခံသည်အထိကြိုတင်၍စံနစ်တကျပြင်ဆင်သင့်သည်။
နိုင်ငံရေးအရတိမ်သောအခြားအယူအဆတခုမှာယခင်အစိုးရများလက်ထက်
ကပြုလုပ်ခဲ့သောနိုင်ငံတကာနှင့်သဘောတူကတိက၀တ်များကိုဆက်လက်
အတည်ပြုလိုက်နာသင့်သည်။သို့ မှသာနိုင်ငံတကာရင်းနှီးမြှုတ်နှံ့ လာကြမည့်သူများ၏ယုံကြည်မှုကိုရနိုင်မည်ဆိုသည့်အချက်ဖြစ်သည်။
ဤအချက်သည်ယျေဘူယျအားဖြင့်သာလက်ခံထားကြ၍လက်တွေ့ တွင်ဤအတိုင်းမည်သူမျှလှေနံဓါးထစ်မကျင့်သုံးသောကိစ္စဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော်ယခင်အစိုးရများပြုလုပ်ထားခဲ့သောနှစ်နိုင်ငံ
သို့ မဟုတ်နိုင်ငံတကာနှင့်သဘောတူစီးပွားရေး၊ နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုများ
(bilateral, multilateral agreements / deals) ကိုပြောင်းလဲလာသော
အခြေအနေများတွင် review လုပ်ကြ re-negotiate လုပ်ကြသည်မှာနိုင်ငံတိုင်း
တွင်ထုံးစံဖြစ်သည်။ Re-negotiate လုပ်လိုသောဘက်၌ခိုင်လုံသောအကြောင်းပြချက်ရှိ လျှင်အခြားတစ်ဘက်ကလက်မခံပဲမနေနိုင်။ ဤအဆင့်မပြီးမြောက်မချင်း လုပ်ငန်းစပြီးသားဖြစ်နေလျှင်ရပ်ထားရမည်။ လုပ်ငန်းမစရသေးလျှင်လုံးဝ အစမပျိုးသင့်။
မြန်မာနိုင်ငံကိုနှစ်ပေါင်း၂၀အုပ်ချုပ်သွားသောန-အ-ဖအစိုးရသည် နိုင်ငံ တော်အာဏာ၌တရားဝင်မှုအငြင်းပွားခံခဲ့ရသော (contested political legitimacy) အစိုးရတရပ်ဖြစ်ခဲ့သည်။ ထိုအစိုးရကပြုလုပ်ခဲ့သောနိုင်ငံတကာဆိုင်ရာကတိက၀တ်များကို သက်ဆိုင်သူမည်သူမဆိုဆက်လက်၍အ တည်ပြုလိုကပြုနိုင်သည်။စောဒကတက်လိုကလည်းတက်နိုင်သည်သာ။ ဤကိစ္စကိုဖွဲ့ စည်းပုံအခြေခံဥပဒေသစ် တွင်ထည့်သွင်းပြဌန်း၍လမ်းပိတ် ထားခဲ့စေကာမူထိုအခြေခံဥပဒေသည်
ပင်လျှင်လက်မခံနိုင်သူများ၏ဝေဘန်မှုခံနေရသည်ဖြစ်၏။
ဦးသိန်းစိန်အစိုးရသည်ယခင်နအဖအစိုးရအနှစ်၂၀တာကာလအတွင်း
ဖန်တီး၍ချန်ထားပစ်ခဲ့သောပြဿနာများ(အမွေဆိုးများ)ကိုတစ်ခုတစ်လေ
ကိုမှကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိသေး(သက်တမ်း၂နှစ်ပဲရှိသဖြင့်အချိန်လိုသေး
သည်ဟုစောဒကတက်နိုင်သော်လည်းလက်ရှိပြုမူနေပုံအတိုင်းဆိုလျှင်
၎င်း၏အစိုးရသက်တမ်းစေ့သွားသည့်တိုင်လည်းဖြေရှင်းပေးနိုင်ဘွယ်မမြင်ပါ။
