Myint Shwe took a journalism program from Ryerson University 2004
Loading...
Wednesday, July 17, 2013
မြန်မာ့လွပ်လပ်ရေးမှာ ဖခင်ရှိသလား - "နတ်နေကိုင်း" ကို တက်၍ "ချိုင်" ခြင်း
“သမိုင်းဆိုတာနောက်ဆုံးပိတ်ဖြစ်တဲ့စစ်ကြီးမှာအနိုင်ရလိုက်တဲ့ဘက်ကရေးတဲ့အတိုင်းဖြစ်တယ်
[History is written by the winner of the last war.] ”ဆိုတဲ့အဆိုအမိန့် တစ်ခုကို လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်က တစ်နေရာမှာကျနော်ကိုးကားခဲ့ဘူးပါတယ်။ [ပါမောက္ခမိုက်ကယ်အောင်သွင်ရဲ့ Myth and History – Univ. of Hawaii- 1992] စာအုပ်ရဲ့နောက်ဆက်တွဲကဏ္ဍပါ(ဒေါ်)အောင်ဆန်းစုကြည်နဲ့ န၀တဗိုလ်ချုပ်တွေရဲ့ အားပြိုင်ပွဲ အကြောင်းသူ့ သုံးသပ်ချက်ကိုကျနော်က(မြန်မာလို)ထပ်ပြီးသုံးသပ်ရာမှာကိုးကားခဲ့ပါတယ်။
မိုက်ကယ်အောင်သွင်ကစစ်ကြိုကာလနဲ့ စစ်ကြီးအတွင်းအောင်ဆန်းရဲ့အတွေးအခေါ်
အပြုအမူတွေကိုလွှမ်းမိုးထားတဲ့သမိုင်းအခြေအနေတွေတင်ပြပီးအောင်ဆန်းဘယ်လို
လူစားဖြစ်သည်ကိုအကဲဖြတ်ပြထားခဲ့ပါတယ်။ အထူးသဖြင့်၁၉၈၈ နောက်ပိုင်းမှာအောင်ဆန်းနဲ့ အောင်ဆန်းစုကြည်ကို
လူချင်းသားအဖဖြစ်တာနဲ့ နိုင်ငံရေးချင်းပါသားအဖဖြစ်ကြသ ယောင်ယောင်
လုပ်နေကြတာတွေကိုသူဝေဘန်ထားတယ်။ သူ့ ဝေဘန်ချက်ကို complimentary 
သဘောဖြစ် တဲ့ကျနော်ရဲ့သုံးသပ်ချက်ကိုတော့အမှတ်အသားပြု (noted) တဲ့သူသုံးဦးရှိခဲ့ပါတယ်။ 
[မိုက်ကယ်အောင်သွင်၊ အဲဒီအချိန်ကပါရဂူတန်းတက်နေတဲ့သူ့ သားနဲ့  - ဗိုလ်မှူးရဲထွဋ် (ယခုပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်) တို့ ပါ။]
သမိုင်းကို -အထူးသဖြင့်ကိုယ့်မျိုးဆက်နဲ့ သိပ်အလှမ်းမဝေးသေးတဲ့သမိုင်းကို - 
ဇာတ်ခုံပေါ်မှာလတ်တလော အထက်စီးရနေတဲ့သူတွေဖွင့်ဆိုတာ-အဓိပ္ပါယ်ကောက်ပြတာ
 (interpret) တာကိုစာဖတ်သက်နည်းနည်းရင့်လာတဲ့သူတွေအဖို့ အရသာမတွေ့ ဖြစ်လာတတ်ပါတယ်။ အမှန်တရားအဖြစ်လက်ခံထားပြီးဖြစ်တဲ့အချက်အလက်တစ်ခု (a reigning orthodoxy) ရဲ့ခိုင်မာမှုကိုပြန်လည်စစ်ဆေးတဲ့ဆွေးနွေးချက် တစ်ခုခုပေါ်ထွက်လာရင်လဲ ယခင်ကဒီအချက်နဲ့ ပါတ်သက်လို့ အမှတ်တမဲ့နေခဲ့သူတွေအတွက်နွေခေါင်ခေါင်
မိုးကြိုးပစ်လိုက်သလိုဖြစ်သွားတတ်ပါတယ်။ 
သို့ သော်အချက်အလက်အသစ် - အဓိပ္ပါယ်ကောက်ပြမှုအသစ် (Re-interpretation of history) ကိုမျက် စေ့မှိတ်ငြင်းဆန်တာမျိုး-လက်မခံတာမျိုးမလုပ်ချင်တဲ့သူတွေမှာတော့
စာစုံအောင်ပြန်ဖတ်ရ၊ သမိုင်းနောက်ခံကို (historical context)
ပြန်တူးဆွရနဲ့ အလုပ်ရှူပ်ကုန်ရော။ 
အထူးသဖြင့်ယခုအချိန်လိုဗြုံးကနဲလွပ်လပ်ပွင့်လင်းလာချိန်ကျမှအခြားပြဿနာပေါင်းစုံ
နဲ့ ပြိုင်တူဆိုသလိုတစ်ချိန်တည်းစုပြုံတိုးထွက်လာရင်ပိုအလုပ်ရှူပ်တယ်။
တလောကမြန်မာဂျာနယ်မှာပါလာတဲ့ မြန်မာ့လွပ်လပ်ရေးကျိုးပမ်းမှုသမိုင်းမှာ
ဗိုလ်ချုပ်အောင်ဆန်းရဲ့အခဏ်းကဏ္ဍ-အထူးသဖြင့်လွပ်လပ်ရေးဖခင် ဟူသောသတ်မှတ်ချက်ကိုပြန်လည်စီစစ်တဲ့သဘောဆောင်းပါးတစ်ပုဒ် ဟာစာဖတ်သူတွေကိုတော်တော်စိတ်ဝင်စားစေလိမ့်လို့  ထင်ပါတယ်။
ဒီဆောင်းပါးနဲ့ ပါသတ်သက်လို့ အဓိက အချက်အချို့ ကိုထုတ်ကြည့်လိုက်တဲ့အခါ -
ဗိုလ်ချုပ်အောင်ဆန်းကိုမြန်မာ့လွပ်လပ်ရေးဖခင်အဖြစ်အသိအမှတ်ပြုရန်ဝန်လေးတယ်။ အကြောင်းရင်းကတော့ Atlantic Charter (11941)အရအင်္ဂလိပ်ကကိုလိုနီများကိုလုံးဝ လွပ်လပ်ရေးပေးရန်ဆုံးဖြတ်ပြီးသားဖြစ်လို့ ပါတဲ့။ 
ဥရောပမှာဟစ်တလာကနိုင်ငံငယ်တွေကိုစတင်သိမ်းပိုက်နေတာတစ်နှစ်ကျော်လာတဲ့အထိ
ဘာမှမတတ်နိုင်တဲ့အင်္ဂလိပ်ကစစ်ထဲမပါချင်သလိုပါချင်ဖြစ်နေတဲ့အမေရိကန်ကိုသွေးဆောင်
ရအောင်ကနေဒါနိုင်ငံရဲ့အရှေ့ ဖက်စွန်းနယူးဖေါင်လန်ကျွန်းရေလက်ကြားကလေးတစ်ခုမှာ
ချာချီနဲ့ ဝီလဆင်ချိန်းတွေ့ ပြီးေ၀၀ါးဝါးလေသံနဲ့ ရေးခဲ့တဲ့ ဒီ Atlantic Charter ကိုဘယ်သူမဆို 
Wikipedia မှာမူရင်းအတိုင်းအလွယ်တကူသွားဖတ်ကြည့်နိုင်ပါတယ်။
အဲဒါကအသစ်အဆန်းမဟုတ်ပါဘူး။ လှည့်စားနည်းအဟောင်းကြီးပါ။ 
ပထမကမ္ဘာစစ်ကြီးတုံးကလဲအင်္ဂလိပ် နိုင်ငံခြားရေးဝန်ကြီးဘဲလ်ဖိုးကဘဲလ်ဖိုးကြေငြာ
စာတမ်း (Belfour Declaration - 1917) ဆိုတာကိုထုတ်ပြန်ခဲ့ဘူးတယ်။
ဂျူးတွေကိုနိုင်ငံတစ်ခု ထူထောင်ခွင့်ပြုမယ်-အာရပ်တွေကိုလည်းမထိခိုက်စေရ ပါဘူးလို့ ဆိုထားတဲ့ေ၀၀ါးဝါးစာတစ်စောင်မျှပါဘဲ။ 
ဒီကြေငြာချက်ဟာနောင်မှာအာရပ်အစ္စရေးပဋိပက္ခကိုမွေးဖွားစေတယ်လို့ သမိုင်း
သုတေသီတွေကဆိုကြတယ်။ 
တစ်ခါဒီကြေငြာချက်ကိုအာရှမှာရှိတဲ့ဗြိတိသျှအလိုတော်ရိတွေကဆင့်ပွားအဓိပ္ပါယ်ကေါက်ပြ
ကြပုံကတော့ (ပထမကမ္ဘာ)စစ်ကြီးပြီးရင်လွပ်လပ်ရေးမဟုတ်တောင်ကိုပိုင်အုပ်ချုပ်ရေးရကြ
လိမ့်မယ်လို့ ဖြစ်တယ်။ 
အထူးသ ဖြင့်အိန္ဒိယတိုက်ငယ်ကကိုလိုနီနယ်သားတွေကိုအင်ပါယာအတွက်အသေခံခိုင်းဘို့ ပါ။ (ရွှေဥဒေါင်းရဲ့ဝတ္ထုထည်း မက်ဆိုပိုးမီးယား(ဗြိတိသျှလက်အောက်ခံအီရပ်)မှာစစ်တိုက်ခဲ့ရတဲ့ “ဂျမဒါကိုကိုကြီး” တို့ လိုပေါ့။)
ဒုတိယကမ္ဘာစစ်ဦးမှာထုတ်ပြန်တဲ့အတ္တလန်တစ်ချာတာမှာတော့အင်္ဂလိပ်ကသူ့ 
လက်အောက်ခံနိုင်ငံတွေကိုစစ်ပြီးရင်လွပ်လပ်ရေးပေးမဲ့အကြောင်းတစ်လုံးမှတိုက်ရိုက်မပါဘူး။ အလွန်ဆုံးပြောထားတာက
restoration of self-government to those deprived of it - ကိုယ်ပိုင်အုပ်ချုပ်ရေးပြီးသားသူတွေ(စစ်ကြီးကြောင့်-ဂျာမဏီ -ဂျပန်တို့ ကြောင့်) ဆုံးရှူံးခဲ့ယင်စစ်မဖြစ်မီကအနေအထားကိုပြန်ဖြစ်စေရမယ်-ဒါဘဲ။ 
အဲဒါကိုမြန်မာကိုအင်္ဂလိပ်ကလွပ်လပ်ရေးပေးမဲ့အစီအစဉ်ပါလို့ ဆောင်းပါးရှင်က
ဘယ်လိုလုပ်အဲဒီအဓိပ္ပါယ်ကောက်နိုင်သလဲစဉ်းစားကြည့်လို့ မရဘူး။
ဒုတိယကမ္ဘာစစ်ကြီးပြီးသည့်နောက်မြန်မာနိုင်ငံထက်နောက်ကျပြီးအင်္ဂလိပ်လက်အောက်မှ
လွပ်လပ်ရေးရခဲ့ တဲ့နိုင်ငံပေါင်း ၃၀ကျော်ရှိတဲ့အနက် ဆူဒန် (၁၉၅၆) မလေးရှား (၁၉၅၇) ဂါနာ (၁၉၅၇) နိုင်ဂျီးရီးယား (၁၉၆၀) တန်ဇန်နီးယား (၁၉၆၁) ယူဂန်ဒါ (၁၉၆၂) ကင်ညာ (၁၉၆၃) 
ဇန်ဘီယာ (၁၉၆၄) နှင့်ဇင်ဘာဘွေ (၁၉၈၀) တို့ ဟာမြန်မာနိုင်ငံလိုပဲအရွယ်အစား (size, territory) တွေကအသင့်အတင့်ကြီးမားပြီး 
သဘာဝသယံဇာတ ပေါကြွယ်ဝကြတဲ့အတွက်သူတို့ ရဲ့လွပ်လပ်ရေးကိုအသေအကျေ
တိုက်ယူခဲ့ရသောနိုင်ငံများဖြစ်ကြပါတယ်။
ပါကစ္စတန်၊ မြန်မာတို့ ဟာစစ်ပြီး နောက်ပိုင်းအင်္ဂလိပ်ကိုတကယ်လက်နက်ကိုင်
တိုက်မထုတ်ခဲ့ရတာကအဲဒီနိုင်ငံများကိုဘယ်လိုမှဆက်ထိမ်းမထားနိုင်သည်ကို
အားလုံးသိနေကြအတွက်အင်္ဂလိပ်ကလက်ဦးမှုယူသွားတာပါ။ 
ဂန္ဓီရဲ့ Quit India, ဆူဘတ်စ် ချန္ဒရာဘိုစ့်ရဲ့ INA, အောင်ဆန်းရဲ့ BIA တို့ 
အနက်အောင်ဆန်းရဲ့ BIA ဟာတကယ့်စစ်ရည်ဝနေတဲ့လူသုံးသောင်း ဖြစ်တယ်။ 
ပထမဆုံးအကြိမ်အဖြစ်အင်္ဂလိပ်နှင့်တကယ်တိုက်ခဲ့တဲ့ရွှေတောင်တိုက်ပွဲ (၁၉၄၁) မှာ
BIA ဗိုလ်ရန်နိုင် ရဲ့ မီးကျိုးမောင်းပျက်များသာကိုင်နိုင်တဲ့ (ragtag rifle and spear army) လူ ၁၃၀၀ ပါတပ်က အိန္ဒိယသို့  အောင်မြင်စွာဆုပ်ခွာ နေတဲ့အင်္ဂလိပ်သံချပ်ကားတပ်မကိုတင့်ကားဆယ်စီးနှင့်
အမြောက်ကြီးနှစ်လက်ဆုံးရှူံးကာ၊ စစ်သည် ၃၅၀ သေကြေဒဏ်ရာရစေခဲ့ပါတယ်။ 
မိမိဘက်မှာစစ်ရေးကြွမ်းကျင်သူဟူ၍ အီကေဒါနဲ့ ဟီရာယာမာဆိုတဲ့ဂျပန်စစ်ဗိုလ်နှစ်ဦးသာ စစ်ရေးအကြံပေးအဖြစ်ပါခဲ့တယ်။(သူတို့ နှစ်ဦးစလုံးမြန်မာတွေနဲ့ အတူကျဆုံး)
အဲဒီ့နောက်ဂျပန်တော်လှန်ရေးမှာဂျပန်သုံးသောင်း(မဟာမိတ်တွေနဲ့ တိုက်လို့ ကျဆုံးတာမပါ)
