Wednesday, October 19, 2011

အတွင်းဝန်ရုံးဟောင်းသည်ပြတိုက်ဖြစ်သင့်



အောက်တိုဘာ ၁၈
အတွင်းဝန်ရုံးဟောင်းသည်အမျိုးသားရေးလှုပ်ရှားမှုသမိုင်းပြတိုက်ဖြစ်သင့်

မြန်မာနိုင်ငံရှိ ၀ိတိုရီးယန်းခေတ်ဗိသုကာလက်ရာ (Victorian era architecture)အဆောက်အအုံများအနက်ထုထည်အကြီးမားဆုံး
ဖြစ်သောအတွင်းဝန်များရုံးဟောင်း (Old Secretariat) ကို စီးပွားရေးလုပ်ငန်းများအထူးသဖြင့် ဟော်တယ်လုပ်ငန်း အဖြစ်ပြောင်းလဲလုပ်ကိုင်နိုင်စေရန်ပုဂ္ဂလိကရင်းနှီးမြုတ်နှံ မည့်သူများသို့ တင်ဒါစံနစ်ဖြင့်လေလံပစ်တော့မည်ဟုသိရသည်။


မြန်မာနိုင်ငံ၏မြို့ တော်ဟောင်းရန်ကုန်မြို့ သည်နယ်ချဲ့ ဆန့် ကျင်ရေး အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုနှင့်ဆက်စပ်နေသောသမိုင်းဝင် အဆောက်အအုံများသောမြို့ ဖြစ်သည်။

အတွင်းဝန်များရုံးဟောင်း၊ ဟိုက်ကုတ်၊ ဂျူဗလီဟော၊ ကွန်တီနင်တယ်၊ ဆိုရန်တိုဗီလာ၊ မြို့ တော်ခမ်းမ၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ အင်းစိန်ထောင်၊ ရွှေတိဂုံစေတီ -

ကျောင်းသားသမဂ္ဂအဆောက်အဦးကား ၁၉၆၂ ခုနှစ်ကတည်းကမရှိတော့။

ဂျူဗလီဟောနှင့်ကွန်တီနင်တယ်တို့ ကို ၁၉၈၉ ခုနှစ်ကနောက်ဆုံးမြင်ခဲ့ကြရ သည်။

ကွန်တီနင်တယ်၏နေရာတွင်ယခု Traders Hotel ဖြစ်နေပြီ။ 
ဂျူဗလီရုံ ကားအစရှာမရပြီ။

စစ်ပြီးစကဗိုလ်ချုပ်တို့ အမျိုးသားစီးပွားရေးစီမံကိန်းရေးဆွဲ ရာ ဆိုရန်တိုဗီလာမှာသတင်းစာသင်တန်းကျောင်းခဏဖြစ်လိုက်ပြီးယခုပုဂ္ဂလိ ကကုပ္မဏီတစ်ခု (DHL) ကအသုံးပြုနေသည်။

ဟော်တယ်လုပ်ငန်းစသည်များလုပ်ကိုင်စေရန်ပုဂ္ဂလိကသို့ တင်ဒါခေါ်၍လွှဲ ပြောင်းပေးမည်ဆိုသော
အတွင်းဝန်ရုံးဟောင်းသည်ဗြိတိခေတ်ဗမာပြည်အစိုးရရုံးစိုက်ရာ ဖြစ်သည်။ (seat of Government)

သမိုင်းဝင်အဆောက်အအုံများအနက်အတွင်းဝန်ရုံးဟောင်းသည်
ကျွန်ုပ်တို့ အမျိုးသားလွတ်မြောက်ရေးသမိုင်း၏ဖြစ်ရပ်များနှင့်လိမ်းကျံထားသည်။
အတွင်းတစ် နေရာ၌အမျိုးသားအာဇာနည်ကြီးများကျဆုံးရာတကယ့်သင်းချိုင်းဖြစ်သော အခန်းတစ်ခန်းရှိသည်။ထို့ ကြောင့်ကိုလိုနီအစိုးရကဆောက်ခဲ့တာဖြစ်သော်လည်း
ကျွန်ုပ်တို့ ၏သမိုင်းဝင်အမျိုးသားအမွေအနှစ်တစ်ခု (a national heritage)ဖြစ်နေကာအတွင်းဝန်များရုံးဟောင်းသည် သူ့ အလိုလိုပင်အမျိုး သားရေးလှုပ်ရှားမှုပြတိုက်ဖြစ်နေပြီဖြစ်သည်။

