Wednesday, January 4, 2012
အောင်ဆန်းစုကြည် ဘာဆက်လုပ်မှာလဲ - ၂
ဇန်န၀ါရီ ၄ -၂၀၁၂
ဓါတ်ပုံ - ကိုဌေးကြွယ်
လွပ်လပ်ရေးနေ့ တွင်မင်းကိုနိုင်၊ ကိုကိုကြီး၊ခွန်ထွန်းဦးစသောသူများလွတ် မြောက်လာကြလိမ့်မည်          ဟုမျှော်လင့်ထားကြသူများသည်အစိုးရကထုတ်ပြန်လိုက်သောပြစ်ဒဏ်လျှော့ပေါ့အမိန့် ကြောင့် အကြီးအကျယ်စိတ်ပျက်နေကြ သည်။ အစိုးရသစ်ကိုဘယ်လိုနားလည်ရမှန်းပင်မသိနိုင်ကြတော့။
သက်ဆိုင်ရာမိသားစုများအနေဖြင့်အားကိုးရာမဲ့နေသလိုလည်းဖြစ်နေကြပေလိမ့်မည်။ မီဒီယာမှတပါးနိုင်ငံရေးပါတီများထံမှလောက်လောက်လားလား အကူအညီမရကြသည်မှာစိတ်ပျက်စရာကောင်းလှသည်။
ဧပြီလ (၁) ရက်နေ့ တွင်ကျင်းပပေးမည့် ကြားဖြတ်ရွေးကောက်ပွဲဖြင့်လွှတ် တော်နိုင်ငံရေး လမ်းကြောင်းပေါ်သို့ စတင်ခြေချမည့်ဒေါ်အောင်ဆန်းစုကြည်သည်လေး - ငါး - ခြောက် လလောက်တော့စောင့်ရလိမ့်ဦးမည်။
ထိုကာလအတွင်းသူမသည်နိုင်ငံရေး VIP စာရင်းဝင်များ၏မွေးနေ့ ပွဲများ၊ လူ ဂုဏ်တန်သားသမီးများ၏ထိမ်းမြားလက်ထပ်ပွဲများ၊ VIP များ၏ အသုဘ စ သောသာရေး နာရေးပွဲများ၊နှင့်အခြားဘာအခမ်းအနားဖွင့်ပွဲ၊ဘာအရေးအခင်းဘယ်နှစ်နှစ်မြောက်အထိမ်း အမှတ်စသောအနှစ်သာရအားဖြင့်“ကြောင်ကိုရေချိုးပေးသောပွဲ”ပေါင်းတစ်ဒါဇင်လောက် ကိုဖြတ်သန်း၍ဓါတ်ပုံတွဲရိုက်ခံချင်သူ များ၏ဆန္ဒကိုဖြည့်ဆီးပေးနေရပေဦးမည်။ 
ကြားဖြတ်ရွေးကောက်ပွဲဝင်မည့်ဒေါ်အောင်ဆန်းစုကြည်သည်စိတ်ထဲက 
ဘယ်လိုရှိရှိလက်တွေ့ အရ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေကိုလက်ခံနေပြီ ဖြစ်သည်။ ပါတီကိုမှတ်ပုံတင်ပြီးပြီဖြစ်၍တရားဝင်အတိုက်အခံဘ၀သို့ လည်း ရောက်နေပြီဖြစ်သည်။
အောင်ဆန်းစုကြည်သည်လွှတ်တော်တွင်းသို့ အာဏာရနိုင်ငံရေးသမားအဖြစ်နှင့်မဟုတ်ဘဲ
အတိုက်အခံအဖြစ်နှင့်ဝင်ရမည်ဖြစ်သည်။ သို့ ဖြစ်လျှင်အတိုက် အခံနိုင်ငံရေးကို လွှတ်တော်ထည်းရောက်ချိန်အထိစောင့်မနေပဲယခုကတည်း ကစသင့်သည်ဟုဆိုရမည်။
နိုင်ငံရေးပါတီများရွေးကောက်ပွဲဝင်ခြင်းသည်အာဏာရဘို့ ဖြစ်သည်ဆိုလျှင် ပြည်သူလူထု၏