အသက်ပျောက်ကျန်ရစ်အောင်တိုက်ခဲ့တာကိုသခင်တင်မြရဲ့ဖက်ဆစ်တော်လှန်ရေးဌာနချုပ်နဲ့ 
တိုင်းဆယ်တိုင်း (ပုဂံ - ၁၉၆၄)မှာစာရင်းအတိအကျပြုစုဖေါ်ပြထားတယ်။ 
ဒီအချက်ကိုခုထိ ဘယ်ဂျပန်ပညာရှင်ကမှငြင်းချက်မထုတ်ဘူး။ စစ်ဦးစစ်ဖျားဒေသ 
(overstretched) လဲဖြစ်တာမို့ မြန်မာဟာအာရှမှာဂျပန်အသေဆုံးနိုင်ငံဘဲ။
၁၉၄၈မှာဒုတိယအကြိမ်အဖြစ်အင်္ဂလိပ်နှင့်တကယ်မတိုက်ဖြစ်ခဲ့ရခြင်းမှာအင်္ဂလိပ်က
လည်းစစ်ပမ်းနေ၊အောင် ဆန်းကလည်းအင်အားကိုနောက်ခံပြုပီး (from a position of strength) ဆွေးနွေးနိုင်ခဲ့ မှုကြောင့်သာဖြစ်တယ်။ 
(မလေးရှားတွင်ကွန်မြူနစ်ချင်ပင်း၏သူပုန်များသည်အင်္ဂလိပ်ကိုတကယ်တိုက်ခဲ့ရပြီး
မလေးရှားဟာ ၁၉၅၇ ခုနှစ် ကျမှလွပ်လပ်ရေးရတယ်။)အင်္ဂလိပ်ဟာကိုလိုနီတွေကို
တကယ်လက်လွှတ်ချင်သလားမလွှတ်ချင်ဘူးလားဆိုတာကိုသိချင်ယင်စစ်ကြီးအပြီးမှာ
သူဖန်ဆင်းလိုက်တဲ့ဗြိတိသျှဓနသဟာယ British Common Wealth (အခုတော့ရှေ 
က “ဗြိတိသျှ”ဆိုတဲ့ စကားလုံးကိုဖြုတ်လိုက်ပီ) ကိုကြည့်ရင်သိနိုင်တယ်။ 
အရှင်သခင်ဘ၀နဲ့ အသာစီးရခဲ့တဲ့အုပ်ချုပ်ရေးနည်းပညာ တွေ၊ကုန်သွယ်စီးပွားရေး
ပညာတွေလက်လွှဲပေးရေးတွေဗန်းပြပီးကိုလိုနီနိုင်ငံဟောင်းတွေကိုတနည်းတဖုံဆက်
လက်ပီးစစ်ရေးစီးပွားရေးအရထိမ်းချုပ်ထားရေးအစီအမံပါဘဲ။ ဒါကိုလုံးဝလက်မခံတဲ့အောင်ဆန်းကကိုယ့်ဖာသာ ကိုယ်သပ်သပ်နေချင်လို့  လွပ်လပ်ရေးယူတာလို့ သူ့ ကိုနားချတဲ့အိုင်စီအက်စ်ကြီးတစ်ယောက်ကို
ဘုတောတာ ကိုတစ်နေရာမှာဖတ်ရဘူးတယ်။
ဒီသမိုင်းလက်တွေ့ များကြောင့်တိုက်စရာမလိုပဲအင်္ဂလိပ်ကလွပ်လပ်ရေးပေးမှာပါ
ဆိုတဲ့မှောက်မှားတဲ့အယူအဆဟာအင်္ဂလိပ်ကိုယုံကြည်ကိုးစားလွန်းရာကျနေတယ်။
အချို့ သောဗုဒ္ဓဘာသာဝင်ဗမာများကဲ့သို့ ပင်ဘာသာရေးနှင့်နိုင်ငံရေးမကွဲပြားလှဘူး။ 
သူ့ စာအသွားအလာအရပြည်သူ့ တမန်အမည်ခံဆောင်းပါးရှင်ဟာကချင်တိုင်းရင်းသား
တစ်ဦးဖြစ်ကောင်းဖြစ် နိုင်ပါတယ်။အဲဒီလိုဖြစ်ခဲ့ရင်လဲဗမာမဟုတ်တဲ့တိုင်းရင်းသားတွေက
ဗမာဖြစ်တဲ့အောင်ဆန်းကိုအသိအမှတ်မ ပြုနိုင်တာကိုနားလည်ပေးလို့ ရပါတယ်။ စိတ်ထည်းကမကြည်ညိုတာကိုအတင်းဘယ်လိုမှကြည်ညိုခိုင်းလို့ မရ နိုင်ပါဘူး။ 
ဒါတင်မကယခုတိုင်ဆက်လက်လောင်ကျွမ်းဆဲ KIA နဲ့ ဖြစ်နေတဲ့ပြည်တွင်းစစ်မီးကြောင့်ဗမာတွေ အားလုံးကိုသိမ်းကြုံးမုန်းလာတာကိုလည်းသဘာဝမကျသည့်တိုင်နားလည်ပေးလိုက်ပါ့မယ်။ ဒါပေမဲ့သမိုင်းကို ပြန်ပြီးအဓိပ္ပါယ်ဖွင့်တဲ့အထိအထူးသဖြင့်ကိုလိုနီနယ်ချဲ့ သမားကိုစေတနာ့ရှင်အဖြစ်
အသိအမှတ်ပြုပြီးအောင်ဆန်းကိုတော့အချောင်အမှတ်ဝင်ယူတဲ့သူတစ်ဦးအဖြစ်ပြန်သုံးသပ်ပြတာ
ကတော့ခေတ်ကာလလူငယ်စကား နဲ့ ပြောရယင် “နဲနဲ ‘များ’ သွားပြီနော်” လို့ ပြောချင်တယ်။
ဘာဘဲဖြစ်ဖြစ်လွပ်လပ်ခွင့်တွေရလာတဲ့အပေါ်မှာမှီပြီးအခုလိုအတွေးတွေရဲတင်းလာတာကောင်းပါတယ်။ လွပ်လပ်ခွင့်ကိုအလွဲသုံးပြီးအောင်ဆန်းဟာအချောင်သမားလားတို့ ပြည်တန်ဆာလုပ်ငန်းတရားဝင်ဖြစ်ရေး တို့ စတဲ့စတန့် တွေ (stunts) တွေလုပ်လာကြတာကတော့မသင့်တော်ဘူးပေါ့။ ရထားတဲ့အသစ်စက်စက် ဒီမိုကရေစီကလေးဟာအလွဲသုံးတဲ့လူတွေများလာယင်အရူးထောင်ဖွင့်ပွဲကြီးဖြစ်လာလိမ့်မယ်။
ဟိုချီမင်းလောက်ပဲရှိတယ်။လွပ်လပ်ရေးအတွက်ကိုယ်ပိုင်စစ်တပ်ထူထောင်မှဖြစ်မယ်ဆိုတာကို
Indochina Federation ကိုလွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကျော်ကတည်းကချခင်းခဲ့တယ်။
ကိုယ်စီလွပ်လပ်ရေးသာမကနိုင်ငံကြီးတွေအကြားမှာနိုင်ငံငယ်တွေထာဝရရှင်သန်ရပ်
တည်နိုင်အောင်ကိုယ့်အချင်းချင်းစုစည်းရေးကိုတင်ပြခဲ့တယ်။
လွပ်လပ်ရေးမတိုင်မီတစ်နှစ် (၁၉၄၇) ဟာအောင်ဆန်းအတွက်ကောအဲဒီခေတ်ကမြန်မာနိုင်ငံမှာ အသက်ရှင်နေထိုင်ခဲ့တဲ့လူအားလုံးကိုပါဘယ်လိုလူစားတွေဖြစ်တယ်ဆိုတာစာမေးပွဲစစ်တဲ့နှစ်ဖြစ်တယ်။ အသေးစိတ်ကို သတင်းစာဆရာဦးပုကလေးရဲ့ငါတို့ ဗိုလ်ချုပ်ဘာတွေလုပ်ခဲ့သလဲဆိုတဲ့စာအုပ်မှာ
ဖတ်နိုင်တယ်။သူမကျဆုံးမီ နောက်ဆုံးလပိုင်းမှာပြောသွားတဲ့မိန့် ခွန်းဟာလဲလွပ်လပ်ရေးနဲ့ 
ထိုက်တန်တဲ့စိတ်ဓါတ်တွေရှိကြဘို့ ဒဲ့ဒိုးကြီးပြောသွားတာဘဲ။အဲဒီမိန့် ခွန်းဟာအခုလို
လွပ်လပ်ရေးကသူ့ အလိုလိုရမှာပါဆိုတဲ့စိတ်ဓါတ်ရှိနေ
သူတွေကိုရည်ရွယ်ခဲ့ လေသလားတောင်အောက်မေ့ရတယ်။
ထင်ယောင်ထင်မှားဖြစ်လာသလဲ။ အကြောင်းတော့ရှိရပါမယ်။ 
ဟုတ်ကဲ့ - အကြောင်းခိုင်ခိုင်မာမာရှိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းမရှိတော့တဲ့နောက်ပိုင်းသူရဲ့ကြီးမားတဲ့ပုဂ္ဂိုလ်ရေးအရှိန်အ၀ှာကိုနိုင်ငံရေး
အတွက်အသုံးချခဲ့သူတွေရှိခဲ့ပါတယ်။ပထမဆုံးအသုံးချသူကတော့ဗိုလ်ချုပ်နေ၀င်းပါ။
သူ့ ရဲ့မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကိုအောင်ဆန်းလမ်းစဉ်လို့ ကိုအတိအလင်းကြေငြာပြီးနိုင်ငံရေး
အရတရားဝင်မှု (political legitimacy)ကိုရယူခဲ့ပါတယ်။ဒါပေမဲ့၂၆ နှစ်တာကာလမှာ
တိုင်းပြည်ကလက်တွေ့ ဖြတ်သန်းခဲ့ရတာကသူ့ ရဲ့အာဏာရှင်စံနစ်ကြီးသာဖြစ်နေတယ်။ 
သူ့ ကိုဖယ်ရှားတဲ့အခါမှာအသုံးချဘို့ သူ့ ထက်သမိုင်းရေးရာတန်ဘိုးကြီးမားတဲ့လူကို
ရှာမရဘူးဖြစ်ခဲ့ကြ တယ်။ (ဦးနု - ဗိုလ်လင်္ကျာစတဲ့အစဉ်အလာကြီးမား သူတွေတောင်ဦးနေ၀င်းကိုမယှဉ်နိုင်ခဲ့ကြဘူး။)
တကယ်တမ်းသူ့ ထက်သမိုင်းအရကြီးမားတဲ့ပုဂ္ဂိုလ်မရှိတဲ့အခါမှာအောင်ဆန်းရဲ့
သားကြီးဖြစ်တဲ့အောင်ဆန်း ဦးကိုအသုံးချဘို့ စိတ်ကူးရကြတယ်။ 
ရှစ်လေးလုံးကာလအစပိုင်းမှာလူတိုင်းကအောင်ဆန်းဦးပြန်အလာကို မျှော်ခဲ့ကြတယ်။ ဒါပေမဲ့အောင်ဆန်းဦးကိုအားမကိုးရတဲ့အခါမှာတော့မရှိသုံးအဖြစ်နဲ့ မိခင်နေမကောင်းလို့  အင်္ဂလန်ကခဏပြန်ရောက်နေတဲ့အောင်ဆန်းစုကြည်ကိုပွဲထုတ်လာကြတယ်။
အဲဒီမှာတင်ပြဿနာစတော့ တာပဲ။
ရှစ်ဆယ့်ရှစ်နောက်ပိုင်းအဏာသိမ်းထားတဲ့တပ်မတော်ဟာအောင်ဆန်းရဲ့
သမီးအောင်ဆန်းစုကြည်နဲ့ ထိပ်တိုက်ဖြစ်ခဲ့တယ်။ အောင်ဆန်းထူထောင်ခဲ့တဲ့
တပ်မတော်နဲ့ အောင်ဆန်းရဲ့သမီးအကြားကပြဿနာမှာကွယ် လွန်သူအောင်ဆန်း
ဟာသေပြီးလို့ နှစ်ပေါင်း ၆၀ ကျော်မှဝေဘန်ခံရတာဖြစ်လာရတယ်။ 
အတိုက်အခံဘက်ကအောင်ဆန်းရဲ့အရှိန်အ၀ှာကိုအသုံးချလေလေအာဏာလက်ရှိ
တပ်မတော်ခေါင်းဆောင်တွေကအောင်ဆန်းကိုမသိကျိုးကျင်ပြုလာရလေလေဖြစ်လာတယ်။ အာဇာနည်နေ့ တွေကိုဝတ်ကြေ၀တ်ကုန်ကျင်းပခဲ့ကြသလိုငွေစက္ကူတွေပေါ်က
အောင်ဆန်းရုပ်ပုံတွေကိုလည်းဖယ်ရှားလာခဲ့တယ်။ 
[ခေတ်ပြိုင်ဖြစ်တဲ့အင်ဒိုနီးရှားကိုကြည့်ယင်ဆူကာနိုရဲ့ သမီးဖြစ်တဲ့မေဃာဝါတီဆူကာနိုပူထရီဟာတပ်မတော်ခေါင်းဆောင်တွေနဲ့ ရန်မဖြစ်တဲ့ အတွက်သမတရာထူးကိုရသွားခဲ့တယ်။နိုင်ငံခြားသားအထူးသဖြင့်ကိုလိုနီအရှင် သခင်ဟောင်းနိုင်ငံသားနဲ့ အိမ်ထောင်မပြုတာလဲပါမယ်။ ဒါတောင်ချက်ချင်းသမတမဖြစ်ဘဲ အစ္စလမ်ဘာသာရေးခေါင်းဆောင်တစ်ယောက် ကိုခဏသီးခံခဲ့ရသေးတယ်။]
မြန်မာပြည်မှာတော့စုကြည်နဲ့ ထိပ်တိုက်တွေ့ နေရယုံသာမကတဘက်မှာ
လဲပြည်တွင်းစစ်ကိုဆက်တိုက်နေရလို့ တပ်မတော်ရဲ့ဂုဏ်သိက္ခာဟာတိုင်းရင်းသား
လူနည်းစုများရဲ့အမြင်မှာအတော်ဆိုးဝါးခဲ့ရတယ်။
သမိုင်းတလျှောက်လုံးပုဂ္ဂိုလ်နိုင်ငံရေးဘဲရှိနေတဲ့တိုင်းပြည်ဖြစ်လို့ တိုင်းရင်းသားလူနည်းစုတွေ
အမြင်မှာတပ်မတော်ကိုဗမာတပ်အဖြစ်ပဲမြင်ကြတယ်။ ဒီဗမာတပ်ကိုသိက္ခာချချင်ယင်အောင်ဆန်းကစပြီးပုတ်ခတ်ရမယ် - သူ့ ကိုသေးသိမ်အောင်လုပ်ရမယ်လို့ ယူဆပုံရတယ်။ ဒါတင်မကအောင်ဆန်းစုကြည် ကိုယ်တိုင်ရဲ့နိုင်ငံရေးအရည်အသွေးကလဲလူနည်းစုတွေအပါအ၀င်မြန်မာနိုင်ငံသား