ထိုပြဿနာများမှာ-
1.    မပြည့်ဝသောဒီမိုကရေစီဖြင့်ဖန်တီးထားသောဖွဲ့ စည်းပုံအခြေခံဥပဒေသည် ပထမဆိုးမွေဖြစ်သည်။ [အုပ်ချုပ်ရေးအာဏာနှင့်ဥပဒေပြုအာဏာတို့  ကိုအသားတင်ခွဲတမ်းဝင်ယူထားခြင်းကတပ်မတော်သည်ဒီမိုကရေစီ၏
လက်အောက်ခံမဟုတ်ဟုအဓိပ္ပါယ်အလိုလိုထွက်နေပါသည်။]
ပြည်ထဲရေးဝန်ကြီးဌာနနှင့်နယ်စပ်ဒေသရေးရာဝန်ကြီးဌာနများကိုဆက်၍
ကိုင်ထားသဖြင့်တိုင်းပြည်ကိုတကယ်ဆက်လက်အုပ်ချုပ်နေသည်မှာ
တပ်မတော်သာဖြစ်နေသည်။
     (ကချင် - ကရင် - ကယား - ၀ - ရှမ်း - မွန် - ရခိုင်လက်နက်ကိုင်အင်အားစုများ)
3.    တစ်ဘက်နိုင်ငံများမှပိုလျှံလူဦးရေများ(တရုပ်များ၊ဘင်္ဂလီများ) တိုင်းပြည်၏နေရာအနှံ့ အတွင်းပိုင်းဒေသများအထိသို့ စိမ့်ဝင်လာနေသည်ကိုထိထိရောက်ရောက်မတားဆီးနိုင်ခြင်း
4.   နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုကတိက၀တ်များကိုပြောင်းလဲလာသောအခြေအနေနှင့် အညီပြင်ဆင်ချုပ်ဆို (modify မလုပ်နိုင်သေးခြင်း၊
5.    နိုင်ငံတော်ဝန်ထမ်းယန္တယားကြီးသည်ခေတ်ကိုနောက်ပြန်ဆွဲ ထားလိုသူဖေါက်ပြန်ရေးအင်အားစုများ၏ခံတပ်ကြီးဖြစ်နေသည်။ ခေတ်ဟောင်း၏အမွေအုပ်ချုပ်ရေးယန္တယားဟောင်းအားပြုပြင်ရေး 
     administrative reform  စ၍မလုပ်သေးခြင်း။ (လာဘ်စားမှု၊ချစားမှုများ ကိုကိုင်တွယ်ရာ၌အလွန်ညှာတာသည်။လူထုကလိုလားသလောက်ပြတ်ပြတ်သားသားမလုပ်။
6.    ပြည်ထောင်စုနှင့်တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများအတွင်း၌
     စစ်အာဏာရှင်ဟောင်းများအရပ်ဝတ်လဲကာဝန်ကြီးချုပ်များ၊၀န် ကြီးများအဖြစ်ဖြင့်ဆက်လက်ခိုအောင်းနေကာလူထုနှင့်ဆက်ဆံရေးတွင်
စံနစ်ဟောင်းကအတိုင်းအာဏာပြနည်းဖိနှိပ်သည့်နည်း (abuse of power) ကိုသာဆက်ကျင့်သုံးနေကြခြင်း 
(သာအေး - မောင်ဦး - မြင့်ဆွေ )
စသုံးလုံးနှင့်မီးသတ်တပ်ဖွဲ့ များရှိနေသည်။ယခုမုံရွာလက်ပန်းတောင်းတောင် ကိစ္စသည်ဤခေတ်နောက်ပြန်ဆွဲအင်အားစုများကနေပြည်တော်အစိုးရ
ကိုချောက်ကျအောင်၊တစ်တိုင်းပြည်လုံးကိုနောက်ထပ်အခွင့်အရေးများ
ဆက်မတောင်းရဲအောင်အလွန်အကျွံအားသုံး (excessive use of force)