ဤနစ်နာချက်များသည်လွှတ်တော်တွင်းရောက်၍ဥပဒေပြုကာဖြေရှင်းပေးသည့်အချိန်အထိမစောင့်နိုင်ကြ။ ဒီမိုကရေစီရင့်ကျက်နိုင်ငံများ၌ ဤကိစ္စများသည် public relations ဖြစ်၍အထူးဦးစားပေးကြသည်။
ပြောရမည်ဆိုလျှင်ယခုထိမ်းသိမ်းထားခံရဆဲနိုင်ငံရေးသမားများသည်အောင်
ဆန်းစုကြည်ခေါင်းဆောင်သောနိုင်ငံရေးလမ်းကြောင်း - (၂၀၀၈ ဖွဲ့ စည်းပုံကို လက်မခံ၊ လမ်းပြမြေပုံကိုသပိတ်မှောက်) - အတိုင်းတသွေမတိမ်းလိုက်ခဲ့ကြ သူများဖြစ်သည်။ ယ္ခုသူမ၏နိုင်ငံရေးလမ်းကြောင်း ၁၈၀ံပြောင်းခဲ့ပြီဖြစ်ရာထို သူများလွတ်မြောက်ရေးအ တွက်ကိုယ်ကျင့်တရားရှုဒေါင့်မှကြည့်လျှင် (moral responsibility aspect) သူမအနေဖြင့်တစ်ခုခု လုပ်ပေးရန်တာဝန်ရှိသည်။
လက်တွေ့ တွင်မူသူမသည်အစိုးရသစ်စိတ်ညိုညင်သွားမည့်ကိစ္စ
ဘာတစ်ခုမျှမလုပ်ဘဲရှောင်ကြဉ်နေပုံရသည်။ ဤသို့ သူမထံမှထိရောက်သောအားထုတ် မှုတစုံတစ်ရာမမြင်ရသည့်အတွက် ထိုနိုင်ငံရေးသမားများ၏မိသားစုများမည်သို့ ခံစားမိကြမည်နည်း။ အထူးသဖြင့် ယခုတိုင်မှတ်ပုံပြန်မတင်သေးဘဲနေသော SNLD ခေါင်းဆောင် များ၏ရင်ထဲတွင်မည်သို့ ရှိမည်နည်း။ အနာဂါတ်တွင်ဗမာနိုင်ငံရေးသမားများ ၏ခေါင်းဆောင်မှုကိုအကြွင်းမဲ့ယုံစားရန်မသင့်၊ သူတို့ ဗမာတွေအချင်းချင်းအ ဆင်ပြေသွားသည်နှင့်မိမိတို့ ကိုလှည့်မကြည့်ပြစ်ထား ခဲ့တတ်သောအကျင့်ရှိသည်ဟုယုံမှတ်သွားကြလျှင်မခက်ပေဘူးလား။ 
နောင်ဘယ်လိုလုပ်၍အမျိုးသားစီးလုံးညီညွတ်ရေးတည်ဆောက်ယူမလဲ။
ကျောင်းသားခေါင်းဆောင်များနှင့်နိုင်ငံရေးသမားများသည်အရေအတွက်အားဖြင့်မများလှ။ ရာဂဏန်းလောက်သာရှိမည်။ ထိုသူများကိုဥပဒေကိုချိုးဖေါက် ထားသဖြင့်ပြစ်ဒဏ်ကျ ခံနေရသူများဟုအစိုးရသစ်ကတရားဝင် (officially) ရှင်းလင်းချက်ပေးထားသည်။ 
ဥပဒေကိုချိုးဖေါက်ခဲ့သူများဟူသောအကြောင်းပြချက်ကိုငြင်းချက်မထုတ်ပါ။ သို့ သော်သူတို့ ကိုဖမ်းဆီး၊စစ်ဆေး၊တရားစီရင်၍ပြစ်ဒဏ်ချမှတ်ခဲ့သောအစိုးရသည် တရားမ၀င်သောစစ်အစိုးရဖြစ်သည်ဟူသောအချက်ကိုလည်းမမေ့သင့်။ 
(SPDC junta had acted as law maker, judge and sheriff.)