အားလုံးကသူမအပေါ်မျှော်လင့်ထားခဲ့ကြသလောက်မဟုတ်တာကိုတွေ့ လာကြတဲ့အခါ
အစောကြီးကတည်းကလူ့ ပြည်မှာမရှိတော့ပြီဖြစ်တဲ့အောင်ဆန်းကိုပုတ်ခတ်ဘို့ 
ရဲတင်းလာတာလဲဖြစ်နိုင်တယ်။
တခြားကိုလိုနီနိုင်ငံတွေကအမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုခေါင်းဆောင်တွေ
 ဂန္ဓီ - ဟိုချီမင်း - မာရှယ် တီးတိုး - မင်ဒဲလားတို့ ကောအောင်ဆန်းလိုနောက်လူတွေ ကပြန်စီစစ်ပြီးအဆင့်လျှော့ချတာ (degraded) ခံခဲ့ကြရသလား။ ကျနော်မထင်ဘူး။ သူတို့ တိုင်းပြည်တွေမှာမြန်မာပြည်လိုပြည်တွင်းစစ်မရှိဘူး။ တစ်ချို့ ကအောင် ဆန်းလိုစစ်ရေးကောနိုင်ငံရေးမှာပါဦးမဆောင်ခဲ့ဘူး။ 
တစ်ချို့ ကအောင်ဆန်းလိုမာက့်စ်ဝါဒနဲ့ မပါတ်သက်ခဲ့ဘူး။ 
သူ့ ခေတ်သူ့ အခါတုံးက မာက့်စ်ဝါဒအမြင်ရှိနေမှနယ်ချဲ့ ကိုစံနစ်တကျနဲ့ 
ထိထိရောက်ရောက်ဆန့် ကျင်နိုင်တော်လှန်နိုင်တယ်။
လူပုဂ္ဂိုလ်တစ်ဦးဘယ်လောက်ကြီးမြတ်သလဲဆိုတာကိုနှောင်းခေတ်အတိုင်း
အတာနဲ့ အကဲဖြတ်လို့ မမှန်နိုင်ဘူး။ 
သူ့ ခေတ်နောက်ခံကား (historical background) ပေါ်မှာတင်ပြီးသူနဲ့ ခေတ်ပြိုင်
ပုဂ္ဂိုလ်တွေကသူ့ အပေါ်ပြု ခဲ့တဲ့မှတ်ချက်တွေကသာမှန်ကန်တယ်။
အောင်ဆန်းရဲ့ခေါင်းဆောင်မှုနဲ့ ကိုယ်ရည်ကိုယ်သွေးကိုသူနဲ့ ထိတွေ့ 
ခဲ့တဲ့ဗြိတိသျှစာရေးဆရာတွေရဲ့ရေးသားချက်တွေဒါဇင်ဝက်လောက်
ရှိနေတယ်။ နိုင်ငံရေးအရရန်ညှိုးကြီးတဲ့ဝင်စတန်ချာချီကလွဲလို့  အားလုံးကသူ့ ကိုတလေးတစားရေးထားခဲ့ကြတယ်။ 
လံကွပ်တီဝတ်ဖကီးကြီး (half naked fakir) လို့ ပက်ပက်စက်စက်ရေးခဲ့တယ်။
ပြောချင်တာကတော့ကွယ်လွန်သူဦးအောင်ကြီးရဲ့စကားတစ်ခွန်းလို
 “နတ်နေကိုင်း” ကိုတော့မခုတ်သင့်ဘူး။ ကိုယ့်အချင်းချင်း
အဆင်မပြေတာနဲ့ ဘဲ မရှိကြတော့ပြီဖြစ်တဲ့ဘိုးဘွားတွေအထိ
လိုက်မပုတ်ခတ်သင့်ဘူး။
Friday, May 31, 2013
အမျိုးသားအရေး တမျိုးသားလုံးဝိုင်းဝန်းကူညီနိုင်ခွင့်ရှိမှဖြစ်မည်
ထိုင်းနိုင်ငံတွင်ဆွမ်းခံကြွမည့်သံဃာများကိုဘာသာရေးအစွန်းရောက်များကချောင်းမြောင်းလုပ်ကြံမည့်ဘေးမှကာကွယ်မှုပြုပေးနေပုံ
ကျောက်နီမော်မှမသီတာထွေးကွယ်လွန်သည့်တနှစ်ပြည့်မြောက်ဝမ်းနည်း ခြင်းအခမ်းအနားကိုရခိုင်ပြည်နယ်မှလွဲ၍
မည်သည့်နေရာတွင်မျှကျင်းပခဲ့သည်ဟုမကြားရပေ။အနောက်ကမ္ဘာဖြစ်သောဥရောပနှင့်မြောက်အမေရိကတို့ တွင် မိမိကိုယ်ကိုယ်ကိုကာကွယ်နိုင်စွမ်းမရှိသူ (vulnerable person) တစ်ဦးအားဤသို့ စော်ကားပြီးရက်ရက်စက်စက် သတ်ဖြတ်ခံရလျှင်နှစ်ပါတ်လည်အခမ်းအနားများကျင်းပ၊ နိုင်ငံခေါင်းဆောင်(သမတ/၀န်ကြီးချုပ်) များတက်ရောက် ကာဝမ်းနည်းကြေကွဲစကားပြောခြင်း၊ ကျန်ရစ်သူမိသားစုကိုနှစ်သိမ့်ခြင်းများ ပြုလုပ်ကြသည်ကိုတီဗီ၊သတင်းစာများ
တွင်တွေ့ ရမည်ဖြစ်သည်။
မြန်မာပြည်တွင်ထိုကဲ့သို့ သောနိုင်ငံရေးယဉ်ကျေးမှု (political culture) မရှိသေးသည်မှာဝမ်းနည်းစရာကောင်းသည်။ သမတဦးသိန်းစိန်ကောငြိမ်းချမ်း ရေးနိုဗယ်ဆုရှင်အောင်ဆန်းစုကြည်ပါမိမိတို့ နှင့်မဆိုင်သလိုနေခဲ့ကြသည်။
အထူးသဖြင့်နောက်ဆက်တွဲဖြစ်ရပ်ဖြစ်သောတောင်ကုတ်တွင်အခြားအပြစ်မဲ့လူဆယ်ဦးအသတ်ခံရသောအခါ၌
သက်ဆိုင်သူပူဆွေးနေသူများ (mourners) အားကိုယ်ထိလက်ရောက်နှစ်သိမ့်မှုပေးခဲ့သောအောင်ဆန်းစုကြည်သည် ကံဆိုးရှာသူမိန်းခလေး၏နှစ်ပါတ်လည်၌မိမ္မသားချင်းဖြစ်ပါလျှက်ကိုယ်နှင့်မဆိုင်သလိုနေသည်မှာအကျည်းတန်လှသည်။
ဤအချက်သည်သူမအားသူမ၏နောက်လိုက်များက“လူထုခေါင်းဆောင်”ဟုတဖွဖွအမွှမ်းတင်နေသော်လည်း
ဤသို့ ဟုတ်မဟုတ်ရခိုင်လူထုကိုမေး ကြည့်ပါဟုစောဒကတက်စရာဖြစ်နေသည်။
သမတဖြစ်စေ-အောင်ဆန်းစုကြည်ဖြစ်စေယခုကဲ့သို့ ဗုဒ္ဓဘာသာနှင့်မူဆလင်ဘာသာဝင်များနှစ်ဘက်ပဋိပက္ခဖြစ်နေသော အချိန်မျိုးတွင်ဤအခမ်းအနားမျိုးကိုအားပေးလျှင်နိုင်ငံရေးအရမှားယွင်းသည် (politically incorrect) ဟုဆင်ခြေပေးနိုင်ကြ
ပါသည်။နိုင်ငံရေးအရမှား/မှန်ပြဿနာ (political correctness) သည်ကိုယ်ကျိုးစီးပွား(self-interest) အပေါ်အခြေတည်၍ ဆုံးဖြတ်ကြသောကိစ္စမျိုးဖြစ်သည်။ ပိုကျယ်ပြန့် သောလူသားအားလုံး၏ကောင်းကျိုး (humanitarian interest) ကိုနှလုံးသွင်း၍စဉ်းစားခြင်းမဟုတ်ခြေ။
ရေရှည်အသွင်ဆောင်လာနေသောဘာသာရေးပဋိပက္ခကိုရင်ဆိုင်ရာတွင်အစိုးရသည်အခြေအနေ၏နောက်မြီးဆွဲဘ၀သို့ ကျရောက်နေသည်။ ဦးသိန်းစိန်အစိုးရနှင့်မြန်မာနိုင်ငံသည်တဘက်ကဆင်ထားသည့် ထောင်ချောက်ထည်းတွင်မိနေသည်။  ဤအချက်ကိုရှင်းလင်းပါမည်။
အိမ်နီးနားချင်းဘင်္ဂလားဒက်ရှ်နိုင်ငံသည်လူဦးရေပေါက်ကွဲမှုဖြစ်နေသည့်နိုင်ငံဖြစ်နေသည်သာမကကမ္ဘာကြီးပူနွေးလာမှု၏အကျိုးဆက်ဖြစ်သော
ပင်လယ်ရေပြင်မြင့်တက်လာမှုကြောင့်ကမ်းရိုးတန်းဒေသများရေအောက်ရောက်ပြီးမြေဧရိယာတစတစဆုံးရှုံးနေသောနိုင်ငံဖြစ်သည်။
အာဏာရပါတီကအိမ်နီးချင်းမြန်မာပြည်နှင့်ဆက်ဆံရေးမပျက်စေရန်အစွန်းရောက်အစ္စလမ်းမစ်တွေကိုနှိမ်နင်းနေသော်ငြားလည်း
ဘီဂန်ခါလီဒါဇီယာဦးဆောင်သောအတိုက်အခံပါတီသည်တစ်ချိန်ကဂျာမန်နာဇီတွေအကြောင်းပြခဲ့သောနေစရာမြေနေရာရရှိရေး (lebensraum) ဆင်ခြေကိုပြောင်ပြောင်တင်းတင်းသတင်းစာမှပြန်၍ထုတ်ဖေါ်ကာလူပိုတွေကိုနိုင်ငံပြင်ပမှာနေရာရှာကြ ဖို့ မြှောက်ပေးနေလေသည်။
ဘင်္ဂလားဒက်ရှ်မှလူပိုများသည့်အိမ်နီးချင်းနိုင်ငံတွေထံကုန်းကြောင်းရေ ကြောင်းတို့ မှတစ်ဦးချင်းကောအုပ်လိုက်ထွက်
ခွာနေကြသည်။ တောင်ဘက်အိမ်နီးချင်းနိုင်ငံတွေထံရေကြောင်းဖြင့်ရောက်သွားကြသည့် ဘင်္ဂလီများကသူတို့ သည်
မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေပါဟုပြောကြသည်။
ထိုင်းနှင့်မလေးရှားနိုင်ငံအစိုးရများသည်သူတို့ အားလူသားချင်းစာနာမှုအရဒုက္ခသည်အဖြစ်လက်ခံပေးနေကြရသည်။
အစိုးရများကဤကဲ့သို့ လက်ခံ လာကြစေရန် INGO များကလော်ဘီလုပ်မည်ကိုသံသယရှိစရာမလိုချေ။
ထိုအစိုးရများဘက်ကကြည့်လျှင်ဤ “ရိုဟင်ဂျာ” ဆိုသူတွေကိုဒုက္ခသည် အဖြစ်သတ်မှတ်လိုက်မှသာနောက်ထပ်နိုင်ငံ
သူတို့ ဆီမှာသောင်တင်နေလိမ့်မည်ဖြစ်သည်။
လက်ရှိမလေးရှားရှိအကြီးဆုံးဒုက္ခသည်စခန်းတွင်လူတစ်သိန်းရှိနေသည်။ မြန်မာဒုက္ခသည်ပါဆိုသူတွေက ၉၀%  ကျော်ဖြစ်သည်။ပြင်ပမှာမိသားစုအလိုက်နေထိုင်ခွင့်ရနေသူတွေတရားမ၀င်နေထိုင်သူတွေမပါသေး။
ဒုက္ခသည်အဖြစ်နှင့်ရောက်လာ၍စခန်းဖွင့်ပြီးလက်ခံထားခြင်း၊အသက်ရှင်ရေးအကူအညီတွေပေးခြင်းသည်မမှားပေ။ 
သို့ သော်ထိုလူတွေကသူတို့ ဒုက္ခသည် ဖြစ်ရခြင်း၏အကြောင်းရင်းအဖြစ် “မြန်မာပြည်မှာ”လူများစုကသူတို့ ကိုနှိပ်စက်နေပါသည် ဟုပြောကြသည်။ နှိပ်စက်တာ (persecution) မရှိဘဲနှင့်ဒုက္ခသည် (တရားဝင်အသုံးအနှုံးမှာ ‘ခိုလှုံသူ’ - refugee) ဖြစ်ချင်လို့ မရပါ။
UNHCR Handbook ၏အဓိကသတ်မှတ်ချက် (criterion) ဖြစ်ပါသည်။ ထို့ ကြောင့်မြန်မာပြည်မှာလူများစုကသူတို့ အားနှိပ် စက်နေပါသည်ဟုသက်သေပြနိုင်စေရန်မှာဗလီတွေများများမီးလောင်လေကောင်းလေဖြစ်နေသည်။
ပြဿနာဆက်ဖြစ်နေအောင်ဖန်တီးနေရမည်ဖြစ်သည်။ (keeps the issue alive)။
သို့ မှသာဘင်္ဂလားဒက်ရှ်နိုင်ငံမှတိုက်ရိုက်ရာထောင်ချီ၍လစဉ်ထွက်ခွာလာသောမြန်မာဘာသာစကားတစ်ခွန်းမှနားမလည်သော
ဘင်္ဂလီများထိုင်းနှင့်မလေးရှားနိုင်ငံတွေမှာခိုလှုံခွင့်ရကြမှာဖြစ်သည်။ထို့ ကြောင့်မြန်မာပြည်မှာဘာသာရေးပဋိပက္ခဆက်ရှိနေဘို့  သူတို့ အတွက်လိုအပ်ပါသည်။ ယခုဤ “ဆင်ကွက်”ထည်းမှာမြန်မာလူထုနဲ့ မြန်မာအစိုးရမိနေသည်။ 
