Myint Shwe took a journalism program from Ryerson University 2004
Loading...
Wednesday, January 18, 2012
ခင်ညွန့် ကိုခွင့်မလွှတ်နိုင်ရင်သိန်းစိန်နဲ့ အောင်ဆန်းစုကြည်ကိုလည်းခွင့်လွှတ်နိုင်စရာမရှိ
ဝင်စတန်ချာချီဟာသူရဲ့နာမည်ကျော်အတွဲပေါင်းများစွာရှိတဲ့ဒုတိယကမ္ဘာစစ်ကြီး 
(Second World War) လိုသမိုင်းကျမ်းနဲ့ နှိုင်းယှဉ်ရင်အရေးကြီးပုံချင်းအတူတူ ပဲဖြစ်ပေမဲ့အရွယ်အစားအစားလက်ဝါးသာသာလောက်သာရှိတဲ့စာအုပ် 
(ကျမ်း) ကလေးတစ်အုပ်ကိုလဲရေးခဲ့ဘူးတယ်။ စာအုပ်နာမည်က 
Great Contemporaries (pub. 1947) တဲ့။ 
စာအုပ်ထည်းမှာတခြားခေတ်ပြိုင်ပုဂ္ဂိုလ်တွေနဲ့ အတူတူဟစ်တလာ၊ စတာလင်နဲ့ 
ထရော့စကီးတို့  အကြောင်းတွေ လဲပါတယ်။စာအုပ်ရဲ့နိဒါန်းမှာတော့ရေးတဲ့
ရည်ရွယ်ချက်ကိုဝေ့လည်ကြောင်ပါတ် လုပ်မထားဘဲပြောင်ပဲပြောထားပါတယ်။ 
အာဏာရှင်စံနစ်(ကွန်မြူနစ်ဝါဒ)နဲ့ ထိပ်တိုက်တွေ့ ရမဲ့နောက်ဆုံးပိတ်တိုက်ပွဲကြီး
အကြောင်းပါ။ “ကြိုတင်မှာထားချင်တာကတော့ကြိုတင်လက်နက်တပ်ဆင်ထားကြ” 
(To be forewarned is to be forearmed) လို့  အတိအလင်းပြောထားပါတယ်။ 
ဒီစာအုပ်ကိုအကြောင်းပြုပြီးကျနော်ပြောချင်တာကချာချီဟာသူနဲ့ ခေတ်ပြိုင်
ပုဂ္ဂိုလ်တွေကို (ဗကပလေသံနဲ့ ဆို ရရင်) ရန်/ငါစည်းခြားသတ်မှတ်ပြခဲ့ယုံ
သာမကသူတို့ ပြုမူခဲ့ပုံတွေကိုသမိုင်းအမြင်နဲ့  လဲကြည့် မြင်ခဲ့တဲ့အချက်ပါ။ 
ဥပမာစတာလင်ကွယ်လွန် (၁၉၅၃) တော့စတာလင်ကို သူ(ချာချီ)က “ဒီပုဂ္ဂိုလ်ဟာ(ကမ္ဘာကြီးသံမဏိနဲ့ လျှပ်စစ်ခေတ်ကိုရောက်နေချိန်မှာ) သစ်သားထွန်တုံးထွန်တံကိုပဲသုံးနေရသေးတဲ့တိုင်းပြည်မှာမွေးဖွားခဲ့ပေမဲ့ 
သူသေသွားတဲ့အချိန်မှာ သူ့ တိုင်းပြည်ကိုညူကလီးယားလက်နက်ပိုင်
ရှင်နိုင်ငံအဖြစ်ချန်ထားရစ်ခဲ့တယ်။” 
(He was born into a country that still used wooden ploughshares. 
When he died he left his country a nuclear power.) 
လို့  အကဲဖြတ် ခဲ့ပါတယ်။ နိုင်ငံရေးအရရန်သူဖြစ်ပေမဲ့ကိုယ့်တိုင်းပြည်ကောင်း
စားရေးကိုယ် လုပ်သွားကြတာချင်းကတော့အတူတူဘဲဖြစ်လို့ 
လူအရတော့လေးစားပြတာကိုတွေ့ ရတယ်။
စစ်ကြီးအပြီးအမေရိကန်ပြည်ထောင်စုမှာသူ့ ပြောခဲ့တဲ့မိန့် ခွန်းတွေထည်းမှာ
အရေးကြီးတဲ့အချက်တစ်ခုပါရှိခဲ့ပါ တယ်။ အဲဒါကတော့သူဟာဒီမိုကရေစီကို
ကမ္ဘာနဲ့ ချီပြီးကာကွယ်တဲ့ ခုခံစစ်ကြီးကိုကြီးမှုးခဲ့ပေမဲ့ “စင်စစ်ဒီမိုကရေစီဟာ အပြစ်အနာအဆာမကင်း၊ချို့ ယွင်းချက်ဗလပွနဲ့  စံနစ်တစ်ခုပါ။  ဒါပေမဲ့လဲ 
ကမ္ဘာကြီးအတွက်လက်တွေ့ မှာ ပိုကောင်းတဲ့ဝါဒ စံနစ်ဆိုတာလဲ
မရှိသေးပါဘူး။ ဒါ့ကြောင့်အဲဒါကိုဘဲဖက်တွယ်နေရပါတယ်”လို့ 
ဝန်ခံမှတ်ချက်ပြု ခဲ့ဘူးပါတယ်။ 
တဘက်မှာတော့မဟာ့မဟာအင်ပါယာဝါဒီ (Arch Imperialist) ဖြစ်တဲ့အတွက်
ချာချီဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့  ဂန္ဓီတို့ ကိုခွင့်မလွှတ်နိုင်ဖြစ်ခဲ့တာတွေလဲရှိသပေါ့။ 
သူကဂျပန်နဲ့ ပေါင်း ခဲ့တဲ့အောင်ဆန်းကိုသစ္စာဖေါက်လို့ အတိ အလင်းသတ်မှတ်