၍ချောက်လှန့် ပြလိုက်တာလည်းဖြစ်နိုင်သည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်းဒေသခံများ၏ဆန္ဒပြခြင်းကိုနေရာတကာ
demonstration နဲ့ ချည်းသွားနေလို့ မရ။ negotiation နဲ့ သွားဖို့ လည်းလိုတယ်ဟု
မှတ်ချက်ပြုလေသည်။ နစ်နာချက်များကို demonstration နှင့်ဇာတ် လမ်းစကာဖိအားမပေးဘဲ negotiation အဆင့်သို့ ရောက်မလာနိုင်သည်ကိုကိုယ်တိုင်စစ်အာဏာရှင်စံနစ်ကိုနှစ်ပေါင်း ၂၀ကျော်ထိပ်တိုက်ရင်ဆိုင်ရေးလမ်းကြောင်းဖြင့်နည်းမျိုးစုံအသုံးချ၍ဖိအားများဖန်တီးခဲ့သူက
ဤသို့ ပြောလိုက်ခြင်းကိုအံ့အားသင့်မိသည်။
ထိုပြင်သူမကလွှတ်တော်တွင်နိုင်ငံခြားရင်းနှီးမြှုတ်နှံသူများ၏ယုံကြည်မှုမပျက်ရေး၊တိုင်းပြည်၏ဂုဏ်သတင်း(reputation) ထိမ်းသိမ်းရေးကိုဇောင်းပေး၍ပြောဆိုသွားသည်။ဤကတိက၀တ်များကိုပြောင်းလဲနေသည့်အခြေအနေနှင့် readjust မလုပ်ဘဲ- နဂိုပါအတိုင်းမလိုက်နာလျှင်တိုင်းပြည်၏ဂုဏ်သတင်းထိခိုက်မည်။ နိုင်ငံကြီးသားမပီသရာရောက်မည်ဟုပြောခြင်းသည်အပေါ်ယံကျောဆန်သည်။
ထို့ နောက်မှတဖန်ပုလိပ်တပ်ဖွဲ့ များ၏လက်ချက်ဖြင့်ရုပ်ပျက်ဆင်းပျက်ခါ
ဒဏ်ရာရသူများကိုမြင်ရပြန်သောအခါသူမကတာဝန်ရှိသူများကို
အပြစ်တင်စကားဆို၍ဒေသခံများဘာလုပ်ပေးမည်ညာလုပ်ပေးမည်
ဆိုနေပြန်ရာဤအပြုအမူသည်အစိုးရကိုနိုင်ငံရေးချောက်တွန်းခြင်း
လက်တွေ့ တွင်ယခုလောက်အနာခံဆန္ဒပြခဲ့သည့်တိုင်အစိုးရဘက် ကတောင်းဆိုသူများ၏ကိုယ်စားလှယ်များနှင့်တွေ့ ဆုံ၍ညှိနှိုင်းမည့်
negotiation လမ်းကြောင်းကိုပီပီပြင်ပြင်ဖေါ်မပေး။
စုံစမ်းရေးကော်မရှင်တစ်ခုကိုသာဖွဲ့ ပေးခဲ့သည်။
သဘာဝအားဖြင့်စုံစမ်းရေးကော်မရှင်ဟူသည်အစိုးရနှင့်မပါတ်သက်သော၊အစိုးရကြောင့်ဖြစ်တာမဟုတ်သောပြည်သူတွင်းပဋိပက္ခများ (
(where Government is not a party to the conflict) ကိုအစိုးရကကြားဝင်ဖြေရှင်းပေးရာတွင်သာအသုံးပြုလေ့ရှိသည်။ ဥပမာရခိုင် ဘင်္ဂလီပဋိပက္ခတွင်စုံစမ်းရေးကော်မရှင်ဖွဲ့ ပေးသည်ကို - မူအားဖြင့် - လက်ခံ၍ရသည်။
မည်သို့ ဖြစ်စေယခုအခါဦးသိန်းစိန်အစိုးရကဤပြဿနာကိုသူမ၏လက်သို့  ထိုးအပ်လိုက်ပြီဖြစ်ရာသူမ၏နိုင်ငံရေးအရည်အချင်းကိုယခင်အခါများတုံးက