မြန်မာအစိုးရဘက်ကပွဲဦးထွက်အရှုံးမှာမူလပြဿနာဖြစ်သောပြည်နယ်တစ်ခုအတွင်းသို့ လူခိုးဝင်နေမှုကို
တနိုင်ငံလုံးလွှမ်းချုံသောဘာသာရေးပဋိပက္ခအဖြစ်သို့ ပုံပြောင်းပေးတာကိုခံလိုက်ရခြင်းဖြစ်သည်။
ဤအချက်ကိုကြည့်၍အခြေအနေ၏နောက်မြီးဆွဲဖြစ်နေသည်ဟုဝေဘန်ရခြင်းဖြစ်သည်။
မြန်မာအစိုးရကိုယ်စားလှယ်သည်ဤအချက်ကိုကုလသမဂ္ဂလိုစင်မြင့်မှာတစ်ဘက်ကပုဂ္ဂိုလ်များနှင့်ပြိုင်၍ငြင်းခုံကြ
၍ပြန်လှန်ငြင်းချက်မထုတ်နိုင်သောအထောက်အထားများ (Conclusive evidences) ပြသနိုင်ရပါလိမ့်မည်။
စင်စစ်မြန်မာတွေသာမကပြည်တွင်းနေမြန်မာမူဆလင်တွေလည်းဤထောင်ချောက်ထည်းမှာမိနေသည်။
သူ့ ဖက်ကိုယ့်ဖက်အဖိတ်အစင်တွေရှိနေပြီမို့ ခံစားချက်များဖြစ်နေပြီးကျော်လွှားရုန်းထွက်ဘို့ ခက်နေကြသည်။
ဖြစ်စဉ်တစ်ခုချင်းစီကိုအကျဉ်းချုပ်ပြန်ကြည့်လျှင်လှိုင်သာယာ - မိထ္ထိလာ - ဥက္ကံ - လားရှိုး အဖြစ်အပျက်တိုင်းတွင်
မူဆလင်တွေဘက်ကရန်စသည့်သဘောများထင်ရှားသည်။ ဗမာတွေ (ဗုဒ္ဓဘာသာဝင်တွေဆိုလျှင်ပိုတိကျမည်)ဘက်က
လည်းချက်ချင်းအချိန်မဆိုင်းဘဲတုန့် ပြန်နေကြသည်ဖြစ်ရာ၎င်းတို့ စိတ်ထည်းမှာနောက်ထပ်ဘယ်နေ့ -ဘယ်နေရာမှာ
ထပ်ဖြစ်မလဲဆိုသည်ကိုအသင့်နားစွင့်စောင့်မျှော်နေကြသလိုပင်။ 
ထို့ ကြောင့်ပြဿနာ၏တနှစ်သားကာလအတွင်း ဖြစ်နေကြဖြစ်စဉ်  ကို လေ့လာကြည့်လျှင် -
၁ - မူဆလင်ဘက်ကရန်စမည်
၂- ဗုဒ္ဓဘာသာတွေကနေ့ ကူးမခံချက်ချင်းပင်တုန့် ပြန်မည်
၃ - အစိုးရ (ရဲ-လုံထိမ်း-စစ်တပ်) က၀င်ထိမ်းမည် - ပုဒ်မ ၁၄၄ ထုတ်မည်။
ပြဿနာကိုကိုင်တွယ်ပုံ
ဦးသိန်းစိန်အစိုးရသည်ပြဿနာကိုအစိုးရတစ်ဦးတည်း မည်သူ့ အကူအညီဝင်စွက်မှုမျှလက်မခံဘဲ
တတ်နိုင်သမျှအုပ်အုပ်ဆိုင်းဆိုင်းနည်းဖြင့်ဖြေရှင်း လိုဟန်ရှိသည်။ဤအချက်ကိုအခွင့်ကောင်းယူ၍
နိုင်ငံရေးသမားများ (NLD, 88 မျိုးဆက်စ သည်)များကလည်းတရားခံအဖြစ်မခံလိုဘဲကျေကျေနပ်နပ်ဖြင့်ပင် လက်ရှောင်ပေးသည့်သဘောတွေ့ ရသည်။
အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောဆိုနေပုံမှာပြဿနာကိုအစိုးရကနိုင်နင်းစွာ ကိုင်တွယ်နေပါသည်ဟူသောအသွင်ကိုဆောင်ထားသည်။ ဤအချက်သည် လောလောဆယ်အတွက်တော့မှန်ကောင်းမှန်မည်။သို့ သော်တနေ့ နေ့ ဤပြဿနာရန်ကုန်ရောက်လာလျှင် တိုင်းပြည်ပျက်နိုင်လောက်သည်။ ရမည်းသင်း-ပျဉ်းမနား-ပြည်-မုံရွာ-တောင်ကြီး-တောင်ငူ-မော်လမြိုင်စသည့်မြန်မာမူဆလင်တွေ အုံခဲနေသောတခြားမြို့ကြီးများကိုထည့်မတွက်သေး။
၏အကူအညီကိုယူသင့်သည်။
ရပ်ရွာလုံခြုံရေးနှင့်ကိုယ့်ကိုကိုယ်ကာကွယ်ရေးကိစ္စ
Neighborhood security and self – protection
ကျအောင်မြင်စွာဖြေရှင်းလိုလျှင်လူထု၏အကူအညီကိုယူမှဖြစ်ပေလိမ့်မည်။
မူဆလင်များကဘုန်းကြီးများကိုရွေးချယ်၍လိုက်လံသတ်ဖြတ်နေခြင်းသည် ထိုင်းနိုင်ငံတောင်ပိုင်းတွင်အထူးအဆန်းမဟုတ်တော့။ ဆွမ်းခံကြွသောကိုယ်တော်များကိုကျည်ကာအင်္ကျီဝတ်ပေးကာစစ်သားများကနောက်ကတကောက်ကောက်လိုက်၍လုံခြုံရေးယူပေးနေရသော
သတင်းဓါတ်ပုံများပလူပျံနေသည်။မြန်မာနိုင်ငံတွင်ကားရခိုင်ပြည်နယ်တွင်ဤအဖြစ်မျိုးသံဃာတော်များရင်ဆိုင်ရကာအသက်ဆုံးရှုံးခံနေကြရ
သံဃာတော်များအားလုပ်ကြံမှုနှင့်အမျိုးသမီးများအပေါ်ရက်စက်မှုများသည်ကြိုတင်ကာကွယ်၍
ရနိုင်စကောင်းသောအရာများဖြစ်သည်။ မှန်ကန်သောနည်းဖြစ်လျှင်ထိရောက်စွာကာကွယ်နိုင်ပါသည်။
မှန်ကန်သောနည်းဆိုသည်မှာပြဿနာပေါ်လာမှရောက်လာသောလုံခြုံရေးတပ်ဖွဲ့ တစ်မျိုးတည်းကိုသာအားကိုးသည့်နည်းမဟုတ်ပါ
ဖြစ်သင့်သည်မှာ ရပ်ရွာအလိုက် “သံဃာတော်များနှင့်အမျိုးသမီးများအားကာကွယ်စောင့်ရှောက်ရေးအဖွဲ့ များ”
ဘုန်းကြီးကျောင်းများတွင်ဘုန်းကြီးကျောင်းသားကြီးများ၊လူကပ္ပိယများယခင်ကထက်ဦးရေပို၍ထားရှိကာလုံခြုံရေး အစောင့်အဖြစ်သုံးသင့်သည်။ သူတို့ အားအစိုးရ၏လုံခြုံရေးတပ်ဖွဲ့ များနှင့်အချိန်ပြည့်အဆက်အသွယ်ရှိစေရန်လက် ကိုင်ဖုံးများရရှိစေရန်စီစဉ်ပေးသင့်သည်။
ဤနည်းသည်မိမိတို့ ရပ်ရွာ၊သံဃာနှင့်မိန်းခလေးများအပေါ်ကျူးလွန်စော်ကားမှုများကိုဥပဒေဘောင်အပြင်ဘက်မှလက်တုန့် ပြန်ကြမည့်
ဗရမ်းဗတာလူအုပ် ကြီးများ (mobs) ကိုတနည်းတဖုံအားဖြင့်ကြိုတင်၍ထိမ်းချုပ်ထားရာလည်းကျပေလိမ့်မည်။
ဤစေတနာအလျှောက်တာဝန်ယူမည့်ဒေသခံလုပ်အားပေးများ၏ကာကွယ်ရေးအဖွဲ့ များအနေဖြင့် ၂၄/၇ အခြေခံဖြင့် နာရီမလပ်အလှည့်ကျကင်းတာဝန်ယူရန်ဖြစ်သည်။ သူတို့ သည်သံဃာတော်များကြွရာသို့ လိုက်ပါစောင့်ရှောက်ခြင်း၊ မသင်္ကာသောနေရာများကိုအထူးစောင့်ကြပ်ခြင်း၊ လူပြတ်သောနေရာများတွင်ကင်းလှည့်ခြင်းများလုပ်နိုင်သည်။
သူတို့ အားကိုယ်ခံပညာများ (Martial arts) သင်ပေးသင့်သည့်အပြင်တိုက်ခိုက်လာသူများ (attackers)၏ရန်မှာကာကွယ်ရန် လုံလောက်သောတန်ပြန်လက်နက်များကိုလည်းခွင့်ပြုပေးထားသင့်သည်။လူရမ်းကားအုပ်စုများကိုဖြိုခွဲရန်ရဲခွေး (Canine units) များကိုပါပူးတွဲပေးထားသင့်သည်။[မက္ကဆီကိုနှင်ထိစပ်နေသောအမေရိကန်ပြည်ထောင်စုတောင်ပိုင်းပြည်နယ်
ဤဒေသခံအရပ်သားများ၏စေတနာ့ဝန်ထမ်းသက်သက်အဖွဲ့ များသည်လုံခြုံရေးတပ်ဖွဲ့ များနှင့်ပူးတွဲဆောင်ရွက်ခြင်း (cooperation and coordination) များရှိရပေမည်။၎င်းတို့ ကိုဥပဒေနားလည်ကျွမ်းကျင်၍ရပ်ရွာကယုံကြည်လေးစားသောပုဂ္ဂိုလ်များ (respectable persons) ကအုပ်ချုပ်စေရမည့်အပြင်သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ များကအသိအမှတ်ပြုထားသင့်သည်။
ဤအစီအစဉ်က ၃ ချက်အကျိုးရှိနိုင်စေလိမ့်မည်။
၁ - အသင့်ပြင်ထားသောအနေဖြင့်စောင့်ကြည့် နေသောကြောင့်တဘက်ကရန်စရန်အခွင့်မသာဖြစ်လိမ့်မည်။ သို့ မဟုတ်ပို၍နည်းပါးသွားစေလိမ့်မည်။
 ၂ - ဗုဒ္ဓဘာသာဝင်နိုးကြားတက်ကြွနေသူများအားဤတာဝန်ပေးထားခြင်းဖြင့်သူတို့ ကိုယ်တိုင် mobs အဖြစ်နှင့်တရားလက် လွတ်တုန့် ပြန်မည့်အချက်ကိုချေဖျက်ပြီးဖြစ်စေမည်။ [သို့ သော်သူတို့ တွင်လည်း - မိမိကိုယ်ကိုကာကွယ်ပိုင်ခွင့် - သင့်လျှော်သော နည်းဖြင့်တုန့် ပြန်ခွင့်ရှိစေရမည်။] 
တနှစ်အတွင်းတဖြည်းဖြည်းနှင့်စုပုံလာနေသောဖြစ်ပေါ်မှုများ
၁ - တဘက်ကိုလျှော့ပေါ့အရေးယူနေသည်ဟူသောဗုဒ္ဓဘာသာတွေဘက်က စွပ်စွဲမှုများဆက်တိုက်ထွက်ပေါ်နေကာမကျေနပ်မှုတစတစပိုကြီးထွားလာနိုင်
ပြည်သူ့ အမြင်တွင်ကုလားကိုအကြောင်းမဲ့အလျှော့ပေးလွန်းသည်ဟုထင်လာမည်။ [လားရှိုးတွင်သာသနာရေးဝန်ကြီးကိုဘုန်းကြီးတွေကဆဲသည်အထိ ဖြစ်လာသည်။] 
၂- ၀န်ထမ်းများလာဘ်ယူသည်ဟူသောစွပ်စွဲမှုများလည်းဆက်၍ထွက်ပေါ်နေ
ပြဿနာရင့်လာသည်နှင့်အမျှဌာနဆိုင်ရာဝန်ထမ်းများအမျိုးသားရေးကိုသစ္စာဖေါက်သည်ဟူသောအမြင်ပို၍
အင်အားကြီးမားလာမည်။ အကျင့်ပျက်ဝန် ထမ်းကိုထိထိရောက်ရောက်အရေးမယူသောအစိုးရကိုပါအပြစ်မြင်လာမည်။
အစိုးရနှင့်လူထုအကြားချောက်ကမ္ဘားယခုထက်ပို၍ကျယ်ပြန့် လာမည်။
၃ - ၉၆၉ လှုပ်ရှားမှု ၇၈၆ နှင့်အပြိုင်ပြု၍ပေါ်ထွက်လာသည်။ ၉၆၉ သည်ကို လိုနီခေတ်ကအင်္ဂလိပ်တွေရွှေတိဂုံဘုရားပေါ် ဘိနပ်စီးတက်ကြတာကိုမခံနိုင်၍ YMCA ကိုတုပပြီးအမျိုး-ဘာသာသာသနာကာကွယ်စောင့်ရှောက်ရေးဆိုကာ YMBA အသင်းပေါ်
လာသလိုမျိုးပေါ်လာတာဖြစ်သည်။ ၉၆၉ သည်ဘာသာရေး -လူမှုရေး - စီးပွားရေးသုံးမျိုးစလုံးကိုချုံငုံ၍ပေါ်ထွက်လာသည်။
၎ -သူတို့ ကိုယ်တိုင်ဖွင့်ဟချက်အထောက်အထားများအရမူဆလင်ပိုင်စီးပွားရေးလုပ်ငန်းများအထိနာနေကြကြောင်းသိရသည်။