ခဲ့ပြီးဗြိတိသျှအင်ပါယာကို လူပုံအလယ်မှာအရှက်ရစေတဲ့ဂန္ဓီကြီးကိုလဲလံကွတ်တီ
ဝတ်ဖကီးကြီး (half naked fakir) လို့ နစ်နစ်နာနာခေါ်ခဲ့တယ်။ ဂျာမဏီအထိ
သွားပြီးဟစ်တလာနဲ့ မဟာမိတ်ပြုကာအိန္ဒိယ အမျိုးသားတပ်မတော်ထူထောင်ပြီး
အင်္ဂလိပ်ကိုလက်နက်နဲ့ တော်လှန်ခဲ့တဲ့ဆူဘတ်စ် ချန္ဒရာဘို့ စ်ကတော့သူ့ ဖာသာ
သူစောစောစီးစီးလေယဉ်ပျက်ကျပြီးသေသွား လို့ ချာချီအပြစ်တင်ခွင့်မရခဲ့ပါဘူး။ 
(ဘိုစ်နဲ့ လမ်းစဉ်ချင်းမတူ ဘဲ - အိန္ဒိယမှာသာမက ကမ္ဘာမှာပါအဓိကရအကြမ်းမဖက်
လှုပ်ရှားမှုခေါင်းဆောင် ကြီးဖြစ်တဲ့ဂန္ဓီခမျာ - ချာချီနဲ့  ဗြိတိသျှအင်ပါယာကြီးရဲ့သြဇာ အရှိန်အ၀ှာကိုမဆန့် ကျင်ရဲကြလို့ နိုဗဲလ်ဆုကော်မတီကသူ့ ကိုဆုမပေး ရဲလို့ - ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗဲလ်ဆုကြီးကိုရမသွားရှာဘူး။
ချာချီနဲ့ ပါတ်သက်လို့ တခြားပြောချင်တာတွေရှိသေးပေမဲ့ဒီနေရာမှာတော့
သူနဲ့ ခေတ်ပြိုင် ရာဇ၀င်မြောက်လူပုဂ္ဂိုလ်တွေ (historical figures) တွေ
အပေါ်အပြီးသပ်တန်ဘိုးဖြတ် (Final assessment) ရာ မှာသူအသုံးပြု
ခဲ့တဲ့ပေတံ (measures) တွေကဘာတွေလဲ ဆိုတာ
ကိုသာလေ့လာစူးစမ်းတင်ပြလိုရင်းပါ။
ဘာဘဲပြောပြောအထက်ကတင်ပြခဲ့တဲ့စတာလင်အပေါ်ချာချီရဲ့အပြီးသတ်မှတ်ချက် 
ကိုကြည့်ရင်သူဟာ (ဒီမိုကရေစီဝါဒအမြင်အရ) “လူကြမ်းတွေတိုင်းပြည်ချစ်နည်း” ကိုလက်မခံပေမဲ့သူတို့ ရဲ့တိုင်းပြည်ချစ်စိတ်ကိုတော့ အသိအမှတ်ပြုခဲ့တာတွေ့ ရတယ်။ 
ဒီလိုဆိုတော့လူကြမ်းတွေရဲ့(လူသားမဆန်တဲ့)တိုင်းပြည်ချစ်နည်းတွေကိုသူ တို့ ရဲ့တိုင်းပြည်
ချစ်စိတ်ကိုကြည့်ပြီးခွင့်လွှတ်ထိုက်/မလွှတ်ထိုက်ဆိုတာကလဲစူးစမ်းဆင်ချင်ကြည့်စရာပါ။ 
“နိဂုံးချုပ်ကောင်းရင်အားလုံးကောင်းတယ်” (All is well that ends well) ဆိုတဲ့ခေါင်းစဉ်နဲ့ ရှိတ်စပီးယားက ပြဇာတ်တပုဒ်ရေးဘူးတယ်။
ပြီးခဲ့တဲ့နောက်ဆုံးအသုတ်ထောင်ခါပွဲကြီးမှာအများကလွတ်စေချင်နေတဲ့
သူတွေနဲ့  အတူတူအများကမလွတ်စေ ချင်တဲ့သူတစ်ချို့ လဲပါလာတယ်။
အဓိကလူကတော့ တချိန်ကအနောက်တိုင်းစာနယ်ဇင်းတွေကဒုစရိုက်မင်းသား  
(Prince of evil) လို့ နာမည်ပေးခံရဘူးတဲ့ထောက်လှမ်းရေးအကြီးအကဲဟောင်း
ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ပါ။ 
[ခင်ညွန့် လို့ ခေါ်တာမြန်မာ့ယဉ်ကျေးမှုအရဆိုရင်တော့ရင့်သီးတယ်
ထင်ကြမယ်။ ဒါကတော့ကျနော်ရဲ့ဂျာနယ် လစ်ဇင်းစတိုင်ဖြစ်လို့ 
မတတ်နိုင်ဘူး။ လူတွေကိုဦး/ဒေါ်တပ်ခေါ်ပြီးစာစီရတာကရှည်လွန်းတယ်။
စာထည်းမှာ တစ်ကြိမ်မကအကြိမ်ကြိမ်ပြန်စီဘို့ လိုတဲ့နာမည်တွေဖြစ်နေ
ယင်အလွန်အချိန်ကုန်ပီးလက်ညောင်းတယ်။လူတွေ ကိုမလေးစားလို့ 
မဟုတ်ပါ။ဒါကြောင့်စာမှာပါတဲ့သူတိုင်းကို တပြေးညီနာမည်ရင်းအတိုင်း 
အတိအကျသုံးစွဲတာပါ။ ဒါတောင်နဂိုအမည်ရင်းကိုကရှည်နေတဲ့
သီဟသူရတင်အောင်မြင့်ဦးတို့ လို၊အောင်ဆန်းစုကြည် တို့ လိုနာမည်
တွေကြယင်မလွှဲမရှောင်သာအပြည့်အစုံရေးနေရတာပါဘဲ။  