နောင်လာနောက်သားများကကျွန်ုပ်တို့ ၏ဘိုးဘွားများ (Nation founding fathers) သွေးနှင့်ပေးဆပ်ခဲ့ကြသောနယ်ချဲ့ ဆန့် ကျင်ရေး အမျိုးသားလွတ်မြောက်ရေးသမိုင်းကိုယုံတမ်းစကားအဖြစ် မမှတ်ယူစေချင်လျှင်၊ စာအုပ်ထည်း မှာသာမက၊ လက်ဆုပ်လက်ကိုင်လက်ညိုးထိုး၍သက်သေပြစရာရာဇ၀င်တွင် သည့်အဆောက်အအုံများကို ထာဝရတယုတယ ထိမ်းသိမ်းထားဘို့ လိုအပ်သည်။

၎င်းအတွက်အမျိုးသားရေးအမွေအနှစ်များထိမ်းသိမ်းရေးဖေါင်ဒေးရှင်း (National Heritages Foundation) တစ်ခုရှိသင့်သည်။

ထို့ ပြင်အများပြည်သူတို့ သွားလာဝင်ထွက်ထိတွေ့ ၍လေ့လာစရာအဖြစ် လက်လှမ်းမှီအောင်နိုင်ငံတော်ကစီမံပေးရမည်။ ပုဂ္ဂလိကပိုင်ဖြစ်နေလျှင်ပင် နိုင်ငံတော်ကအလှုခံ၍၄င်း၊ ၀ယ်ယူ၍၄င်းအများပြည်သူအတွက်ဖြစ်စေရမည်။

အသစ်ဆောက်သောခေတ်မှီအဆောက်အအုံများသည်ပို၍သစ်လွင်ခိုင်ခန့်  ကောင်းခိုင်ခန့် မည်။သို့ သော်သမိုင်းတန်ဘိုးမရှိ။

သမိုင်းဝင်ပြီးသားအဆောက်အအုံများကိုအမျိုးသားပြတိုက်အဖြစ်အသုံးပြုနိုင်ခွင့်
သည်နိုင်ငံတိုင်းပေါပေါများများရနိုင်သောအခွင့်အရေးမဟုတ်။ပြောင်းပြန်အားဖြင့်
မထင်မရှားအဆောက်အအုံတစ်ခုခုကိုသမိုင်းဝင်ဖြစ်စေချင်၍ပြတိုက်အဖြစ်သုံးကာ
တန်ဘိုးမြင့်ယူကြသည့်အဖြစ်ကပိုများသည်။

ဤအဆောက်အအုံမျိုးကိုလေလံတင်ရောင်းချ၍ဟော်တယ်လုပ်လိုက်လျှင်အ များပြည်သူနှင့်မသက်ဆိုင်တော့။ ပုဂ္ဂလိကပိုင်ပစ္စည်းဖြစ်သွားပြီ။ မည်မျှပင် စည်းကမ်းချက်တွေနှင့်လွှဲပြောင်းပေးသည်ဆိုစေ အနှေးနှင့်အမြန်သူ့ စီးပွားရေးအတွက်လိုအပ်ချက် အတိုင်းပြင်ဆင်ပြောင်းလဲပစ်တော့မည်။

နမူနာအားဖြင့်မဟာဗန္ဓုလမ်းပေါ်က T. Juma အဆောက်အဦး (ပုဂ္ဂလိကပိုင်) နှင့် Rowe Co. တို့ သည် ဈေးဆိုင်များနှင့် ကုပ္မဏီများ၏ဆိုင်းဘုတ်ကြီးငယ် များဖုံးလွှမ်းကာ
အလွန်အရုပ်ဆိုးသောမြင်ကွင်း(eyesore) ဖြစ်နေသည်သာ မကမြို့ ၏ကျက်သရေ ကိုပါပျက်စီးနေစေသည်။

ရန်ကုန်သို့ ပထမဆုံးအကြိမ် ရောက်လာသောမလေးရှားလုပ်ငန်းရှင်တစ်ဦးကဆိုလျှင် - “ ရန်ကုန်သည် ယခင် ကွာလာလန်ပူ ကိုသတိရစေသည်၊ တစ်မြို့ လုံးသည်ဆင်းရဲသားများ နေသော ကျူးကျော်ရပ်ကွက် အကြီးစားကြီးတစ်ခုလိုဖြစ်နေသည် (Yangon looks like one big slum) ”’ ဟုပင်မှတ်ချက်ချဘူးသည်။