လိုယောင်ဝါးဝါးပြောခြင်းလုပ်ခြင်းတို့ မပါဘဲပြည်သူ့ အကျိုးဆောင်နိုင်မနိုင် ပြတ်ပြတ်သားသားမြင်ကြရတော့မည်ဖြစ်သည်။
ဦးသိန်းစိန်အစိုးရယခုရင်ဆိုင်နေရသောပြဿနာများသည်နိုင်ငံရေးသိပ္ပံ
ဘာသာရပ်တွင်အမွေဆက်ခံနိုင်ငံတော် (successor states များရင်ဆိုင်ရလေ့ရှိ သည့်နိုင်ငံတော်အဟောင်းများ၏အမွေဆိုးများဖြစ်သည်။
ဒုတိယကမ္ဘာစစ်ကြီးကဟစ်တလာ၏တတိယဂျာမန်နိုင်ငံတော်(Third Reich)
နှင့်အာရှတွင်ဂျပန်တို့ ၏ဖက်ဆစ်နိုင်ငံတော်များကိုအဆုံးသတ်ပစ်ခဲ့သည်။ 
စစ်ပြီးနောက်ပိုင်းမဟာမိတ်များ၏ပျိုးထောင်ပေးမှုဖြင့်အသစ်ပြန်လည် ပေါ်ပေါက်လာသောဂျပန်နှင့်ဂျာမဏီသည်ဒီမိုကရေစီနိုင်ငံတော်များဖြစ်ကြ သည့်တိုင်ယခင်အာဏာရှင်နိုင်ငံဟောင်းများ၏ဆိုးမွေများကိုပေးဆပ်ကြရ သောအမွေဆက်ခံနိုင်ငံတော်များ (successor states) ဖြစ်လာကြသည်။
ဂျာမဏီသည်ကမ္ဘာတ၀ှမ်းမှဂျူး Holocaust victims များ၏အဆက်မပြတ် လျှော်ကြေးတောင်းခံမှုကိုနှစ်ပေါင်း၅၀မျှဆက်တိုက်ပေးဆပ်ခဲ့ရပြီးဝန်ကြီးချုပ်
Gerhard Schroeder ၏ညွန့် ပေါင်းအစိုးရလက်ထက် ၂၀ ရာစုအကုန်ကျမှ
လက်စသပ်သွားသည်။ ထို့ နည်းတူဂျပန်နိုင်ငံသည်လည်းမြန်မာ၊ကိုးရီးယား စသောသိမ်းပိုက်ခံနိုင်ငံများအားစစ်လျှော်ကြေး(war reparations)တွေပေးဆပ်ခဲ့ရသည်
တောင်ကိုးရီးယားဆိုလျှင်စစ်ကြီးအတွင်းလိင်ကျွန်အပြုခံရသူ များ (Comfort women) ကပါလျှော်ကြေးတောင်းခဲ့သည်။
မြန်မာနိုင်ငံတော်သစ်တွင်နိုင်ငံခြားရင်းနှီးမြှုတ်နှံသူများသို့ ပြုခဲ့သော စီးပွားရေးကတိက၀တ်များပြဿနာကစတင်ပေါက်ကွဲထွက်လာခြင်းဖြစ်သည်။
ဖြစ်ခဲ့သည့်အတိုင်းမျှတစွာသုံးသပ်ရလျှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏စစ်အစိုးရသည်
တရုပ်၊တောင်ကိုးရီးယား၊ထိုင်းစသောအာရှနိုင်ငံများမှကုပ္မဏီများအား ရင်းနှီးမြှုတ်နှံ့ ခွင့်များကိုအနောက်တိုင်း၏စီးပွားရေး၊နိုင်ငံရေးပိတ်ဆို့ မှုဆန်ရှင်များအောက်တွင်မိမိတို့ အာဏာတည်မြဲရေးအတွက်ကောတိုင်းပြည်စီးပွားရေးပါဘုံးဘုံးလဲမသွားရေးအတွက်ပါ အထူးအခွင့်အရေးများပေးအပ်၍ပြုလုပ်ခဲ့ရတာဖြစ်သည်။ 