ပရိဿတ်ကခေါ်နေကြသလိုသာ“နိုင်ငံတော်သမတကြီးဦးသိန်းစိန်” တို့  “မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်” တို့ ဆို တာမျိုးတွေ ရေးနေရယင်ခရီးတွင်မှာမဟုတ်သလိုရေးရသူမဆို ထားနဲ့ ဖတ်ရသူအတွက်တောင်အတော်ရှည်ပီးဝါကျမှာနေရာယူ
လွန်းတယ်။ ကျနော့်ပုဂ္ဂလိကအမြင်မှာဂျာနယ်လစ်ဇင်မဆန်ဘူး၊ 
ပရိုဖက်ရှင်နယ်မဖြစ်ဘူး။ပြည်ပကရေးနေသူမို့ တတ်နိုင်လို့ ရေးတာ
ဘဲလို့ ဆိုယင်လဲဟုတ်ပါတယ်။ ၀န်ခံပါတယ်။]
လူတစ်ယောက်ကိုသူမသေခင်အပြီးသပ်သဘောမျိုးအကဲဖြတ်တာမမှန်နိုင်ပါဘူး။ 
ဒါပေမဲ့လဲလုပ်တော့လုပ်နေ ကြတာပါဘဲ။သတင်းနည်းပညာတွေအဆမတန်ထွန်းကား
လာယုံမကလူတိုင်းလက်လှမ်းမှီလာတဲ့ကနေ့ ခေတ်မှာတော့တကမ္ဘာလုံးမှာလူတိုင်းက
လူတိုင်းအပေါ် တရားသူကြီးပြန်လုပ်တဲ့ခေတ်ကိုရောက်ပြီလို့ တောင်ပြောရမလားဘဲ။ 
ကျနော်တို့ ဗမာတွေကလဲအရာရာကိုအလျင်စလိုမှတ်ချက်ပေးတတ်တဲ့လူမျိုးရေး
စရိုက် (racial character) ရှိလို့  “မပြီးခင်ဗမာမမြင်စေနဲ့ ”လို့ တောင်တိုင်းရင်းသား
တွေကပြောစမှတ်ပြုရသူတွေဖြစ်ကြပါတယ်။ 
ဒီ ၂ ချက်အပြင်နှစ်ပေါင်း၅၀ကျော်ပါးစပ်ပိတ်ခံထားရပြီးအခုဖွင့်ပေး
လိုက်တော့မှပြောရဲဆိုရဲဖြစ်လာကြတဲ့ တိုင်း ပြည်ဖြစ်နေပြန်တဲ့အတွက်
အခုအချိန်မှာတော့ - သခင်စိုးမှတ်ချက်ပေးဘူးသလို“အရူးထောင် 
ဖွင့်ပွဲကြီး” တစ်ခု ဟာတားမရ ဆီးမရကန်ဘောင်ကျိုးကြ 
လာနေတာပါဘဲ။
ခင်ညွန့် ကိုလွှတ်ပေးလိုက်တာကိုမကျေနပ်တဲ့လေသံနဲ့ မှတ်ချက်ပြုသူတွေ 
Facebook မှာထောင်ဂဏန်းနီးပါးရှိတာကိုတွေ့ ရပါတယ်။ ခင်ညွန့် အာဏာရှိစဉ်
ကာလမှာ ထိပ်တိုက်ရင်ဆိုင်နိုင်ငံရေးလမ်းကြောင်းလိုက်မိခဲ့သူတွေ ဟာစစ်အစိုးရရဲ့
ဘက်ပေါင်းစုံက နည်းမျိုးစုံနဲ့ နှိပ်ကွပ်မှုဒဏ်ကိုရက်ရက်စက်စက်ခံခဲ့ကြရတဲ့အတွက်
သူ့ ရာထူးကျ ပြီးတလှည့်တပြန်ထောင်နန်းစံရတဲ့အခါမှာအလွန်အင်မတန်ကျေနပ်
အားရခဲ့ကြသလို အခုပြန်လွတ်လာတော့လဲဝမ်းမသာနိုင်ဖြစ်ကြရပြန်တယ်။ 
လူ့ သဘာဝပါ။ အပြစ်ဆိုစရာမရှိ။ ဝေဘန်စောကြောစရာလဲမလိုပါ။
သို့ သော်အချိန်တန်ယင်မေ့ပျောက်သွားရမဲ့သာမန်လူ့ သဘာဝခံစားချက်
ထက်ကျော်လွန်ပီးနိုင်ငံရေးပြဿနာတရပ်ဖန်တီးလာမယ်ဆိုရင်တော့သတိထား
အန္တရယ်ပြုနိုင်ပါတယ်။ ခိုင်မာတဲ့သမိုင်းလက်တွေ့ အရဒီလိုပြောနိုင်တာဖြစ်ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲအပြီးမှာအနိုင်ရပါတီကခေါင်းဆောင်တစ်ဦးက Nuremberg 
ဆိုတဲ့အသုံးအနှုံးကလေး တစ်ခုကြောင့်အာဏာလက်ရှိစစ်အစိုးရခေါင်းဆောင်တွေ
ကိုစိတ်ပြောင်းအောင်လုပ်လိုက်သလိုဖြစ်ပြီးသဘော ထားတွေတင်းမာကုန်ကြရာ ကနိုင်ငံရေးလမ်းကြောင်းပြောင်းသွားခဲ့ဘူးတယ်။ အခုတစ်ခါ ၁၉၉၀ တုံးကလိုတာ ၀န်မဲ့လေသံမျိုးတွေကြားလာရပြန်တော့ဒီတစ်ခါတော့ဥပဒေထည်းမှာတရားဝင်
အာဏာသိမ်းခွင့်ထည့်ရေးထား တဲ့အထိတဘက်ကအဆုံးစွန်အတွက်ပါအသင့်ပြင်
ထား(Prepared for the worst) တာနဲ့ ဆက်စပ်ကြည့်လိုက်ရင်နောက်ကြောင်းပြန် မလှည့်ပါဘူးလို့ ဘယ်သူကပြောနေပါစေအကြောင်းတိုက်ဆိုင်လာရင်ဘယ်သူမှ
တကယ်အာမ မခံနိုင်တဲ့အခြေအနေမျိုးဆိုတာတွက်ဆကြည့်နိုင်ပါတယ်။