(အကယ်၍စစ်အစိုးရသည်တရားဝင်အစိုးရဖြစ်ခဲ့လျှင်ရွေးကောက်ပွဲလုပ်၍အရပ်သား
ဒေါ်အောင်ဆန်းစုကြည်သည်သူမကြွေးကျော်နေသောဥပဒေကစိုးမိုးရေး (Rule of law) ကိုလူကြားကောင်းယုံမျှမဟုတ်ဘူးဆိုလျှင်ထိုကိစ္စကိုအစိုးရ သစ်ထံ၊ အထူးသဖြင့်သမတကြီးဦးသိန်းစိန်ထံကိုယ်တိုင်ကိုယ်ကျတင်ပြသင့် ပါသည်။ အနည်းဆုံးသတင်းစာရှင်းလင်းပွဲကလေးလောက်တော့လုပ်၍မိမိ၏ဆန္ဒကို
အတိအလင်းပြသသင့်သည်။ ယ္ခုအတိုင်းမှာရိုကျိုးလွန်းရာကျသည်။
ဦးသိန်းစိန်အစိုးရသစ်အနေနှင့်လည်းယခင်စစ်အစိုးရနှင့်ပီပီပြင်ပြင်လမ်းခွဲ လိုက်ပြီဖြစ်ကြောင်းသက်သေပြရန်အကွက်ကောင်းတခုဖြစ်သည်။ ဖမ်းထား သူများသည်ယခင်အစိုးရဟောင်းနှင့်ရန်သူများဖြစ်သော်လည်းမိမိအစိုးရ
သစ်နှင့်ပြဿနာမရှိကြောင်းသက်သေပြနိုင်သည်။  
ဤသည်မှာမင်းကိုနိုင်၊ ကိုကိုကြီးစသောလူပုဂ္ဂိုလ်မည်သူမည်ဝါ တို့ လွတ် မြောက်ရေး အတွက်ကြံဖန်၍တောင်းဆိုနေခြင်းမဟုတ်။ ဒီမိုကရေစီ၏အခြေခံ အုပ်ခုံ (platform) ဖြစ်လာမည့် ‘ဥပဒေကအုပ်စိုးသောစံနစ်၏ကြံ့ခိုင်ရေး’(The integrity of rule of law as a system) အတွက်ဖြစ်သည်။ ထို့  ကြောင့်ပြည်ထဲရေးဌာနှင့် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ (ကာ/လုံ) ကလည်းတစ်ပါတ်လောက်တော့လျှော့သင့်သည်ဟုဆိုရမည်။
ကျောင်းသားနှင့်နိုင်ငံရေးသမားများကိစ္စထက်ပင်ပို၍အရေးကြီးသောနောက်
လူထုနစ်နာမှု (grievance) တစ်ခုမှာအကျင့်ပျက်ဝန်ထမ်းများကိစ္စဖြစ်သည်။ ၀န်ထမ်းလာဘ်စားမှုကိုပြည်သူတွေအော့နှလုံးနာနေသည်မှာကြာလှပြီ။
သို့ သော်ပြဿနာကားဒီအတိုင်းပဲရှိနေသည်။ 
အကြောင်းမှာအစိုးရကထိထိ ရောက်ရောက်အရေးမယူသေးသောကြောင့်ဖြစ်သည်။ 
ယခုအထိဘာစီမံချက် မှမလုပ်သေး။ပြဿနာ၏အတိုင်းအတာပမာဏကြီးလွန်းနေ သည့်အတွက်ဖြစ် ကောင်းဖြစ်မည်။ 