 မြန်မာစီးပွားရေးလောကတွင်မူဆလင်များသည်လုပ်ခစားကာယအလုပ်သမားရာခိုင်နှုံးနည်းပါးပြီးလုပ်ငန်းအရွယ်အစားမျိုးစုံတွင်
လုပ်ကိုင်သူများနှင့်ဈေးရောင်းစားသူများစက်မှုလက်မှုကျွမ်းကျင်သူများအဖြစ်နှင့်သာအသက်မွေးသူများသည်။၎င်းတို့ ၏ဖေါက်သည်
ဘာသာရေးကြောင့်မိတ်ပျက်ကုန်သည်။စီးပွားရေးလုပ်ငန်းပိုင်ရှင်ချမ်းသာသောမူဆလင်များအဖို့ ဘာသာရေးအစွန်းရောက်များ
ကိုကူညီမလား - ဟန့် တားပေးမလားတစ်ခုခုကိုရွေးချယ်ရတော့မည်ဖြစ်သည်။
အစိုးရသည်မူဆလင်ကိုမူဆလင်ဖြင့်ထိမ်းပေးရန်တာဝန်ပေးကြည့်သင့်သည်။ အနည်းဆုံးအားဖြင့်အကူသဘော (complementary) သုံးကြည့်သင့်သည်။ အစ္စလမ်ဘာသာတွင်ဆွန်နီ (Sunni) များကအစွန်းရောက်ပြီးရှီယား (Shia) - ဘဟာအီ (Baha’i )
နှင့်အာမက်ဒီယား (Ahmedia)  များကငြိမ်းချမ်းရေးလိုလားသည်ဖြစ်ရာဗုဒ္ဓဘာသာတွေဘက်ကသိုးနှင့်ဆိပ်ခွဲခြားနိုင်ဖို့ လိုသည်။
အစ္စလမ်ဘာသာသည်ကမ္ဘာတ၀ှမ်းတွင်အခြားဘာသာကိုးကွယ်မှုများနှင့်၎င်း၊ သူတို့ အချင်းချင်းဂိုဏ်းကွဲများအကြား၌၄င်း 
သွေးချောင်းစီးပဋိပက္ခများသမိုင်းတလျှောက်လုံးဖြစ်နေသည်။ လောလောဆယ်တွင်မြန်မာနိုင်ငံသာမကအ နောက်ဥရောပ
တခွင်တွင်လည်းဤဘာသာရေးအစွန်းရောက်များ၏သောင်းကျန်းမှုများနှင့်ရင်ဆိုင်နေကြရသည်။ 
ဤပြဿနာသည်ကမ္ဘာ့ပြဿနာကြီးတရပ်အသွင်သာမကထာဝရ(a global issue of all times) လည်းဖြစ်ရာမြန်မာနိုင်ငံကလည်းဤပြဿနာကိုရင်ဆိုင်နိုင်ရန် -
1-    အမြဲတမ်းအဖွဲ့ အစည်းတစ်ခု (a permanent, state level, body to contain extremism) ထူထောင်ထားရန်လိုပေလိမ့်မည်။
 2-    ဘာသာရေးအစွန်းရောက်သောင်းကျန်းမှုကိုရင်ဆိုင်ဖြေရှင်းနေသောအခြားနိုင်ငံများ (အိန္ဒိယ-အစ္စရေး -ယူအက်စ်အေ-ယူကေ - သြစတျေးလျားစသည်တို့ )  နှင့်လည်းပူးပေါင်းဆောင်ရွက်ရေး-အတွေ့ အကြုံဖလှယ်ရေးအစီအစဉ်များလုပ်သင့်နေပြီဖြစ်သည်။
မြန်မာသံတော်ဆင့်
Sunday, January 20, 2013
စာရေးဆရာကျော်ဝင်း သို့ ပြန်လှန်ဆွေးနွေးချက်
အင်းစိန်တောရကျောင်းနေဘက်ကိုကျော်ဝင်းရဲ့ “ ပြည်တွင်းငြိမ်းချမ်းရေးတွးမိသည်များ” ဆိုတဲ့စာကိုဖတ်လိုက်ရတယ်။ ကိုယ်အသက်ရှင်နေခိုက် ပြောသင့်ပြောထိုက်တဲ့စကားကိုတာဝန်ကျေစွာပြော
တာကျေးဇူးတင်စရာ ကောင်းတယ်။
ဒါ့အပြင်အတိုက်အခိုက်တွေ - အစွဲအလမ်းတွေများတဲ့ - ကိုယ်ကြည်ညိုတဲ့လူ ကိုဆတ်ဆတ်ထိမခံတတ်တဲ့ မြန်မာနိုင်ငံရေးလောကသား အားလုံးနားခံသာ အောင်သူ့ ကိုယ်ပိုင်ဟန်လေသံပြော့ပြော့ကလေးနဲ့ ကျွမ်းကျင်စွာ
တင်ပြထားတာတွေ့ ရတယ်။
ပြော့ပြောင်းရမယ်၊ ညက်ညောရမယ်။ မောက်မောက်မာမာပြောလဲဒီစကား - ချိုချိုသာသာပြောလဲဒီစကားဆိုတဲ့အဆုံးအမကိုကျော်ဝင်းလိုက်နာနိုင်တာကို အပြည့်အ၀မဟုတ်ပေမဲ့ကျနော်အတုယူပါတယ်။
မြေချစ်သူရဲ့ - “ငါ့အသဲကို ခွဲကြည့်ပါ - လူထုဝါဒ - မျက်လွှာချ၍ 
- ဂီတဖွဲ့ တာတွေ့ လိမ့်မယ်” ဆိုတဲ့ ကဗျာတစ်ပုဒ်လိုပေါ့။
စာရှည်လို့ နှစ်ပိုင်းခွဲတင်ပြထားတဲ့သူ့ စာရဲ့ပထမပိုင်းကိုဆွေးနွေးစရာသိပ်မရှိပါ။ လွပ်လပ်ရေးခေတ်နိုင်ငံရေးနဲ့ မရင်းနှီးတဲ့လူငယ်စာဖတ်သူတွေကိုသမိုင်း
 ကြောင်းအကြမ်းဖျင်းခင်းပြတဲ့သဘောလို့ ယူဆပါတယ်။ လိုအပ်ပါတယ်။
ဒီနေရာမှာ ‘တရားသေ၀ါဒအန္တရယ်’နှင့် ‘စကားလုံးတစ္ဆေ’ လို့ ကိုကျော်ဝင်းက အသေးစိတ် ၂မျိုးခွဲပြတဲ့အချက်ကိုတော့ကျနော်ကစစ်ပြီးခေတ်ကွန်မြူနစ်ဝါဒ ရဲ့ သြဇာလွှမ်းမိုးမှုလို့ ပဲတစ်မျိုးတည်းပေါင်းပြီးသုံးသပ်ချင်ပါတယ်။
ပြောချင်တာကတော့ဒုတိယကမ္ဘာစစ်ကြီးပြီးစခေတ်ကကိုလိုနီနိုင်ငံဟောင်းတွေ
မှာနိုင်ငံရေးနိုးကြားနေတဲ့လူတိုင်းဟာမာ့က်စ်ဝါဒရဲ့သြဇာလွှမ်းမိုးမှု အောက်မှာရှိနေ
ခဲ့ကြတယ်ဆိုတာပါ။ မြန်မာပြည်မှာလဲဒီအတိုင်းပါဘဲ။
ကမ္ဘာစစ်ကြီးကြောင့်စစ်တိုက်တဲ့အတွေ့ အကြုံလဲရ၊ လက်နက်တွေကလည်း လက်ထည်းကျန်ခဲ့တဲ့လူတွေကိုသဘောတရားအရအဆုံးစွန်တော်လှန်ရေး ကျတဲ့သဘောတရားဖြစ်တဲ့ကွန်မြူနစ်ဝါဒကလဲအဆင်သင့်သွေးထိုးလှုံ့ ဆော် ပေးနေတယ်။ အဲဒီဝါဒအရပြည်တွင်းစစ်ဆိုတာလူတန်းစားတိုက်ပွဲလို့ ခံယူ ကြတယ် - တိုက်ပွဲဝင်ရမယ်- တိုက်ရာမှာလဲလက်နက်ကိုင်တော်လှန်ရေး လုပ်မှမာက့်စ်ဝါဒီစစ်တယ်လို့ ဖြစ်ခဲ့တယ်။ အဲဒီခေတ်ကအချင်းချင်းအကြားမှာမာ့က်စ်ဝါဒီမစစ်ဘူးလို့ သတ်မှတ်ခံရယင်
ဖအေမပေါ်ဘဲမွေးတဲ့ခလေးလို့  သတ်မှတ်ခံရတာထက်ပိုနာတတ်ကြတယ်။
‘ကိုလိုနီတပိုင်း၊ ပဒေသရာဇ်တပိုင်းတိုင်းပြည်’ တို့  ‘နိုင်ငံရေးအရလွပ်လပ်ပေ မဲ့စီးပွားရေးအရမလွပ်လပ်ဘူး’ဆိုတာတို့ ဟာအဲဒီခေတ်နိုင်ငံရေးသမားတွေ
 မြန်မာနိုင်ငံကိုအကဲဖြတ်သုံးသပ်ခဲ့တဲ့စကားလုံးတွေဖြစ်တယ်။
ဒါကြောင့်ဦးနုအစိုးရကဘယ်လောက်ပဲချော့ချော့ကွန်မြူနစ်ပါတီနှစ်ခုစလုံး ဘက်ကတင်းမာတဲ့သဘောထားရှိခဲ့တယ်။ ဦးသိန်းဖေမြင့်လိုလူ 
ဦးချမ်းအေး (မောင်စူးစမ်း)  လိုလူတွေကိုအသေအလဲမုန်းတယ်။ 
အထင်သေးကြတယ်။ ဘရောက်ဒါဝါဒီ (Earl Browder/ CPUSA) လို့ ပုတ်ခတ်ကြတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကျတော့တမျိုးဖြစ်နေတယ်။ သူတို့  အမြင်မှာအမျိုးသားလွတ်မြောက်ရေးစခန်းဆင့်ဟာဗမာလူများစုကြီးအတွက်သာပြီး
ဆုံးသွားတယ်သူတို့ အတွက်ကမပြီးသေးဘူး။ ဗမာတွေလက်အောက် ကလွတ်ဖို့ 
လုပ်ရဦးမှာဖြစ်နေတယ်။ သူတို့ ကိုလဲလက်နက်ကိုင်တော်လှန်ရေး နည်းနဲ့ လုပ်မှမှန်ကန်တယ်အားလုံးကလို့ ခံယူကြအောင်စစ်ပြီးခေတ်ဗမာ မာ့က်စ်ဝါဒီတွေကပဲသင်ကြားပေးခဲ့ကြတယ်။ ကနေ့ အထိ - ရခိုင်လွတ်
 မြောက်ရေး(ပါတီ) - မွန်ပြည်သစ်(ပါတီ) - ကချင်လွပ်လပ်ရေး(အဖွဲ့ ) ဆိုတဲ့ အမည်တွေသူတို့ ရဲ့နိုင်ငံရေးပါတီဆိုင်းဘုတ်တွေမှာဒီသဘောအထင်အရှားရှိနေသေး
တာကိုတွေ့ နိုင်ပါတယ်။
ဒီလိုအခြေအနေမှာဦးနေ၀င်းရဲ့အာဏာရှင်စံနစ်ကြီးဖြတ်ဝင်လာတော့ပိုဆိုး သွားခဲ့တယ်။ ၁၉၄၉ နောက်ပိုင်းကစပီးတကယ်ခွဲထွက်နိုင်ကြတဲ့ရုပ်အင်အား မရှိကြပေမဲ့ခွဲထွက်ရေး ဆိုတဲ့စကားလုံးနဲ့ ပြည်ထောင်စုဝါဒီတွေ (Unionists) ကိုတော့ချောက်လှန့် နိုင်ခဲ့တယ်။ 
နောက်တစ်ချက်ကတော့ ၁၉၆၃ ခုနှစ်မှသည်ကနေ့ အထိအမျိုးသားစည်းလုံး ညီညွတ်ရေးကိုစစ်ရေး၊နိုင်ငံရေးနှစ်နည်းစလုံးနဲ့ အဓိကဆက်တိုက်အားထုတ်နေတဲ့
သူကတပ်မတော်ဖြစ်နေတယ်။
တပ်မတော်ဟာသူ့ ပင်ကိုအနေအထားအရပြည်တွင်းစစ်မှာကိုယ်တိုင်ပါဝင်
နေတဲ့ဘက်တစ်ဘက်ဖြစ်နေတယ်။ (a party to the conflict) ဒါကြောင့်ယုံ ကြည်မှုတည်ဆောက်ရေးဟာခက်ခဲတယ်။(ဦးခင်ညွန့် လက်ထက်အထိုက်
အလျှောက်လမ်းစပွင့်ခဲ့တာကိုထည့်ပြောမနေတော့ပါ။) ဒီတော့ပြဿနာကို တပ် မတော်ကဦးဆောင်လုပ်ကိုင်နေသမျှအပြီးသပ်ဖြေရှင်းနိုင်
ဘို့ ဖြစ်နိုင်ခြေ နည်း တယ်လို့ ဆိုရမှာပေါ့။
အလျှဉ်းသင့်လို့ ပဋိပက္ခဖြေရှင်းရေး (conflict resolution) ကိုဘာသာရပ် တစ်ခုလိုသဘောထားပြီးအရှင်းဆုံးနည်းလမ်း (methodology) တစ်ခုတည် ဆောက်ကြည့်မယ်ဆိုရင်ဒီလိုဖြစ်လိမ့်လို့ မယ်ထင်ပါတယ်။
[Issue –> agency (practitioner) –> structure –> process -> (desired) end result]
အရပ်စကားနဲ့ ပြောရယင် -> ပြဿနာကဘာလဲ -> ဘယ်သူကရှင်းပေး မှာလဲ -> ဘယ်မူဘောင်ထဲကနေရှင်းမလဲ -> ဘယ်လိုအဆင့်ဆင့်ရှင်းမလဲ ->  ဖြစ်ချင်တဲ့ကရလဒ်ကဘာလဲစသည်ဖြင့်ပေါ့။
ပထမဦးစွာ issue identification မှာပထမကိစ္စကပြဿနာရဲ့ မူလဇစ်မြစ်က နိုင်ငံရေးလား - အုပ်ချုပ်ရေးလား - စီးပွားရေးလားဆိုတာကို အရင်ဖေါ်ထုတ် ဘို့ ပါ။ နိုင်ငံရေးဇစ်မြစ်ကဆိုရင် (ဒီမိုကရေစီ နိုင်ငံမှာ)ပါလီမန်တို့ လွှတ်တော် တို့ ကိုလွှဲရမှာပါ၊ 