ပုံမှန်အခြေအနေများအောက်တွင်နိုင်ငံတကာမှရင်းနှီးမြှုတ်နှံမည့်သူများ
အတွက်ရေပြင်ညီကွင်း(level playing field) တစ်ခုဖန်တီးပေး၍ပြည့်ဝသောပြိုင်ဆိုင်မှု 
(perfect competition) တစ်ခုကိုကမကထပြုပေးနိုင်ခဲ့သည်မဟုတ်သဖြင့်တိုင်းပြည်အတွက်နစ်နာခဲ့သည်။
[စင်စစ်ဤပိတ်ဆို့ မှူဆန်ရှင်များ၏ဗိသုကာလက်ရာရှင်သည်ဒေါ်အောင်ဆန်းစုကြည်
ကိုယ်တိုင်ပင်ဖြစ်ကြောင်းသူမအားထောက်ခံသည့်အနောက်တိုင်းအစိုးရ
အသိုင်းအ၀ိုင်းများကတစ်ကြိမ်မကဗြောင်ပြောခဲ့ကြသည့်မှတ်တမ်းမှတ်ရာများအထင်အရှားရှိသည်။
ကနေ့ တိုင်းပြည်ကရင်ဆိုင်နေရသောအထွေထွေ စီးပွားရေးခေတ်နောက်ကျနေမှု၊ ၀ိဇ္ဇာ၊ သိပ္ပံ၊ ဘာသာစကားနှင့်၊ နည်းပညာ များအဆင့်အတန်မမှီဖြစ်နေခြင်း၊ပညာတတ်များဆုံးရှူံးကုန်ခြင်း 
(brain drain) တို့ သည်ဆန်ရှင်ကြောင့်ဖြစ်ရခြင်းကအဓိကဖြစ်သည်။
၁၉၉၀ ခုနှစ်မှသည် ၂၀၁၀ အထိအနှစ် ၂၀ တာကာလအတွင်းမြန်မာပြည်သားများ၏ဒုက္ခမှာ
ကိုအဆုံးသပ်ခဲ့ ကြသည်။
ဤသုံးသပ်ချက် (analysis) သည်ဒေါ်အောင်ဆန်းစုကြည်ကိုအပြီးတိုင်ငြင်းပါယ်နေခြင်းမဟုတ်ပေ။သမိုင်းတွင်သူမ၏အခဏ်းကဏ္ဍသည်အထင်ကရနှင့်သတ်သတ်မှတ်မှတ်ရှိနေသည်ကို
တစ်ခုဖြစ်ခဲ့သည်။ သူမမရှိခဲ့လျှင်ပင်သူမ၏ နေရာတွင်အခြားသူတစ်ဦးဦးကိုသမိုင်းက ဖန်ဆင်းပေးမည်ဖြစ်သာဖြစ်သည်။
သူမ၏ပစ္စုပ္ပန်ပြဿနာမှာတော်လှန်ရေးစခန်းအဆင့်တုံးကအတိုင်းတည်ဆောက်ရေးကာလတွင်
ဆက်၍အသုံးတည့် (relevant နေစေရန်အတွက်မိမိကိုယ်ကိုပြင် (upgrade) ရမည်ဖြစ်သည်။ 
ဤသို့ မလုပ်ဘဲနှင့်တော့သူမမျှော်မှန်းနေသော ၂၀၁၅ရွေးကောက်ပွဲအားဖြင့် နိုင်ငံတော်အာဏာကိုရယူနိုင်ရန်မှာမသေချာပေ။ ]
မဆီမဆိုင်မီဒီယာကိုရန်လုပ်ခြင်းကားမလုပ်သင့်ဆုံးဖြစ်သည်။ 
အွန်လိုင်းမီဒီယာဆိုလျှင်မိမိကမည်သို့ မျှ policing မလုပ်နိုင်သောအရာဖြစ်သဖြင့်ရန်စခြင်းဖြင့်ပို၍ဆိုးလာစရာသာရှိသည်။
ဖြစ်သင့်သည်မှာဦးသိန်းစိန်အစိုးရသည်လက်ပန်းတောင်လူထုတောင်းဆိုမှုကို
အကြောင်းပြ၍တရုပ်အစရှိသောနိုင်ငံတကာကုပ္မဏီများထံသို့ - ဒေသခံတွေ မနစ်နာစေမည့်၊သဘာဝပါတ်ဝန်းကျင်မထိခိုက်စေမည့်အချက်များယခုထက် ပို၍တိုးချဲ့ ထည်းသွင်းလာမည့် အချက်များပါလာရေးပြန်လည်ညှိနှိုင်းမှုများလုပ်ရန်အသံပြုရန်ဖြစ်သည်။