ဒီမိုကရေစီနိုင်ငံသစ်တွေမှာယခင်အာဏာရှိစဉ်ကလူ့ အခွင့်အရေးချိုးဖေါက်ခဲ့ကြ
တယ်လို့ စွပ်စွဲခံကြရသူတွေကို လိုက်လံရှာဖွေပီးအရေးယူအပစ်ပေးတဲ့နိုင်ငံရေး
(Politics of Retribution) ဟာအချိန်ကာလအတိုင်းအတာတစ်ခုအတွင်းခေတ်
စားလေ့ရှိပါတယ်။ တည်ဆဲကမ္ဘာကြီး (existing world system) ကလဲ
ဒါကိုအားပေးပါတယ်။ သက်သေကတော့ The Hague ကအပြည်ပြည်ဆိုင်ရာ
ရာဇ၀တ်ကြောင်းတရားရုံး (International Criminal Court - ICC) ပါဘဲ။ 
ဒီရုံးရဲ့တရားဝင်မှု (legitimacy) ကိုနိုင်ငံအတော်များများကလက်မခံကြဘူး။ ဥပမာအမေရိကန်  ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံကအသိအမှတ်မပြုဘူး။ 
ဒါဟာ လွပ်လပ်တဲ့နိုင်ငံတော်တွေရဲ့အချုပ် အချာအာဏာ 
(national sovereignty) ကိုထိပါးရာကျတယ်လို့ ယူဆကြတယ်။
ဒါပေမဲ့ ICC ဟာအမေရိကန်လိုမဟာအင်အားကြီးနိုင်ငံကြီးတွေကိုဘာမှ
မတတ်နိုင်ပေမဲ့ အင်အားချိနဲ့ နေတဲ့နိုင်ငံ တွေ (weak states) နဲ့ 
ကျဆုံးနေတဲ့နိုင်ငံတွေ (Failed states) ၊ ကျဆုံးသွားတဲ့နိုင်ငံတွေ 
(Collapsed states) က ဒီအမှုမျိုးနဲ့ စွပ်စွဲခံရသူတွေကိုတော့ကောင်းကောင်း
ကြီးဒုက္ခပေးနိုင်ပါတယ်။ ဥပမာမီလိုဆိုဗစ်(ယူဂိုဆလားဗီးယား)၊ ခမာနီခေါင်းဆောင်တွေ 
(ကမ္ဘောဒီးယား) နဲ့ ချားလ်စ်-တေလာ (Sierra Leone) တို့ ကိုကြည့်ပါ။ 
အီရတ် နဲ့ အာဖဂန်နစ္စတန်ပြည်သူတွေရဲ့လူ့ အခွင့်အရေးတွေကိုအကြီး
အကျယ် ချိုးဖေါက်ခဲ့တဲ့ဂျော့ဒဗလျူဘွတ်ရှ် (George W. Bush) ကိုတော့ 
ICC ကလေသံတောင်မဟရဲဘူး။ ဒါတွေဟာလက်ရှိသမတအိုဘားမား 
လက်ထက်မှာတောင်ဆက်ဖြစ်နေတာပါပဲ။
ပြည်တွင်းစစ်ရှိနေတဲ့နိုင်ငံတိုင်းဟာချိနဲ့ တဲ့နိုင်ငံ (weak state) ပါ။ 
ဒီ့ထက်ကိုယ်ပိုင်နယ်မြေ၊ ကိုယ်ပိုင်စစ်တပ်နဲ့ ဗဟိုကအစိုးရကိုမနာခံဘဲ
တိုင်းပြည်ကြီးထဲမှာတိုင်းပြည်ငယ်တွေလိုနေနေကြတဲ့အုပ်စုတွေအများကြီး
ရှိနေယင်တော့သာမန်ချိနဲ့ ယုံမကတော့ဘဲကျဆုံးနေတဲ့နိုင်ငံတော် 
(Failed state) တစ်ခုဖြစ်လာပါတယ်။ 
[F.S ရဲ့ လက္ခဏာရပ်တွေ (characteristics) ကိုကျနော်စာရင်းပြုစုထားတာ
အချက်ပေါင်း သုံးဆယ်ကျော်ရှိပါတယ်။ နောင်အလျဉ်းသင့်တဲ့အခါတင်ပြပါ့မယ်။]
ဒီလိုနေရာတွေမှာဒီမိုကရေစီဝေးလို့ တရားဥပဒေအုပ်စိုးရေး(law and order)
တောင်မသက်ရောက်ဘူး။ လူ့ အခွင့်အရေးဆိုတာကတော့အစိုးရကော၊
သူပုန်ကော၊သူပုန်အမည်ခံမူးယစ်ဆေးဝါးမားဖီးယားတွေကောအားလုံး
အပြိုင်အဆိုင်ချိုးဖေါက်နေကြတာပါဘဲ။ 
တခြားသူတွေလုပ်နေကြတာတွေကိုသဘောလောက်ဝတ်ကျေတန်းကျေပြော
ကြပေမဲ့အစိုးရတွေဘက်ကကျူးလွန်တာတွေကတော့မိမိရရမှတ်တမ်းမှတ်ရာ
တွေနဲ့ သာသာထိုးထိုးဖြစ်နေတတ်ကြတယ် (well documented) ။
ဦးနေ၀င်းလက်ထက်ဆိုရှယ်လစ် ၂၆ နှစ်မှာလက်နက်ကိုင်ပုန်ုကန်မှုတွေကို
နယ်စွန်နယ်ဖျား (peripheries) ရောက်ကုန်အောင်လုပ်နိုင်ခဲ့ပေမဲ့ ၁၉၈၈ မှာ
ဗဟိုချက်မဒေသတွေ (center)မှာအရပ်သားများရဲ့လက်နက်မကိုင်ပုန်ကန်မှု