အုပ်ချုပ်ရေးဇစ်မြစ်ကဆိုရင် တော့အစိုးရတို့ တပ်မတော် တို့ ကိုတိုက်ရိုက်လွှဲသင့်တယ်။ တပ်မတော်ကိုလွှဲတဲ့ အခါမှာအရပ်ဘက်အာ ဏာကိုကူညီ (aid to civil power) တဲ့အဖြစ်နဲ့ သာပါဝင်သင့်တယ်လို့  မြင်ပါတယ်။
ပြည်တွင်းစစ်တွေဟာနိုင်ငံရေးဇစ်မြစ်ကြောင့်ဖြစ်တာများပြီးနိုင်ငံချင်းစစ်၊ နိုငံ အများစစ်(ကမ္ဘာစစ်)တွေကတော့စီးပွားရေးဇစ်မြစ်ကြောင့်ဖြစ်တာများတယ်။
ဒုတိယအချက်အနေနဲ့ ကတော့ပြဿနာထည်းမှာတူညီတာနဲ့ ကွဲပြားတဲ့နေ ရာတွေ 
ကျနော်တို့ မျိုးဆက်ရဲ့အသက်တွေထက်ကြီးတဲ့ပြည်တွင်းစစ်ရဲ့အခုလက်ရှိ အခြေအနေမှာ - တူတာတွေကဘာလဲ - မတူတာတွေက ဘာတွေလဲ -
ကိုကျော်ဝင်းပြောသလိုပါဘဲလက်တွေ့ မကျတဲ့ခွဲထွက်ရေးကိုဗမာမဟုတ်တဲ့တိုင်း
ရင်းသားတွေကစွန့် လွှတ်ခဲ့တာကြာပါပြီ။ တရားဝင်နဲ့ အစောဆုံးအား ဖြင့်၁၉၈၉ ခုနှစ်ကတည်းကဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ဖေဖါဝါရီလ ၁၂ရက်နေ့  မှာဝင်္ဂဘာလမ်းဗိုလ်မှုးအောင်ရဲ့ခြံဝင်းအတွင်းမှာကျင်းပတဲ့ပြည်ထောင်စုနေ့ အခမ်းအနားမှာ ‘ခွဲထွက်ရေးကိုစွန့် လွှတ်ကြောင်းပြည့်ဝတဲ့ဖက်ဒရယ်မူကိုလို ချင်’ကြောင်း
လက်နက်ကိုင်တိုင်းရင်းသားများရဲ့ (အဲဒီတုံးကအကြီးဆုံး) မဟာ မိတ်အဖွဲ့ အစည်းကြီးဆီကသူသတင်းကောင်းရထားပြီ - ဒါကြောင့်မို့ (န၀တ) အစိုးရကဆန္ဒရှိယင်သူ့ ကိုတာဝန်ပေးပါ၊အကောင်အထည်ပေါ်အောင်
သူလုပ်ပေးပါ့မယ်လို့ ဝန်ကြီးချုပ်ဟောင်းဦးနုပြောသွားတာကျနော်ကြားခဲ့ရဘူးတယ်။
လက်နက်ကိုင်သည်ဖြစ်စေမကိုင်သည်ဖြစ်စေတိုင်းရင်းသားအားလုံးဘက်က အတူတူနိုင်နေပါတယ်ဆိုတဲ့သဘောထားဟာအဲဒီကနေ အခုအထိအထိမ ပြောင်းလဲဘဲတသမတ်တည်းရှိနေတယ်လို့ ပြောလို့ ရပါတယ်။ 
ကနေ့ ဝမ်ပေါင်ကချင်နိုင်ငံထူထောင်ရေးကြွေးကျော်နေတဲ့ဂမ်ရှောင် -ဂွမ် မော်တို့ ဟာကချင်နိုင်ငံရေးခေါင်းဆောင်တွေမဟုတ်ပါဘူး၊ စစ်သားတွေပါ။ သူတို့ စကားကိုအတည်ယူလို့ မရပါဘူး။ သူတို့ ပြောနေတဲ့ဗမာဆန့် ကျင်ရေး တွေ၊ သီးခြားနိုင်ငံထူထောင်ရေး၊ ဘုရားသခင့်အကူအညီဆိုတာတွေဟာ သူတို့ ရင်ဆိုင်နေရတဲ့စစ်ရေးဖိအားအပေါ်ခံစားချက်နဲ့ ပြောနေတာဖြစ်တယ်။ စိတ်ထည်းကပါလို့ ယုံကြည်ချက်အရပြောတာလို့ မယူဆနိုင်ဘူး။]
ဒါဖြင့်တရားဝင်တာကဘာလဲဆိုရင် ၁၉၉၄ ကနေ့  ၂၀၀၄ အထိ ဆယ်နှစ် ကျော်အမျိုးသားညီလာခံကိုအစအဆုံးတက်ပြီးနိုင်ငံရေးပူးပေါင်းဆောင် ရွက်ခဲ့တဲ့ကေအိုင်အေရဲ့အပြုသဘောလုပ်ရပ်ပါ။ အတူတူနေကြမယ်ဆိုတဲ့ တူညီချက်ပါ။ 
အဲဒီတုံးကကေအိုင်အေဟာတခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်း
တွေရဲ့တလျှောက်လုံးလေးစားမှုတွေကိုအဆုံးရှူံးခံပြီးတန်ဘိုးကြီးကြီး ပေးခဲ့တာဖြစ်တယ်။
ဒါ့ကြောင့်ကနေ့ တိုက်နေကြတဲ့ဘက်နှစ်ဘက်ဟာလက်ရှိတဘက်နဲ့ တဘက်  ‘နာစရာ’တွေအပြန်အလှန်လုပ်နေပီဆိုယင်တောင်သိပ်မကြာလှသေးတဲ့အ တိပ်က ‘လွမ်းစရာ’ကလေးကိုပြန်သတိရဖို့ ကြကောင်းတယ်။ တစ်ချိန်တုံးက တူညီခဲ့တဲ့အချက်ဟာအခုလဲတူညီနေဆဲပါဘဲ။
အခြားတဘက်မှာတော့မတူညီတဲ့အချက် (difference) ကဘာဖြစ်မလဲ -
မတူညီချက်ကဘာတွေဖြစ်မလဲဆိုတဲ့ကိစ္စကတော့ကျယ်ဝန်းတယ်။ ၂၀၀၈ အခြေခံဥပဒေသစ်ဟာမြန်မာပြည်မှာရှိတဲ့လူတိုင်းလောက်နီးပါးရဲ့မကျေနပ်မှု
အကြီးဆုံးအနှစ်သာရတစ်ခုဖြစ်တဲ့နိုင်ငံရေးအာဏာဖြန့် ဝေပေးမှုမှာ (decentralization of political power) ဖြစ်သင့်သလောက်မဖြစ်သေးဘူး။ ဗဟိုအစိုးရကိုဗမာလူများစုရဲ့အစိုးရလို့ မြင်နေကြတယ်။ ဒီအချက်တွေဟာ ပဋိပက္ခပါအခြားတဘက်ကပြင်ချင်တဲ့ဆန္ဒလို့ ယျေဘူယျပြောရပါမယ်။
တိုင်းရင်းသားများဘက်ကတင်ပြတဲ့ပြည်ထောင်စုမူတွေအနက်ဥပဒေဘောင်တွင်း ၁၉၆၁ ခုနှစ် (တောင်ကြီး/ရှမ်းမူ /ဖက်ဒရယ်မူ) ဟာအပီပြင်ဆုံးဖြစ်မယ် လို့ ထင်ပါတယ်။ ဒီမူကို ကိုကျော်ဝင်းရဲ့စာထည်းမှာဖတ်လိုက်ရပါတယ်။ ဆွေး နွေးချက်ရဲ့နိဂုံးကျမှထပ်သုံးသပ်ပါဦးမယ်။ ခုလောလောဆယ်တော့ဒုတိယ အချက်ဆီကိုဆက်သွားပါမယ်။
ဒုတိယဖြစ်တဲ့ဘယ်သူ(Practitioner)ကရှင်းပေးမလဲဆိုတဲ့အချက်ကျတော့ပိုအရေးကြီးတယ်။အခြေအနေအရပြည်တွင်းစစ်မှာကိုယ်တိုင်ပါနေရတဲ့တပ်မ တော်ကပဲဖြေရှင်းသူလုပ်နေတာဟာယုံကြည်မှုတည်ဆောက်ရေးခက်ခဲစေ တယ်လို့ ကျနော်မြင်ပါတယ်။ ဖြစ်သင့်တာကပြဿနာရဲ့အပြင်ဘက်က တတိယအုပ်စု (Third party) ကဖြေရှင်းပေးသူကိုအသုံးပြုသင့်ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာစစ်ပြုရေးမပြုရေးကိုလွှတ်တော်ကြီးထည်းမှာအကျယ် တ၀င့်အကျိပ်အနယ်ဆွေးနွေးအဖြေရှာကြပြီးတဲ့နောက်လုံခြုံရေး(သို့ မဟုတ်)
တတိယအချက်ဖြစ်တဲ့မူဘောင် (Sturcture) ကိစ္စမှာလဲဖွဲ့ စည်းပုံအခြေခံဥပဒေသစ် ကိုပဲရည်ညွှန်းပြီး ပြည်တွင်းစစ်အပါအ၀င်ယခင်အစိုးရဟောင်းကကိုင် တွယ်ခဲ့သမျှနိုင်ငံရေးပြဿနာတွေကိုလွှတ်တော်သို့ မဟုတ် အစိုးရသစ်သို့  လွှဲပြောင်းပေးပြီးကိုင်တွယ်စေသင့်ပါတယ်။
နောက်ကြောင်းပြန်ပြောရယင်အဲဒီလိုနားလည်မှုမျိုးနဲ့ အစိုးရသစ်တက်စက
တိုင်းပြည်နဲ့ လူထုဟာစံနစ်သစ်အရပြည်တွင်းငြိမ်းချမ်းရေးပြဿနာကိုဘယ်လို
ကိုင်တွယ်မလဲဆိုတာကိုစိတ်ဝင်တစားစောင့်မျှော်နေခဲ့ကြတယ်။
အမျိုးသားညီလာခံမှာကော၊ အခြေခံဥပဒေသစ်ရေးဆွဲရေးကော်မရှင်မှာပါ 
ပါဝင်ခဲ့တဲ့စာရေးဆရာ - သတင်းစာဆရာတက္ကသိုလ်မြတ်သူက “အခြေခံဥပ ဒေသစ်အရစံနစ်သစ်မှာသမတကြီးကဇာတ်လိုက်ဖြစ်လာမှာပေါ့ကွာ” လို့  ကျနော့်ကိုပြောဘူးတယ်။ သူတကယ်ယုံကြည်လို့ ပြောခဲ့တဲ့လေသံနဲ့ ပါ။
 ဒါပေမဲ့တကယ်ဖြစ်လာတာကတပ်မတော်ကသာယခင်နအဖအစိုးရလုပ်ခဲ့တဲ့ Border Guard Forces အသွင်ပြောင်းရေးကိုအရင်လုပ်လက်စအတိုင်းဆက် လုပ်သွားတာကိုတွေ့ ရတယ်။
BGF ဟာမူအရတော့သဘာဝကျပီးလက်ခံနိုင်လောက်တဲ့အစီအစဉ်ပါ။ ဒါကြောင့်လဲလျှောလျှောလျှူလျှူလက်ခံတဲ့အဖွဲ့ တွေရှိတာပေါ့။ သို့ ပေမဲ့ လမ်းပြမြေပုံကာလတလျှောက်လုံးပူးပေါင်းဆောင်ရွက်မှုပေးခဲ့တဲ့ကေအိုင်
 အေခေါင်းဆောင်ဟောင်းမနန်တူးဂျာနဲ့ အဖွဲ့ ကို ၂၀၁၀ ရွေးကောက်ပွဲမှာ (ယခင်နအဖအစိုးရက)နိုင်ငံရေးပါတီထောင်ခွင့်၊ရွေးကောက်ပွဲဝင်ခွင့်မပေးခဲ့ ပါဘူး။ ဘာကြောင့်ဆိုတာကိုလဲနအဖအစိုးရကထုတ်မပြောဘူး။
ကေအိုင်အေကခွဲထွက်လာတဲ့တခြားအဖွဲ့ တွေကခေါင်းဆောင်တွေကိုတော့လျှောလျှော
လျှူလျှူပါတီထောင်ခွင့်ရွေးကောက်ပွဲဝင်ခွင့်တွေပေးခဲ့တယ်။ အဲဒီကတည်း ကကေအိုင်အေကိုနိုင်ငံရေးစစ်ရေးအရသင်္ကာမကင်းဖြစ်နေပီဆိုရင်တောင်  - ဥပဒေဘောင်အတွင်းကောအပြင်ပါလှေနံနှစ်ဘက်နင်းဗျူဟာခင်းချင်တာ လို့ ထင်ရင်တောင်အဲဒါကိုသဘောထားကြီးကြီးနဲ့ သီးခံခွင့်ပြုခဲ့သင့်တယ်။
အဲဒီတုံးကသာဒေါက်တာတူးဂျာတို့ ကိုအခြားသူများနည်းတူနိုင်ငံရေးပါတီထောင်ခွင့်
၊ရွေးကောက်ပွဲဝင်ခွင့်ပေးလိုက်ရင်ကေအိုင်အေဟာ BGF ကိုခု လောက်တော့တင်းမာနေမှာမဟုတ်ဘူးလို့ ကျနော်ယုံကြည်နေမိတယ်။
ကျန်တဲ့အဖြစ်အပျက်တွေကတော့အားလုံးမျက်မြင်ပါဘဲ။ ကျနော်ရဲ့ပုဂ္ဂလိက အမြင်အရဆိုယင်ယုံကြည်မှုတည်ဆောက်ရေးမှာအင်အားကြီးတဲ့ဘက်က
စပြီးသဘောထားကြီးပြ-တန်ဘိုးပေးပြဘို့ လိုအပ်တယ်လို့ ဆိုချင်ပါတယ်။ (ဒါတွေကတော့အခုမရှိတော့ပြီဖြစ်တဲ့နအဖအစိုးရလုပ်ရပ်ကိုဝေဘန်တာပါ။)
issue, practitioner, structure တို့ အပေါ်မူတည်နေတယ်။   
ဒါပေမဲ့လဲထုံးစံအ တိုင်း communication, delegation, venue, negotiation, 
pressure, compromise အစရှိတဲ့လုပ်ငန်းအဆင့်တွေပဲမဖြစ်မနေပါ လာကြမှာပါ။