လက်ရှိဈေးကွက်စီးပွားရေးစကတည်းကလူနေမြို့ ပြဧရိယာများ (urban areas) နှင့် အလှမ်းမဝေးသောနိုင်ငံပိုင်မြေများကို အများပြည်သူအတွက် အပမ်းဖြေစရာပန်းခြံမြေများ (Public recreational parks) အဖြစ်မဖန်တီးဘဲ ချမ်းသာသူများ အတွက်ဂေါက်ကွင်း (golf courses) များ အဖြစ်ပြောင်းလဲပေး နေသည်မှာအတော်များနေပြီဖြစ်သည်။

ယခုတဖန်လူချမ်းသာများ (အထူးသဖြင့်နိုင်ငံခြားမှလာ မည့်လူချမ်းသာများ) ကြံကြံဖန်ဖန်ဇိမ်ခံစရာအဖြစ်အမျိုးသားရေးနှင့် ဆက်စပ်နေသောအဆောက် အအုံများ ကိုဟော်တယ်များအဖြစ်ပြောင်းလဲပေဦးမည်။

အတွင်းဝန်ရုံးကိုရောင်းစားမည့်အကြံကိုမဟန့် တားနိုင်လျှင်နောက်မကြာခင်ဟိုက်ကုတ် (ယခုတရားရုံး) လည်းနောက်ကလိုက်ရဖို့ ရှိ သည်။ အကြောင်း မှာဗိသုကာလက်ရာခေတ်ချင်းတူသော ဟိုက်ကုတ်သည် အတွင်းဝန်ရုံးထက် ပင်ပို၍အကွက်အကွင်းကောင်း (prime location) သည်။ ပြည်ထောင်စုအ ဆင့်အစိုးရဌာနများ ကိုနေပြည်တော်သို့ ရွှေ့ ပြောင်းနေသည့်အကြောင်းပြ ချက်ကောင်းလည်းရှိနေသည်။

အနောက်နယ်ချဲ့ နိုင်ငံကြီးများသည်ဒုတိယကမ္ဘာစစ်ကြီးအတွင်းကျဆုံးသွား
သောကမ္ဘာအနှံ့ ရှိသူတို့ ၏စစ်သည်တော်များမြုတ်နှံရာသင်းချိုင်းများကို
ယနေ့ အထိအမြတ်တနိုးအဝေးမှလှမ်း၍ငွေကုန်ကြေးကြခံ ကာစောင့်ရှောက်နေကြသည်။

ကျွန်ုပ်တို့ ကားကိုယ်ပိုင်အမျိုးသားအမွေအနှစ်အဆောက်အအုံ များကိုရောင်းစား၊ငှားရမ်းစားရန်ကြံစည်နေကြပြီ။ အမြင်တိုတောင်းလေစွ။

မည်မျှလူကြားကောင်းအောင်အကြောင်းပြစေကာမူ တစ်နပ်စားဉာဏ်သာဖြစ်သည်။

ရှေးဟောင်းဘုရားစေတီပုထိုးများသည်ဘာသာရေးဆိုင်ရာ အမျိုးသားအမွေအနှစ်များဖြစ်သကဲ့သို့ 
ကိုလိုနီခေတ်ဟောင်းလက်ကျန်အဆောက်အအုံများသည် လည်းနိုင်ငံရေးဆိုင်ရာအမျိုးသားအမွေအနှစ်များပင်ဖြစ်ကြသည်။

သမိုင်းဝင်ရှေးဟောင်းပစ္စည်းများ၊ဘုရားစေတီများကိုဌာပနာ တိုက်ဖေါက်၍ခိုးကာပြည်ပသို့ ထုတ်၍ရောင်း စားသူများကိုကြီးလေးသောရာဇ၀တ်မှုအဖြစ် သတ်မှတ်ကြသည်။

သမိုင်းဝင်အဆောက်အအုံများကိုပေါ့ပျက်သောရည်ရွယ် ချက်ဖြင့်အသုံးချမည့်သူများထံရောင်းစားခြင်းမှာ လည်းသဘာဝချင်းတထေ ရာတည်းဖြစ်သည်။