ကြီးပေါ်လာပြန်တယ်။ ဒီအရပ်သားများရဲ့အုံကြွမှုကမူလကတည်းကရှိနေပြီး
သားပြည်တွင်းစစ်ကိုပြန်အရှိန်တက်လာစေပြီး လူ့ အခွင့်အရေးကိစ္စကိုပိုဆိုး
လာစေတာဘဲ။
၁၉၈၈ ခုနှစ်စက်တင်ဘာမှာပေါ်လာတဲ့ စောမောင်၊ခင်ညွန့် တို့ ရဲ့ န၀တ 
(State Law and Order Restoration Council) ဟာအသေအချာ လက္ခဏာအကဲဖြတ်ကြည့်ရင်အာဏာသိမ်းပွဲမဟုတ်ခဲ့ဘူး။ 
ဘယ်သူ့ လက်ထဲမှာမှမရှိတော့တဲ့အာဏာကိုဘယ်လိုလုပ်သွားသိမ်းရမလဲ။ အာဏာသိမ်းတယ်ဆိုတာကမ္ဘာအရပ်ရပ်မှာကောမြန်မာပြည် (၁၉၆၂) မှာပါ အာဏာလက်ရှိအစိုးရခေါင်းဆောင်တွေကိုအရင်ဖမ်း၊ထောင်ထည်းတည့်၊ 
သို့ မဟုတ်လက်စတုံးကွပ်မျက်ပစ်တာတွေလုပ်ကြတာဘဲ။  ၁၉၈၈မှာ
ဘယ်အစိုးရရှိနေသေးလို့ ဘယ်တိုင်းပြည်အကြီးအကဲကိုဖမ်းဆီးခဲ့ရ၊ 
ရာထူးကချခဲ့ရ၊ ကွပ်မျက်ပစ်ခဲ့ရသလဲ။
တကယ်ကမင်းမဲ့အခြေအနေ (anarchy)ဖြစ်သွားတာကိုရန်ကုန်သားတိုင်းအသိဘဲ။ 
၁၇၈၉ ပြင်သစ်တော် လှန်ရေးကြီးတုံးကလို Robespierre နဲ့  Guillotine တို့ ပေါ်
ထွက်မလာသေးတာဘဲရှိတယ်။ ကျနော်တို့ သာကေတမှာဆိုရင်ခေါင်းဖြတ်တာတွေလုပ်တယ်။ 
လမ်းတိုင်း၊ ရပ်ကွက်တိုင်းလုံခြုံရေးပျက်ပြားကုန်ပြီးဝါးကပ်ကာခြံစည်းရိုးတွေ ကြောင့်
သွားရေးလာရေးတွေခက်ခဲကုန်ပြီ။
ဒီအချိန်မှာအရပ်သားနိုင်ငံရေးသမားတွေဟာခေတ်ကိုရှေ့ ဆောင်နိုင်
ဘို့ ဝေးစွ၊ အမှီတောင်မလိုက်နိုင်ခဲ့ကြဘူး။ သူတို့ အချင်းချင်း
ငယ်ကျိုးငယ်နာတွေမပြေနိုင်ကြ၊ တစ်ယောက်မျက်နှာတစ်ယောက်
မကြည့်ချင်ဆက်ဖြစ်နေခဲ့ ကြတာကိုကြည့်ယင် အားလုံးအတိပ်မှာဘဲ
ကျန်ရစ်နေခဲ့ကြတာကိုသိနိုင်တယ်။ အချိန်နဲ့ အမျှမရပ်မနား ယိုယွင်းနေလာတဲ့တိုင်းပြည်အခြေအနေကိုဘယ်လိုလုပ်ရမလဲ။
သမိုင်းအမြင် (historical context) ကနေကြည့်ယင် SLORC ဟာ
သမိုင်းလိုအပ်ချက်(historical necessity) အရပေါ်လာရတဲ့သမိုင်းရဲ့
အသွင်အပြင် (historical phenomenon) တစ်ခုဖြစ်တယ်။ ပိုကောင်းတဲ့ သမိုင်းလမ်းကြောင်းတွေကိုအရပ်သားတွေကမှမဖန်တီးနိုင်ခဲ့ကြဘဲ။ 
ယ္ခုတိုင်သက်ရှိထင်ရှားရှိနေကြသေးတဲ့နိုင်ငံရေးသမားတွေကိုယ်တိုင်ပါခဲ့ကြလို့ 
သိနေကြတဲ့အတိုင်းမြန်မာပြည်အတွက်ပိုကောင်းမဲ့သမိုင်း 
လမ်းကြောင်းအနည်းဆုံးသုံးခုနဲ့ လွဲခဲ့ကြပါတယ်။ အဲဒါတွေကတော့ - 
(တစ်) - အရေးတော်ပုံစောစောပိုင်းမှာဒေါက်တာမောင်မောင်အစိုးရရဲ့သုံးလ
အတွင်းရွေးကောက်ပွဲ ကမ်းလှမ်းချက်ကိုလက်မခံနိုင်ခဲ့ကြတာ -
(နှစ်) - အရေးတော်ပုံအထွဋ်အထိပ်ကာလမှာဦးနုရဲ့ခြောက်လအတွင်းရွေးကောက်
ပွဲလုပ်ပေးပါ့မယ်ဆိုတဲ့ ကမ်းလှမ်းချက်ကိုလက်မခံခဲ့တာ -
(သုံး) - ၁၉၉၀ ရွေးကောက်ပွဲမှာအကြီးအကျယ်နိုင်လို့ အောင်ပွဲနဲ့ ယစ်မူး
(dizzy with success)  သွားတဲ့ NLD ပါတီကခေါင်းဆောင်တစ်ချို့ ရဲ့ဝင့်ဝါမှု
ကိုသွေးလန့် သွားတဲ့ စစ်တပ်ဟာနိုင်ငံရေးကူးပြောင်းရေးကို 
ချယ်လှယ်(manipulate) လာတာကိုပြည်ပအားကိုးသက်
သက်လောက်နဲ့ ထိပ်တိုက်ရင်ဆိုင် (confrontation) လိုက်မိလို့ 
အနိုင်ကနေအရှုံးပြန်ဖြစ်သွားတာ - စတာတွေဘဲ။