အချက်နံပါတ်(၅) အဖြစ်တပ်မတော်ရဲ့ရည်မှန်းချက်ကကိုကျော်ဝင်းရဲ့ စကား အရ ‘တိုင်းပြည်တပြည်မှာတပ်မတော်တစ်ခုတည်းသာရှိရမည်’ ဆိုတဲ့မူ (principle) ဖြစ်မယ်ထင်ပါတယ်။
အုပ်ချုပ်မှုအောက်မှာလက်နက်ကိုင်အဖွဲ့ အစည်းအားလုံးစု စည်းပြီးစံနစ်တကျရှိရမယ် (All armed groups must be remodeled to become a unified national defense system and be under the single command structure of the central government) လို့ နားလည်ပါတယ်။
ဒီသဘောဟာသဘာဝကျပြီးနိုင်ငံတိုင်းကျင့်သုံးနေတာမို့ မြန်မာပြည်အတွက်လဲဖြစ်
သင့်တယ်လို့ မူအရလက်ခံပါတယ်။ သို့ သော်ဒီရည်မှန်းချက်ကိုကောင် အထည်ဖေါ်ရာမှာတော့အခုပြောင်းလဲသွားတဲ့နိုင်ငံရေးအခင်းအကျင်းသစ်အရ
လွှတ်တော်/အစိုးရတစ်ခုခုကဦးစီးပြီးလုပ်သင့်ပါတယ်။ [ယခင်နအဖ လက် ထက်တုံးကစစ်တပ်ကပဲအစိုးရဖြစ်နေလို့ တပ်မတော်ကပဲအားထုတ်ခဲ့တာ သဘာဝကျပါတယ်။]
အခုကေအိုင်အေနဲ့ ဖြစ်တဲ့စစ်ကိုတခြားတိုင်းရင်းသားတွေကလဲစိတ်ဝင်တစား
 စောင့်ကြည့်နေကြပါလိမ့်မယ်။ ဒါကြောင့်မော်စီတုံးကိုးကားဘူးတဲ့တရုပ်အရပ် သားစကားတစ်ခွန်းလို “မျောက်(တွေ)ကြောက်သွားအောင်ကြက်ကိုသတ်ပြ နေတာ” (Kills the chicken to scare the monkey) ပါလို့ သဘောပိုက် သွားကြယင်ယုံကြည်မှုတည်ဆောက်ရေးတွေပိုပြီးလက်ဝင်လာနိုင်ပါတယ်။
အခုဆိုယင်ကချင်စစ်ပွဲဟာနိဂုံးချုပ်ကာနီးလာပြီ။ စိတ်သက်သာရာရစရာ တစ်ခုကတော့တပ်မတော်ဟာကေအိုင်အေနဲ့ စစ်ပြန်တိုက်ရာမှာ
ကန့် သတ် စစ်ပွဲသဘောတိုက်နေတာဘဲ။ ကချင်လူမျိုးတွေရဲ့အမျိုးသားရေး
ဇာတိမာန် (national pride) ကိုချိုးဖဲ့ပစ် (humiliate) ရာမရောက်အောင်လိုင်ဇာကို သိမ်းနိုင်ရင်တောင်မသိမ်းပိုက်ဘဲချန်ထားသင့်ပါတယ်။ ကြည့်ရတာဒီအတိုင်း ပဲလုပ်မဲ့သဘောလို့ ထင်ပါတယ်။
အခုနိဂုံးချုပ်အနေနဲ့ ပြည်တွင်းစစ်အဆုံးသပ်ရေး၊ အမျိုးသားစည်းလုံးညီ ညွတ်ရေးအတွက်မဖြစ်မနေဆိုက်ရောက်ရမဲ့နောက်ဆုံးဘူတာဖြစ်မဲ့အပြင် ဒီမိုကရေစီရဲ့တစ်ဘက်စာမျက်နှာလည်းဖြစ်တဲ့ဖက်ဒရယ်စံနစ်အတွက်ဗမာ
မဟုတ်တဲ့တိုင်းရင်းသားတွေ (ဗမာတွေလဲတိုင်းရင်းသားဖြစ်သည်ကို
တစ်စက္ကန့် မျှမေ့မထားရ) ရဲ့ model တစ်ခုဖြစ်တဲ့တောင်ကြီးရှမ်းမူကိုကြည့် ရအောင်။ ဒါကလဲကိုကျော်ဝင်းဖေါ်ပြထားတဲ့အပေါ်မှာသာသုံးသပ်ကြည့် မှာဖြစ်ပါတယ်။ ရှမ်းမူအပြည့်အစုံကိုရှာဖွေမနေတော့ပါဘူး။ ရှည်နေမှာစိုးလို့ ။
ကိုကျော်ဝင်းကပင်လုံနဲ့ နှိုင်းယှဉ်ရင်တောင်ကြီးမှာချမှတ်ခဲ့တဲ့ရှမ်းမူ ကပိုပြီး inclusive ဖြစ်ကြောင်းပြောတယ်။ မှန်ပါတယ်။  
“လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇ ဥပဒေ) မှာပြည်ထောင်စုမူဟုဆို သော်လည်းလက်တွေ့တွင်တစ်ပြည်တောင်
သဘောဖြစ်နေ၍ပြည်ောင်စု မူစင်စစ်ဖြစ်စေရန်၊ ပြန်လည်ပြင်ဆင်ရေးဆွဲရန် အဆိုပြုခြင်းသာဖြစ်ပါသည်။” ဒါလဲမှန်ပါတယ်။ ဒီနောက် -
ဖက်ဒရယ်မူက၊ အဆိုပြုခဲ့သောအရေးကြီးသည့် မူအချို့မှာ-
၁။ ဗမာပြည်နယ်ဖွဲစည်းရေး (ရှစ်ပြည်နယ်မူ)
၂။ အထက်လွှတ်တော် (လူမျိုးစုလွှတ်တော်) သို့ ပြည်နယ်တိုင်းမှ၊ တူညီသောကိုယ်စားလှယ်အရေအတွက်စေလွှတ်ရေး။
၃။ လူမျိုးစုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် (အထက်နှင့်အောက်လွှတ်တော်) ကိုအာဏာတူပေးရေး။
၎။ ဗဟိုအစိုးရ (ပြည်တောင်စုအစိုးရ) ကိုအောက်ပါဌာနများလွှဲအပ်ပြီး၊ ကျန်ရှိသော အာဏာနှင့် လုပ်ပိုင်ခွင့်များကို ပြည်နယ်များသို့လွှဲအပ်ရေး
-       နိုင်ငံခြားဆက်သွယ်ရေး
-       ကာကွယ်ရေး
-       ဘဏ္ဍာရေး
-       ငွေဒင်္ဂါးနှင့် ငွေစက္ကူထုတ်ဝေရေး
-       စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး
-       ရထား၊ လေကြောင်း၊ ရေကြောင်းဆက်သွယ်ရေး
-       တရားစီရင်ရေး
-       ပင်လယ်ဆိပ်ကမ်းခွန်ကောက်ရေး
၅။ ပြည်ထောင်စုဘဏ္ဍာတော်မျှတစွာခွဲဝေရေးတို့ ဖြစ်ပါသည်။” လို့ တင်ပြပါ တယ်။
ဒီအချက်တွေကိုကြည့်ရင်နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးမှအပဗဟိုအစိုးရကို အပ်နှင်းမဲ့အချက်တွေဟာ infrastructure (physical, legal, fiscal) သ ဘောသက်ဝင်နေတဲ့ဘက်တွေ မှာသာဖြစ်တယ်။
ဒီမူအရဗဟိုအစိုးရရဲ့အာဏာကန့် သတ်ဘို့ ကျိုးစားခဲ့တာပေါ်လွင်နေပြီးအ ထက်ဖေါ်ပြပါကိစ္စတွေကလွဲလို့ ကျန်တဲ့အုပ်ချုပ်ရေးနဲ့ ဆိုင်တဲ့အာဏာအား လုံး 
(Residual powers) ကိုပြည်နယ်အစိုးရတွေကသာရယူကျင့်သုံးချင်တဲ့ သဘောပါ။
သို့ သော်ရှမ်းမူရဲ့ပထမနဲ့ အရေးအကြီးဆုံးအချက်လို့ အဲဒီတုံးကပြောရမဲ့ ဗမာ
တိုင်းပြည်အုပ်ချုပ်ရေးလွယ်ကူအောင် ပြည်နယ်ဖြစ်စေအခြားအခေါ်အဝေါ် နဲ့ ဖြစ်စေဒေသန္တရများပိုင်းခြားသတ်မှတ်ရာမှာလူမျိုးကိုစွဲပြီးသတ်မှတ်တာမျိုး အမည်ပေးတာဟာပြဿနာရှိတတ်တယ်။ ဒီမိုကရေစီနိုင်ငံတစ်ရပ်မှာလူမျိုး ဟာအခြေခံကျတဲ့ယူနစ်မဟုတ်ဘူး။ တစ်ဦးချင်းဖြစ်တဲ့နိုင်ငံသား (individual citizens) များကသာအခြေခံအကျဆုံးယူနစ်တွေ (primary units)ဖြစ်တယ်။ 
ဒါကြောင့်အုပ်ချုပ်ရေးဒေသကြီးတွေ (states / provinces / regions) ကို အမည်တပ်ရာမှာများသောအားဖြင့်ပထ၀ီအပိုင်းအခြားကိုအမည်တပ်ကြတာ ရှိတယ်။
အကယ်၍များဖြစ်နိုင်မယ်ဆိုရင်ကျနော်တို့ တိုင်းပြည်ရဲ့ထင်ရှားတဲ့ပထ၀ီသွင်
ပြင်ကြီးများအရပြန်လည်ဖွဲ့ စည်းအမည်ပေးဘို့ စိတ်ကူးကြည့်စမ်းပါ။
(တခေတ်တုံးကမူလတန်းကျောင်းသုံးပထ၀ီဝင်စာအုပ်မှာသင်ဘူးခဲ့ကြသလိုပေါ့) အဲဒီလိုပြန်လည်ပိုင်းခြားသတ်မှတ်ကြည့်မယ်ဆိုရင် -
၁ - အနောက်ဘက်ကမ်းမြှောင်ဒေသ (ရခိုင်)
၂ - အနောက်မြောက်တောင်ကုန်းဒေသ (ယခုချင်းပြည်နယ်)
၃ - မြောက်ဘက်တောင်ကုန်းဒေသ (ယခုကချင်ပြည်နယ်)
၎ - အရှေ့ ဘက်ကုန်းမြင့်ဒေသ (ယခုရှမ်းပြည်နယ်)
၅ - အလယ်ပိုင်းမြေနိမ့်လွင်ပြင်ဒေသ (စစ်ကိုင်း-မန္တလေး-မကွေးတိုင်းများ)
၆ - ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ (ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း)
၇ - စစ်တောင်း-သံလွင်ဒေသ (ယခုမွန်- ကရင်-ကယားပြည်နယ်များ)
၈ - တနင်္သာရီကမ်းရိုးတန်းဒေသစသည်ဖြင့်ခေါ်ဝေါ်သတ်မှတ်နိုင်ပါလိမ့်မယ်။
ဒီနာမည်တွေကတော့နမူနာအဖြစ်သာစိတ်ကူးပြတာပါ။ အဲဒီလိုသာပြန်လည်သတ်မှတ်နိုင်ရင်ယခုကချင်ပြည်နယ်ထဲကရှမ်းတွေ၊ 
ရှမ်း ပြည်နယ်ထဲကလားဟူ၊ ၀ ၊ ပလောင်နဲ့ တခြားလူမျိုးတွေ၊ကရင်ပြည်နယ်က ပအို့ တွေ၊ မွန်ပြည်နယ်ထည်းကကရင်တွေ၊ ဧရာဝတီတိုင်းထည်းက ကရင် တွေ၊ နောက်ပီးတစ်တိုင်းပြည်လုံးမှာပြန့် နှံ့ နေထိုင်တဲ့ရခိုင်တွေ
၊မြန်မာပြည် ပေါက်နိုင်ငံသားတရုပ်ကုလားတွေ၊မြန်မာမူဆလင်တွေဘယ်လောက်စိတ် ချမ်းသာကြမလဲဆိုတာစဉ်းစားကြည့်ပါ။လက်တွေ့ ကဒီတိုင်းပြည်မှာကြီးငယ်မဟူလူမျိုး အားလုံးတို့ ဟာနေရာတိုင်းမှာရောနှောနေထိုင်လာကြတာသမိုင်း တစ်လျှောက်လုံးပါဘဲ။ အမည်သတ်မှတ်ထားပုံကသာတကယ့်လက်တွေ့ ကို မထင်ဟတ်ပဲဖြစ်နေတာ။
ပြည်နယ်တွေကိုလူမျိုးနာမည်မတပ်ထားတော့တဲ့အခါအခုလက်ရှိပြည်နယ်အမည်ပေး
ခံရတဲ့လူမျိုးကအိမ်ရှင်လိုလို၊ကျန်တဲ့လူမျိုးတွေကဧည့်သည်လိုလိုဖြစ်နေတာတွေပပျောက်ကုန်မယ်။
အမှန်ကညီညွတ်ရေးအတွက် “လိုအပ်ရင်”တိုင်းပြည်ရဲ့အမည်ကိုပင်လူမျိုးရေး ဇစ်မြစ်ဦးစားမပေးဘဲပြန်လည်မှည့်ခေါ်သင့်ရင်မှည့်နိုင်ရမယ်။ ကမ္ဘာမှာအဲဒီလို နိုင်ငံမျိုး တွေအရင်ကကောအခုကောရှိပါတယ်။
ဥပမာ United Kingdom (England), USSR (now Russian Federation)
 Republic of South Africa.