သို့ သော်ထိုကိစ္စကိုမူတရားဝင်ဟုသတ်မှတ်နေကြသည်။

ခေတ်ပေါ် အမျိုးသားနိုင်ငံတော် (nation-state) တိုင်းတွင်အမာခံကျောရိုးအဖြစ် အမျိုးသားရေးဝါဒ (nationalism) တရပ်ရှိစီကြသည်။ 
[လူမျိုးပေါင်းစုံဖြင့်တည်ထောင်ထားသော အမေရိကန်ပြည်ထောင်စု တွင်ပင် အမျိုးသားရေး ၀ါဒနှင့်ညီမျှသောတိုင်းချစ်ပြည်ချစ်ဝါဒ - patriotism ရှိသည်။]

အမျိုးသားရေးဝါဒသည်သမိုင်းဘာသာရပ် (History) ပေါ်တွင်အခြေစိုက်ရသည်။

အမျိုးသားရေးဝါဒကိုနောက်မျိုးဆက်သို့ လက်ဆင့်ကမ်းရာတွင်သမိုင်း ဘာသာရပ်မပါလို့ မဖြစ်။

သမိုင်းကိုသင်ရာတွင်စာအုပ်စာတမ်းများချည်း သက်သက်ဖြင့် မလုံလောက်။သမိုင်းဝင်နေရာများ (historic sites) နှင့် သမိုင်းဝင်အဆောက်အအုံများ (historical structures) များ လက်ဆုပ်လက်ကိုင်ပြစရာများ များရှိလေပိုကောင်းလေဖြစ်သည်။

ထိုကြောင့်ထိုအရာများကိုအပျင်းပြေရုံကြည့်မည့်၊ ဇိမ်ခံမည့်နိုင်ငံခြားဧည့်သည် များအတွက်ထက် ကျွန်ုပ်တို့ နိုင်ငံသားလူငယ်များအတွက်ပို၍လိုအပ်သည်။

ယခုအတွင်းဝန်ရုံးဟောင်းထုခွဲရောင်းချရေးကိုစီမံခန့် ခွဲမည့် Myanma Tourism Board (MTB) သည်ဤကိစ္စဖြစ်မြောက်ရေး ကိုနောက်ကွယ်က အဓိကတွန်းအားပေးသူဖြစ်လိမ့်မည် သာမကဘုတ်အဖွဲ့ လူကြီးများ၏ကိုယ် ကျိုးစီးပွားနှင့်လည်း ယှက်လိမ်နေနိုင်သည်။

အဆုံးအဖြတ်ပေးနိုင်သူမှာရန်ကုန်တိုင်းဒေသကြီးအစိုးရဖြစ်ဖို့ များသည်။

သို့ သော်ပြည်ထောင်စုအစိုးရအနေဖြင့်ဤကိစ္စကို အမျိုးသားရေးအမြင်ဖြင့် ကြားဝင်ဟန့် တားပေးစေလိုသည်။

တကယ်တန်းပြည်သူ့ ဆန္ဒကိုလိုက်လျှော ရန်မှာတရုပ်နှင့်စာချုပ် ချုပ်ထားသောဧရာဝတီမြစ်ဆုံကဆည်ကိစ္စလောက်ပင်မခက်ခဲ။

ထို့ ထက်ယိုယွင်းနေသောဤသမိုင်းဝင်အဆောက် အအုံအားဆက်၍မျက်နှာလွှဲမနေတော့ဘဲပြည်ထောင်စုအစိုးရက အိန္ဒိယမှဝိတိုရီးယားခေတ်ဗိသုကာလက်ရာကျွမ်းကျင် သူမြို့ ပြအင်ဂျင်နီယာများငှားရမ်းပြီးမူလလက်ရာ မပျက် ထိမ်းသိမ်းထားသင့်သည်။ 

ထို့ ပြင်အများဆန္ဒရှိနေကြသည့်အတိုင်းအမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုသမိုင်းပြတိုက်နှင့်သမိုင်းဝင်မှတ်တမ်းမှတ်ရာများ သိုမှီးရာပိဋကတ်တိုက်(national archive)အဖြစ် ခန့် ညားစွာသုံးစွဲသင့်သည်။

မြန်မာသံတော်ဆင့်

No comments:

Post a Comment