၁၉၈၈/၁၉၉၀ အချိန်ကာလအပိုင်းအခြားမှာတော့ ဦးနု - အောင်ဆန်းစုကြည် 
- စောမောင်- ခင်ညွန့်  စတဲ့ နိုင်ငံရေးသမားတွေကောစစ်ခေါင်းဆောင်တွေပါ
အခြေအနေသစ်ဖန်ဆင်းသူတွေမဟုတ်ကြဘဲဖြစ်လာတဲ့ အခြေအနေတွေအပေါ်
တုန့် ပြန်မှုတွေ (response) သာလုပ်ခဲ့ကြတဲ့သမိုင်းဇာတ်ကောင်တွေ
(historical characters) ဖြစ်ခဲ့ကြတယ်။ 
ဆိုလိုတာကသမိုင်းကိုဖန်တီးတဲ့ဇာတ်ဆရာတွေမဟုတ်ကြဘူး။
[ဇာတ်ဆရာအဆင့်ရောက်ခဲ့ကြသူတွေကတော့ဦးနေ၀င်းထံပေးစာတွေရေးပြီး
လှုံ့ ဆော်ခဲ့တဲ့ ဦးအောင်ကြီး၊ အောင်ဆန်းစုကြည်ကိုပွဲထုတ်ပြီးစင်တင်ခဲ့တဲ့မောင်သော်က၊ 
သူမကိုဆရာ (mentor) လုပ်ဖို့ အားထုပ်ခဲ့ဘူးတဲ့သခင်တင်မြ၊ ဦးထွေးမြင့်စတဲ့သူတွေပါ။ သူတို့ ရဲ့ပါဝင်မှုကာလတိုတောင်းပေမဲ့သူတို့ ရဲ့အဆင့်ကတော့ဇာတ်ဆရာအဆင့်ပါ။] 
တပ်ထည်းကဖြစ်တဲ့ခင်ညွန့် ဟာအောင်ဆန်းစုကြည်လိုပဲ - သမိုင်းဇာတ်ကောင် အဖြစ်စင်ပေါ်ကိုအခြေအနေက တွန်းပို့ လိုက်လို့ ရောက်လာတာဖြစ်တယ်။ ဒါပေမဲ့ စင်ပေါ်ရောက်လာပြီးတဲ့အချိန်မှာတော့မိမိရောက်နေတဲ့နေရာ (SLORC/SPDC အတွင်းရေးမှုး-၁၊ ထောက်လှမ်းရေးအကြီးအကဲ) ကိုအသုံးချတတ်ပြီးစစ်တပ်ရဲ့နိုင်ငံရေး ရန်သူ တွေကိုမလှန်နိုင်အောင်ဖိနှိပ်ထားနိုင်ခဲ့သူဖြစ်တယ်။ သူ့ အောင်မြင်မှုကသူ့ ကို 
ဒုစရိုက်မင်းသား (Prince of evil) ဘွဲ့ ကိုရစေခဲ့တယ်။ တချိန်ထည်းမှာပဲ အလုပ်ကိုမရပ်မနားလုပ်လို့ အလုပ်စွဲနေသူ (Workaholic)လို့ လဲအောင့် သက်သက်နဲ့ ချီးမွမ်းတာခံရသူဖြစ်တယ်။ သူဟာ ‘ဇာတ်ကောင်’ ကနေ 
‘ဇာတ်ဆရာ’ ဖြစ်လာတယ်။
၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်းထိပ်တိုက်ရင်ဆိုင်ရေးစလိုက်ချိန်ကစပြီးခင်ညွန့် 
ဟာသူရဲ့မက္ခီယာဗဲလီယန်း (Machiavellian) စတိုင်နိုင်ငံရေးကြောင့် “စစ်တပ်က
လုပ်တဲ့နိုင်ငံရေး” ရဲ့ပင်ရင်း (author of military politics) ဖြစ်လာတယ်။
ကနေ့ အောင်မင်းတို့ အောင်သောင်းတို့ အောင်ကြည်တို့ သိန်းဇော်တို့ 
လူတွေအများကြီးခွဲပြီးကျိုးစားနေတဲ့တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့ 
အပစ်အခတ်ရပ်စဲရေးပြန်ရရေးဟာခင်ညွန့် တစ်ဦးတည်းလုပ်ပြခဲ့ပြီးသားဖြစ်တယ်။ 
၁၉၉၀ ခုနှစ်ရွေးကောက်ပွဲနောက်ပိုင်း (၁/၉၀) နဲ့ ဖွဲ့ စည်းပုံဥပဒေ သစ်/ရွေးကောက်ပွဲသစ် လမ်းကြောင်းချပီး တဘက်ကပုံစံတကျအသွင်ကူးပြောင်းရေးကိုချခင်းပြီး တဘက်က
လဲတိုင်းပြည်ကိုဖွံ့ ဖြိုးရေး (Developmental state) လမ်းကြောင်းပေါ်တင်ပေးခဲ့တယ်။ 
SLORC ကနေ SPDC (၁၉၉၂ /၂၀၁၀) ဖြစ်လာ တယ်။ 
ဒီကနေ့ ဦးသိန်းစိန်အစိုးရသစ်ကလုပ်နေတာတွေဟာခင်ညွန့် ရဲ့လုပ်ငန်းစဉ်
(seven steps ‘Roadmap’ to democracy) ကိုခင်ညွန့် မပါဘဲဆက်လုပ်နေ
တာသာဖြစ်တယ်။ အသေးစိတ်ပြောရယင်ဦးသန်းစိန်ဟာ 
ခင်ညွန့် ရဲ့ရာထူးအမွေတွေဖြစ်တဲ့ တွင်း -(၁)၊ ၀န်ကြီးချုပ်
ဆိုတာတွေကိုဆက်ခံတာဝန်ယူပီးလိုက်လုပ်ခဲ့ရတာဖြစ်တယ်။
ဒါပေမဲ့ဒီနေရာမှာ ‘သိန်းစိန်ကခင်ညွန့် ထက်သာတယ်တို့ 
သူကအောင်ဆန်းစုကြည်ကိုရအောင်စည်းရုံးယူနိုင်တယ်’ လို့ ဆင်ခြေ တက်ကောင်းတက်ကြလိမ့်မယ်။ ဒီဆင်ခြေကတော့အင်မတန်နုံချာပါတယ်။ 