နိုင်ငံရေးသမားများအနေဖြင့်လည်းမိမိ၏ input  ပေးရုံသက်သက်အနေဖြင့်
‘ထိုင်နေတာအကောင်းသား-ထသွားမှကျိုးမှန်းသိ’ ဖြစ်မည့်အပေါ်ယံကျော ဆန်သည့်စကားများမပြောမိကြဘို့ လိုသည်။
ယနေ့ ရခိုင်ပြည်နယ်တွင်တပ်ရင်းတွေတိုးမြှင့်ချထားယုံ၊ မုံရွာတွင်မျက်ရည်ယိုဗုံး၊မီးလောင်ဗုံးများပစ်ခတ်နှိမ်နင်းယုံနှင့်ပြဿနာတွေကိုလက်စသပ်နိုင်လိမ့်မည်ဟု ထင်လျှင်လည်းမှားပါသည်။ စုံစမ်းရေးကော်မရှင်များဆိုသည်မှာလည်းနိုင်ငံရေး အဓိပ္ပါယ်ထက်ရုံးလုပ်ငန်းသဘောပိုဆောင်နေပါသည်။ ပိုနက်ရှိုင်း၍အောက်ခြေ ကျသောဖြေရှင်းချက်များရလာအောင်လူထုအသံ --အထူးသဖြင့် - ဒေသခံ လူထု၏အသံကိုနားထောင်သင့်သည်။နိုင်ငံတကာမှအလားတူ
အတွေ့ အကြုံများ၊ဥပမာများကိုလည်းသုတေသနပြုသင့်ပါသည်။
မုံရွာလက်ပတောင်းတောင်ကန့် ကွက်မှုနှင့်အလားတူပဋိပက္ခမျိုးတွေ မိုင်တစ်ထောင်ကျော်ရှည်လျားမည့်သဘာဝဓါတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းမည့်
လမ်းကြောင်းနှင့်၊  ထားဝယ်ရေနက်ဆိပ်ကမ်း
mega project တို့ တွင်တန်းစီ၍ စောင့်နေကြသည်။
အခြားအမွေဆိုးများဖြစ်သောယခုအချိန်အထိအကင်းမသေသေးဘဲအချိန်မ ရွေးပြန်လည်တောက်လောင်လာနိုင်သောပြည်တွင်းစစ်အန္တရယ်၊ တိုင်းပြည် ၏နယ်နိမိတ်များမလုံခြုံကျိုးပေါက်၍နိုင်ငံခြားသားများခိုးဝင်နေမှု၊ ယိုယွင်းနေ
သောဝန်ထမ်းယန္တယားကြီး၊ ၀န်ကြီးအဆင့်မှသည်အောက်ခြေရဲသားအထိ အဆင့်ဆင့်အာဏာအလွဲသုံးစားလုပ်နေဆဲစသည့်အဖြစ်များသည်အချင်းချင်း အပြန်အလှန်ဆက်စပ်နေကြသည်။
လက်ရှိဖွဲ့ စည်းပုံအခြေခံဥပဒေသည်တိုင်းပြည်ကိုဒီမိုကရေစီနှင့်မိတ်ဆက်ပေးမည့် အပိုင်းကတိုးတက်ရေးသဘောကိုဆောင်သော်လည်းယခင်စစ်အာဏာရှင်ဟောင်းများ၏ အကျိုးစီးပွားကိုကာကွယ်ထားသည့်အပိုင်းကဖေါက်ပြန်ရေးဖြစ်နေသည်။
ဤအချက်ကိုတိုင်းပြည်ကအချိန်အတိုင်းအတာတစ်ခုအတွင်းသာသီးခံနိုင်ပါလိမ့်မည်။ ထိုအတိုင်းအတာမကုန်မီအစိုးရကဦးဆောင်၍ပြင်ဆင်သင့်ပါသည်။ လူထုကအစိုးရကိုဒရွတ်တိုက်ဆွဲခေါ်ရသည်အထိဆိုင်းငံ့မနေသင့်။
ပြည်တွင်းငြိမ်းချမ်းရေးအပြည့်အ၀မရနိုင်ခြင်းသည်ဤအခြေခံဥပဒေ၏