ကိုကျော်ဝင်းကသူ့ ဆောင်းပါးကိုကန့် သတ်ချက်တစ်ခုနဲ့ ရေးတာမို့ ဒီ လောက်
ကျနော့်က တော့ပြဿနာတစ်ခုခေါင်းထည်းရောက်လာယင်ရေဆုံးရေဖျားလိုက်တွေး ချင်တဲ့ဝါသနာကြောင့်ဒီလောက်ရှည်ရှည်လျားလျားစဉ်းစားနေတာပါ။
နောက်ဆုံးနဲ အရေးအကြီးဆုံးအချက်ကတော့ဗဟိုနဲ့ ဒေသန္တရအစိုးရများရဲ့ ဆက်ဆံရေး 
(center-peripheries relations) မှာအဓိကကျတဲ့ Economic justice ကိစ္စဖြစ်ပါတယ်။
ကမ္ဘာ့သမိုင်းမှာ Liberty, Equality, Fraternity  တို့ ဟာဒီမိုကရေစီရဲ့ဒေါက် တိုင်ကြီးသုံးခုပဲ။ သူတို့ အနက်တစ်ခုခုမရှိယင်ဘဲ နောက်နှစ်ခုလဲမရှိနိုင်ဘူး။ ဥပမာစီးပွားရေးအရတရားမျှတမှု
မရှိယင်ဘယ်လို လုပ်ပီးလွပ်လပ်ခြင်းနဲ့  ညီရင်းအစ်ကိုတမျှချစ်ကြည်ရေး 
(အမျိုးသားညီညွတ်ရး) ဖြစ်နိုင်မလဲ။  ဒါကြောင့်တစ်မျိုးသားလုံးပိုင်သဘာဝသယံဇာတတွေကရ တဲ့အကျိုးအမြတ် တွေခွဲဝေသုံးစွဲရေးမှာလိုချင်ကြသလောက်မဖြစ် နိုင်ဘူးဆိုရင်တောင်လက်ရှိ ထက်တော့ပိုပြီးမျှတရလိမ့်မယ်ထင်ပါတယ်။
[ဒီ့ထက်ပိုအရေးကြီးတာတစ်ခုကတော့အဆင်းရဲဆုံးပြည်နယ်(များ)ကိုအချိုး ကျသဘောထက်အပိုဆောင်းပြီးထောက်ပံ့ပေးဘို့ ပြည်ထောင်စုအဆင့်အထူးရံပုံငွေ
တရပ်ထူထောင်ကြဘို့ လဲလိုအပ်နေတယ်။ဒါမှတနိုင်ငံလုံးတပြေးညီတိုးတက်မှာဖြစ်တယ်။ ကနေဒါမှာအဲဒီအစီအစဉ်ကို Equalization Program လို့ ခေါ် ပါတယ်။]
နောက်ပိတ်ဆုံးအနေနဲ့ စောကြောချင်တာတစ်ခုကတော့လက်ရှိတပ်မတော်
ခေါင်းဆောင်များရဲ့နိုင်ငံရေးသမားတွေအပေါ်သဘောထား (attitude) လို့  ခေါ်ရမလားဘဲ။
စံနစ်ဟောင်းကအမွေအဖြစ်ရလိုက်တဲ့နိုင်ငံရေးပြဿနာကြီးတစ်ခုကိုဖြေရှင်းရာမှာ
တပ်မတော်ကဘာကြောင့်အစိုးရသစ်နဲ့ နိုင်ငံရေးသမားတွေ (လွှတ် တော်) ကိုအားမကိုးဘဲကိုယ်တိုင်ဆက်ရှင်းနေသလဲ။
ဒီပြဿနာကြီးကိုနိုင်ငံရေးသမားတွေလက်ထည်းလွှဲပေးရမှာစိတ်မချနိုင်လို့  - သူတို့ ရဲ့နိုင်ငံရေးခေါင်းဆောင်မှုကို အထင်မကြီးလို့ လားလို့ လဲတွေးမိတယ်။
မှတ်မိကြဦးမှာပါ။ သူမကိုသုံးကြိမ်တိုင်တိုင်နှစ်ရှည်အကျဉ်းချထားတာခံရ စဉ်ကကာလတုံးကမြန်မာပြည်ရဲ့ပြဿနာအရပ်ရပ်ဟာဒေါ်အောင်ဆန်းစု ကြည်လွတ်မြောက်လာပြီးသူမရဲ့ခေါင်းဆောင်မှုရတဲ့အခါကျယင်ပြဿနာတွေပြေ
ပြောချင်တာကနိုင်ငံရေးသမားတွေကိုယ်တိုင်ဘက်ကလဲပြောင်မြောက်တဲ့
 ပြတ်သားတဲ့ခေါင်းဆောင်မှုအစွမ်းအစတွေပြဖို့ လိုနေသလားလို့ ပါ။
ထို့ နည်းတူရှစ်လေးလုံးမျိုးဆက်ဆိုသူတွေကလဲဒါးခုတ်ရာလက်ဝင်
မလျှိုချင်တဲ့သဘောမျိုးပဲတွေ့ ရတယ်။ NLD နဲ့ 88 Generations အုပ်စုနှစ်စုစလုံးက လာမဲ့နောက်ရွေးကောက်ပွဲ (၂၀၁၅)ဆိုတာကိုသာကြိပ်ပြီးစိတ်ဝင်စားနေကြ -ပုံရတယ်။
လတ်တလောအခြေအနေဟာပြည်သူတွေအဖို့ ဆင်းရဲကြပ်တည်းမြဲ အလုပ် အကိုင်ရှားပါးဆဲဖြစ်နေပြီးပြုပြင်ရေး (reform) နှူံးနှေးကွေးမှုဒဏ်ကိုခံနေကြရ တယ်။ “အောက်ခြေမှာအရင်အတိုင်းဘဲ-ဘာမှမထူးသေးဘူး” ဆိုတာကနေ့  လူတိုင်းပါးစပ်ဖျားကကြားနေရတဲ့စကားတစ်ခွန်းပဲ။ ပြည်တွင်းမှာအလုပ်အ ကိုင် မရှိလို့ ထိုင်း နဲ့ မလေးရှားကိုလူငယ်တွေအလုံး အရင်းနဲ့ ဆက်ပီးထွက် ခွာနေကြတုံးပဲ။
ဒါပေမဲ့နိုင်ငံရေးသမားတွေကတော့ရခိုင်နဲ့ ကချင်လိုပြဿနာတွေ -
 ဦးပိုင် - ခရိုနီ - ၀န်ထမ်းပိုင်း - လယ်မြေတွေသိမ်းခံရတာ - အုပ်ချုပ်ရေးပိုင်းကအာ ဏာအလွဲသုံးစားလုပ်တာ - ဥပဒေပါအခွင့်အရေးတွေ (တရားဝင်ဆန္ဒပြခွင့်) တွေ ငြင်းပါယ်ခံနေရတာစတဲ့လူထုနစ်နာမှုတွေကို
 တော့ဝတ်ကျေဝတ်ကုန် လောက်သာလုပ်ပြပီးသူတို့ အတွက်အန္တရယ်မရှိတဲ့ “တော်ဝင်နှင်းဆီ(ခမ်းမ) နိုင်ငံရေး”ကိုပဲလုပ်လာနေကြတယ်။
 နိုင်ငံရေးကမ္ဘာလှည့်ခရီးသည်တွေဖြစ် လာနေကြတယ်။
ဂီတာတစ်လက် - ဆွယ်တာတစ်ထည်ကိုခရိုနီတွေကကျပ်သိန်းရာနဲ့  ချီပြီးဝယ်တာကိုလက်ခုပ်တီးပြီးနိုင်ငံရေးမီးရှူးမီးပမ်းတွေလွှတ်ရင်းပြည်သူ
 တွေရဲ့ဒုက္ခတွေကိုလှောင်ပြောင်နေကြတယ်။ [ဒီနည်းဟာငွေခ၀ါချနည်း တမျိုးဖြစ်နေမလားစီစစ်ကြည့်ဘို့ လိုမယ်။]  အတိုချုပ်ပြောရယင်ဒီလူတွေ 
ဒီလိုအချိုးမျိုးတွေနဲ့ ၂၀၁၅ မှာနိုင်ငံရေးအာဏာစိတ်ကူးယဉ်နေကြတာ ကိုစစ်တပ်ကမသိဘဲမမြင်ဘဲနေမလား။ သူတို့ ကိုလှောင်ပြောင်တဲ့ကာ 
တွန်းတွေဟာဂျာနယ်တွေမှာ Facebook မှာပိုပြီးခပ်စိပ်စိပ်ပါလာနေတယ်။
ကိုကျော်ဝင်းတို့ ကျနော်တို့ နဲအတူအင်းစိန်တောရမှာအတူနေခဲ့ဘူးတဲ့ -   ပါတီဆုံးဖြတ်ချက်ကိုမနာခံဘဲအမျိုးသားညီလာခံဆက်တက်လို့  NLD 
ကထုတ်ပစ်ခံရတဲ့ G 7 အုပ်စုဝင် 1974 ကျောင်းသားဟောင်းမင်္ဂလာဒုံက ကိုကြည်ဝင်းကကျနော့်ကိုတစ်ခါကပြောဘူးတယ်။
“ ဗမာပြည်မှာစစ်သားက-အရပ်သားကို (နိုင်ငံရေးသမားတွေကို) အထင် မကြီးနိုင်သေးသမျှ နိုင်ငံရေးကိုသူကိုယ်တိုင်ဝင်လုပ်နေဦးမှာပဲ။အဲဒီလို ဖြစ်နေသမျှ 
ဒီမိုကရေစီဆိုတာလဲ - ပေးပါပြီ - ရပါပြီဆိုရင်တောင် - ပီပီ ပြင်ပြင်နဲ့ တင်းပြည့်
ကျပ်ပြည့်ဖြစ်မှာမဟုတ်ဘူး” လို့ ညီးငြူပြဘူးတယ်။
အခုကိုကြည်ဝင်းလဲလူ့ ပြည်မှာမရှိတော့ဘူး-မနှစ်ကကွယ်လွန်ရှာပြီ။ ခင်ဗျားက ၆၁ နှစ်ပြည့်တော့မှာ၊သိပ်မနေရတော့ဘူးလို့ အားလျော့နေချိန်မှာ။ ခင်ဗျားထက်အသက်တစ်နှစ်ပိုကြီးပြီးကမ္ဘာ့တစ်ခြားဘက်ခြမ်းကိုရောက်နေ -‘မတ်တပ်နာ’မျိုးစုံအတွက်ဆေးမကြာခဏသောက်နေရတဲ့ကျနော်ကပိုလို 
 တောင်အားပျက်မိပါသေးတယ်။
“ငါမပါလို့ မပြီးဘူးလို့ သဘောမထားနဲ့ - အချိန်တန်ရင်သူဟာနဲ့ သူဖြစ်သွား လိမ့်မယ်” လို့ သာကိုယ့်ကိုကိုယ်ဆုံးမနေရတယ်။ 
ကျနော်တို့ မျိုးဆက်တွေ ကတော့ “Lost generations” ပါ။
ကျမ္မာရေးဂရုစိုက်ပါကိုကျော်ဝင်းခင်ဗျား။ 
အိမ်ပေါ်ကအောက်ကိုဆင်း ပြီးလမ်းမှန်မှန်လျှောက်ပေးပါ။