ဦးသိန်းစိန်အစိုးရသစ်ကသူ့ လမ်းစဉ် (တကယ်ကခင်ညွန့် လမ်းစဉ်) ဘာတစ်ခု မျှအပွန်းအပဲ့ခံပြီးအောင်ဆန်းစုကြည်ကိုလျှော့မပေးခဲ့ရပါဘူး။ အချော့ကြိုက်တဲ့သူ
ကိုချော့လိုက်တာလောက်ဘဲရှိပါတယ်။ ဒါမျိုးဟာအနောက်တိုင်းလူဆိုးလောက 
က ‘Good Cop / Bad Cop Game’ လောက်ပါဘဲ။ ဘာဘဲဖြစ်ဖြစ်ခင်ညွန့် နဲသန်းရွှေတို့ 
ရဲ့ ၂၃ နှစ်အထုအထောင်းခံခဲ့ရတဲ့ NLD နဲ့  အသက်ရလာပြီဖြစ်လာတဲ့အောင်ဆန်းစုကြည်
ဟာဆက်တင်းခံမနေနိုင်တော့ဘဲတဘက်ကလူလဲပြလိုက်တာကိုအကြောင်းပြ၊ 
‘သူ့ ကိုတော့ကျမယုံတယ်’ ဆိုပြီး ၂၃ နှစ်နိုင်ငံရေးလမ်းစဉ်ကို ‘flip flop’ လုပ်လိုက်တာဘဲ။
ရန်ကုန်ပွဲစားလောကဝေါဟာရနဲ့ ပြောရယင်တော့ “ပါးပါးကလေး” ပါ။ 
တဘက်မှာလူထုက NLD မပါဘဲလဲဆက်သွားတော့မှာကို ၂၀၀၈ ဆန္ဒ ခံယူပွဲနဲ့  ၂၀၁၀ ရွေးကောက်ပွဲတွေကနေတဆင့်သတိပေးနေပြီလေ။နိုင်ငံတကာပွဲကြည့် 
ပရိဿတ်တွေကလဲ ဒီနှစ်ဘက်ပဋိပက္ခဘယ်နည်းနဲ့ ပြီးပြီး - 
ပြီးရင် ပြီးရော ဆိုပီးဝိုင်းသာဓုခေါ်လိုက်ကြရတာပါ။ 
ခုအခါမှာ NLD ပါတီက ၁၉၉၀ ခုနှစ်ရလဒ်ကိုလက်တွေ့ နိုင်ငံရေးလိုအပ်ချက်
အရမေ့ပြစ်လိုက်ပြီးပါတီကိုမှတ်ပုံအသစ်ပြန်တင်အောင်ဆန်းစုကြည်ကိုယ်
တိုင်ကြားဖြတ်ရွေးကောက်ပွဲကိုဝင်ဘို့ စိတ်အားထက်သန်နေပြီ။ ခင်ညွန့် ချခဲ့တဲ့
လမ်းစဉ်ကိုသိန်းစိန်ကဆက်အကောင်အထည်ဖေါ် - အောင်ဆန်းစုကြည်ကလဲ ပါဝင်ပူးပေါင်းခြင်းအားဖြင့်တရားဝင်အောင်ပြုပေး (legitimize) ရာရောက်နေပြီဖြစ်
တယ်။ တစ်ချိန်က ‘အောင်ဆန်းစုကြည်ရဲ့ အသက်ကိုတောင်အန္တရယ်ပြုတာပါဆိုတဲ့’ 
ဒီပဲယင်းလုပ်ကြံမှုကြီးဆိုတာကိုတကမ္ဘာလုံးကြားအောင်အကြီးအ ကျယ်အော်ဟစ်ခဲ့ကြ
တာတွေကို NLD ကမေ့ပစ်လိုက်ပြီဖြစ်တယ်။ ဒါဟာတကယ်မဟုတ်ဘဲလုပ်ကြံ
စွပ်စွဲခဲ့တာ မို့ ဒီလောက် အလွယ်တကူအသံတွေတိပ်ကုန်တာလား။ ဦးဝင်းတင်ရင်ထဲဘယ်လိုရှိနေမလဲဝင်ကြည့်လိုက်ချင်ရဲ့။
ဘာဘဲဖြစ်ဖြစ်အတိုက်အခံနဲ့ အစိုးရသစ်နိုင်ငံရေးအရတလှေထည်းစီးပြီးတစ်ခရီထည်း
သွားဘို့ ပြင်နေတဲ့ယ္ခုအချိန်မှာဒီလမ်းပြမြေပုံနိုင်ငံရေးလမ်းစဉ်ရဲ့ဗိသုကာဖြစ်ခဲ့တဲ့ခင်ညွန့် 
ကိုခွင့်မလွှတ်နိုင်ရင်သူ့ ရဲ့နိုင်ငံရေးနောက် လိုက် (အာဏာရှိ/အတိုက်အခံ) အားလုံးကိုလဲ ခွင့်လွှတ်နိုင်စရာမမြင်ဖြစ်နေလိမ့်မယ်။
လူ့ အခွင့်အရေးချိုးဖေါက်မှုတွေဟာမြန်မာပြည်မှာအာဏာရှင်စံနစ်ကြီးစတင်
ကတည်းကစခဲ့တာဖြစ်တယ်။ခင်ညွန့် မတိုင်ခင်ကလဲဖြစ်၊ခင်ညွန့် လက်ထက်
မှာလဲဖြစ်၊ခင်ညွန့် မရှိတော့တဲ့နောက်ပိုင်းမှာလဲဆက်ဖြစ်နေတာဘဲ။ ထိပ်ဆုံးက ပုဂ္ဂိုလ်ကတော့ဘယ်သူဘဲဖြစ်နေနေယန္တယားသဘောအရတာဝန်ရှိမှာပေါ့။ 
(institutionally, structurally responsible)။ 
ခင်ညွန့် ဟာဘော်လရှီဗစ်ခေါင်းဆောင်လီနင်လို ဇာဘုရင်မိသားစု တစ်ခုလုံးကိုပစ်သတ်ကွပ်မျက်ပြစ်ဘို့ ကိုယ်တိုင်လက်မှတ်ထိုး အမိန့်  ချမှတ်တဲ့အထိရက်စက်တာမျိုးတွေတော့မကျူးလွန် ခဲ့လောက် 
ဘူးလို့ တော့ အောက်မေ့ရတာပဲ။ 