ဒီမိုကရေစီအနှစ်သာရမပြည့်ဝခြင်းကြောင့်ဖြစ်သည်။
တပ်မတော်သည်အုပ်ချုပ်ရေးအာဏာနှင့်ဥပဒေပြုအာဏာများကိုဒီမိုကရေစီ
ကိုကျောပေး၍ခွဲတမ်းချကာရယူထားသည်ကပြဿနာ၏အစိပ်အပိုင်းတစ်ရပ်
(part of the problem) ဖြစ်နေသည်။ လူတန်းစားတရပ်၏သီးသန့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးဘို့ ဆိုလျှင်ဖြစ်နိုင်ချေရှိသောကမ္ဘာ့သမိုင်းခေတ်မဟုတ်တော့ပြီ။
တပ်မတော်သည်ပြည်တွင်းစစ်ထည်းတွင်ပါဝင်ခဲ့သည့်အတွက်ငြိမ်းချမ်းရေး ကိစ္စကိုမိမိကိုယ်တိုင်ကမကထပြုအားထုတ်နေမည့်အစားတိုင်းရင်းသားများအပါအ၀င် အရပ်သားနိုင်ငံရေးသမားများလက်သို့ လုံးဝလွှဲပြောင်းတာဝန်ပေးသင့်သည်။
ဤနေရာတွင်မည်မျှစေတနာဖြူစင်သည်ဖြစ်စေဦးအောင်မင်း၊ဦးစိုးသိန်းတို့ လို
စစ်ဗိုလ်ဟောင်းများကိုတာဝန်မပေးသင့်တော့ပေ။
တဘက်တွင်လည်းယနေ့ တပ်မတော်ကို ၁၉၄၉၊ ၁၉၆၂၊ ၁၉၈၈ ခေတ်ကာလ များအတွက်တာဝန်မရှိတော့သောမျိုးဆက်များကခေါင်းဆောင်နေပြီ်။ ထို့  ကြောင့်အတိပ်၏ချုပ်ကိုင်ဖမ်းစားထားခြင်းကိုခံမနေတော့ဘဲအနာဂါတ်၏
ဆွဲဆောင်ရာနောက်သို့ လိုက်ပါဘို့ အချိန်တန်ပြီ။
ယူရောင်းချနေတာ ( discretionary resource exploitation - ထို့ နောက် သယံဇာတမှနိုင်ငံခြားဝင်ငွေများကိုဗဟိုကစိတ်တိုင်းကျသုံးစွဲနေတာဖြစ်သည် 
discretionary allocation of funds။ ဥပမာရခိုင်ပြည်နယ်မှထွက်သော
သဘာဝဓါတ်ငွေ့ ၏၂ရာခိုင်နှူံးမျှကိုသာဒေသရင်းတွင်ပြန်လည်အသုံးပြုပေးပါ လျှင်ပြည်နယ်တစ်ခုလုံးမီးလင်းပြီဆိုသောလျှောက်လဲချက် (appeal) သည်အလွန်အားကောင်းသောခံစားချက်ကိုဖြစ်စေသည်။ 
စီးပွားရေးတရားမျှတမှု (economic justice)ဟူသည်လုပ်ကြံဖန်တီးတီထွင် ထားသောဝေါဟာရတစ်ခုမဟုတ်။ ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီအတွက်
ကြိုတင်လိုအပ်ချက်တစ်ခု (a prerequisite) ဖြစ်သည်။
အနောက်ဒီမိုကရေစီကမ္ဘာတွင် Fiscal federalism ခေါ်တိုင်းပြည်၏အမျိုး သားဝင်ငွေကိုဗဟိုအစိုးရတစ်ဦးတည်းသဘောဖြင့်စီမံခန့် ခွဲမှုမလုပ်ဘဲပြည် နယ်အစိုးရများ၏သဘောတူညီချက်အတိုင်းခွဲဝေသုံးစွဲသည့်စံနစ်ကျင့်သုံးနေကြသည်။(မြန်မာပြည်မှချင်းတောင်လို)ဖွံ့ ဖြိုးမှုအနည်းဆုံးပြည်နယ်များအ တွက်ပို၍ချမ်းသာသောပြည် နယ်များမှထည့်ဝင်ပေးသည့်အထူးပံ့ပိုးရေး ဘဏ္ဍာငွေဖြင့် Equalization Program တစ်ခုဖန်တီးပေးထားသည်။ 