ဒါကြောင့်ဗမာနိုင်ငံရေးသမားတစ်ချို့ ကိုးကားတဲ့တောင်အာဖရိကနမူနာ 
အတိုင်းဆိုယင် “အမှန်တရားမှတဆင့်ကြေးအေးရေးကော်မတီတွေ” 
(Truth and Reconciliation Committee) ဖွဲ့ ပြီးဖြေရှင်းနိုင်တာပဲ။ 
ဒီလိုမဖြစ်ချင်ရင်လဲနောင်သင့်တော်တဲ့အချိန်ကျမှတကယ်လက်တွေ့  
အပြစ်ရှိခဲ့သူတွေကိုတိတိကျကျဖေါ်ထုတ်ပြီး due process နဲ့ စစ်ဆေးစီရင်
လို့ ရတာပဲ။ အခုပြောနေကြသလိုယိုသမျှချေးပုဇွန်ဆိပ်ခေါင်းစုပေးတာမျိုး
လုပ်ဖို့ ကျိုးစားကြယင်မဆိုင်တဲ့သူတွေကလက်မခံဘဲသူတို့ တတ်တဲ့နည်းနဲ့ 
ဟန့် တားကြလက်တုန့် ပြန်လာကြလိမ့်မယ်။
နိုင်ငံရေးသံသရာတပါတ်ကျော့လာနိုင်တယ်။
၇ နှစ်ကြာအကျယ်ချုပ်နဲ့ နေခဲ့ရတဲ့ခင်ညွန့် ဟာအခုအချိန်မှာမာန်စွယ်ကျိုးပြီး
အရပ်သားတွေရဲ့ဘ၀ကိုစာနာလာပုံပေါက်နေတယ်။ ဒါတကယ်မဟုတ် ယင်တော့တော်တော်ဟန်ဆောင်ကောင်းတယ်လို့ ဆိုရမယ်။ သူဟာတစ်ချိန်က နေ၀င်းနဲ့ အောင်ကြီးပဋိပက္ခလိုနိုင်ငံရေးကွဲလွဲမှုကြောင့်အရာကျ
တာမျိုးမဟုတ်ဘဲသူများထက်တော်နေလို့ ခြေလှမ်းကျဲသွားလို့ လုပ်ဖေါ်ကိုင်ဘက်တွေက
သူတို့ ကိုချနင်းပီးကျော်တက်သွားမှာစိုးလို့ ဆွဲချခံရတာဖြစ် တယ်။ အကျဉ်းကျခံ ၇ နှစ်ကသူ့ ကိုအရပ်သားစိတ်ထဲ့ပေးလိုက်ပီ (civilianized) ဆိုတာသေချာ
ယင်သူ့ ကိုဒီအတိုင်းလွှတ်မထားဘဲသင့်တော်သလိုပြန်အသုံးချတာက
တိုင်းပြည်အတွက်ကောသူ့ အတွက်ပါကောင်းလိမ့်မယ်။
တာဝန်မဲ့ပေါက်ပန်းဈေးပြောနေရေးနေကြတာတွေဟာအစိုးရသစ်နဲ့ 
အောင်ဆန်းစုကြည်ကိုပါအဖျားခတ် နေတယ်။ 
တင်းမာတဲ့ သဘောထား ရှိနေသူတွေကိုပိုတင်းမာသွားစေလိမ္မယ်။
မြန်မာသံတော်ဆင့်
6 comments:
  1. Myanmar Road Map of Bo Khin Nyunt is copycat of Bangkok Process. We Myanmar are feeble in originality and creativity, better in simulation.
    Thank you,
    ReplyDelete
  2. Bo Khin Nyunt is intelligent, sociable, obedient and prefer to popularity but not good enough braveness (i.e.His frighten face when guarded by Bo Aung Thaungs' sons in 2004 and present shock on Bkok post's view).
    He was detained due to deviating from SPDC theme, not by his superior capacity.
    Some driving forces for the current changes are geopolitics (US,EU Vs. China) and finding offshore gas fields. As Thakhin Soe said "How that could be stand a boat whilst giant ship swaying among storms".
    All the present scenarios come true as Bo Than Shwe's plot, though his weakness in corruption he is decisive and most brainy head among army generals and we might see the book of "Than Shwe's Strategy" in next few decades.
    Thank you
    ReplyDelete
  3. I cannot find a proper words to say what's going on if U Than Shwe and accompanies were detained instead of U Khin Nyunt.
    ReplyDelete