အခွင့်အရေးတန်းတူမရခြင်းသည်ခွဲထွက်ရေးကိုဦးတည်စေသောအဓိကအချက်ဖြစ်သည်။
နိုင်ငံတကာစောင့်ကြည့်ပရိဿတ်ကမြန်မာအစိုးရသစ်၏နိုင်ငံရေးအမြင်မှန်ရလာမှု
political enlightenment ကိုအသိ အမှတ်ပြုသလိုအာဏာရှင်နိုင်ငံတော်ဟောင်းက ထားရစ်သောအမွေဆိုးများကိုရင်ဆိုင်ကိုင်တွယ်ရာ၌၀န်နှင့်အားချိန်ဆနေသည်
ကိုနားလည်ပေးနိုင်သည်။သို့ သော်နားလည်ပေးခြင်းသည်မအောင်မမြင်ဖြစ်လာ သည့်အခါခွင့်လွှတ်ခြင်းအဖြစ်သို့ ပြောင်းလဲပေးလိမ့်မည်တော့မဟုတ်ပေ။ 
ကျရှူံးခြင်း (failure) အားကျရှူံးခြင်းအဖြစ်သာသတ်မှတ်ကြပါလိမ့်မည်။
လောလောဆယ်အစိုးရလက်ထည်းတွင်ပူပူလောင်လောင်ပြဿနာသုံးခု
(ကချင်ကေအိုင်အေ - ရခိုင်ဘင်္ဂလီ - မုံရွာ-ဦးပိုင်/၀မ်ပေါင်) ရှိသည်။
၎င်းတို့ အနက်တစ်ခုမှလွယ်လွယ်နှင့်ပြီးသွားမည့်ပုံမပေါ်၊ ပို၍ကြီးထွား
ကျယ်ပြန့် မလာကြလျှင်ပင်ကံကောင်းနေသည်ဟုမှတ်ယူရမည်။
သို့ သော်ငြားလည်းတစ်ခုသောရှူဒေါင့်မှနှိုင်းယှဉ်သုံးပြန်သပ်လျှင်မြန်မာနိုင်ငံ၏
ဒီမိုကရေစီဖေါ်ဆောင်ရေး၊ စီးပွားရေးတိုးတက်ဖွံ့ ဖြိုးရေးသည်ထင်ရသလောက်မခက်ပါ။
အဘယ့်ကြောင့်ဆိုသော်မြန်မာသည်ကမ္ဘာ့ဒီမိုကရေစီမိသားစုကြီးအတွင်းသို့ နောက်ဆုံး မှဆိုရလောက်အောင်နောက်ကျ၍၀င်လာသူဖြစ်သည် (late latecomer)
မိမိ၏ရှေ့ ၌နိုင်ငံရေးစီးပွားရေးအသွင်ကူးပြောင်းမှုပြီးမြောက်သွားကြသော သမိုင်းလမ်းကြောင်းဆင်ဆင်တူသော၊ အရွယ်တူနိုင်ငံပေါင်းဒါဇင်နှင့်ချီ 
၍ရှိနေပြီးသားဖြစ်သည်။ တောင်ကိုးရီးယား၊ တိုင်ဝမ်၊ ထိုင်း၊ ဖိလစ်ပိုင် ၊တောင်အာဖရိက
ဂါနာ၊ နိုင်ဂျီးရီးယား၊ ချီလီ၊ အာဂျင်တီးနား၊ မက္ကဆီကိုစသည့်ဖြင့် Samuel Huntington ၏တတိယလှိုင်းနိုင်ငံ (Third wave countries) တစ်ဒါဇင်မကရှိကြသည်။
သင်္ခစာများမကုန်နိုင်မခမ်းနိုင်ရှိနေပါသည်။
မြန်မာနိုင်ငံသားများကတကယ်လုပ်ချင်သောစိတ်ဓါတ် (Political will) သာလိုအပ်ပါသည်။
မြန်မာသံတော်ဆင့်