အိန္ဒိယတွင်ဤပြဿနာကို ၂၁ ရာစု မဟတ္တမဂန္ဓီဟုခေါ်ရမည့်ပုဂ္ဂိုလ်တစ်ဦး ကလူထုအားဖြင့်တိုက်ဖျက်နေသည်။ အတုယူသင့်၊လေ့လာသင့်သည်။ ပါတီ ၀င်အင်အားဆယ်သိန်းအထိရည်မှန်းထားသည့် NLD သည်ဤကိစ္စကိုတိုက် ဖျက်ရန်အစိုးရထက်ပို၍တတ်နိုင်သည်။ တစ်ခေတ်တစ်ချိန်တုံးကစာမတတ် 
သူပပျောက်ရေး ‘အ-သုံး-လုံး’ စီမံကိန်းကြီးမျိုးကဲ့သို့ လူထုပါဝင်သောလှုပ်ရှား မှု (public campaign) ကြီးတစ်ခုဖန်တီး၍ဦးဆောင်တိုက်ပွဲဆင်သင့်သည်။  အရပ်သားလူ့ အသိုင်းအ၀ိုင်း (civil society)၊ မီဒီယာတို့ နှင့်ပူးပေါင်း၍လူထု ကိုလှုံ့ ဆော်ပညာပေး၊သတ္တိမွေးပေးသင့်သည်။ 
အဂတိလိုက်စားမှုသည်ဒီမို ကရေစီ၏အန္တရယ်တစ်ခုဖြစ်ကြောင်းပြောပြနေစရာပင်မလို။
အဂတိလိုက်စားမှုပပျောက်လာသည်နှင့်အမျှအစိုးရအပေါ်လူထုကြည်ညိုမှု တိုးလာမည်ဖြစ်သဖြင့်ပြည်သူလူထုအပြင်ဒုတိယမြောက်အကျိုးခံစားရမည့် သူ (beneficiary) မှာအစိုးရပင်ဖြစ်သည်။ ထို့ ကြောင့်အစိုးရသစ်အနေဖြင့် ဤကိစ္စတွင်မကူညီလျှင်နေ၊ မနှောက်ယှက်လျှင်တော်ပြီ။
လွှတ်တော်ထည်းရောက်လာသည့်အထိစောင့်မနေဘဲစလုပ်သင့်သည့် တတိယမြောက်ကိစ္စမှာခရိုနီ(cronies)များစီးပွားရေးသောင်းကျန်းမှုဘေးမှ လယ်သမားများကိုကာကွယ်ပေးရန်ဖြစ်သည်။ ‘ဈေးကွက်စီးပွားရေး’ ၏လက်ရှိအခြေအနေမှာဆင်းရဲသားကိုမကူညီဘဲအ သေသတ်မည့်သားရဲ
တိရစ္ဆာန်ဓနရှင်စံနစ် (Predatory capitalism) ဖြစ်နေ သေးသည်။ 
ယ္ခင်စစ်အစိုးရ၏ရင်ငွေ့ ဖြင့်အချိန်တိုအတွင်းအဆမတန်ကြီးပွား 
ရောက်နေကြယုံသာမကထိပ်ဆုံးအာဏာရှိပုဂ္ဂိုလ်များနှင့်လည်းအလွန်ရှေး
ကျသောသားပေးသမီးယူနည်းဖြင့်လူတန်းစားမဟာမိတ်ပြုထားကြသည်။ ဇေကမ္ဘာ၊ ယုဇနစသောကုပ္မဏီကြီးများသည်ဆင်းရဲသားလယ်သမားများ ထံမှလယ်ယာမြေများ ကိုဈေးနှိမ်ကာအတင်းအဓမ္မ၀ယ်ယူနေကြသည်ကိုယခု 
အထိအစိုးရကထိထိရောက်ရောက်ကြားမ၀င်သေး။ 
ဤကိစ္စကိုရှေးဦးစွာဖွင့်ချ သူမှာပါတီငယ်ကလေး တစ်ခုဖြစ် သောမတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ (PDP)ဖြစ်သဖြင့်၎င်းအားအမှတ် (credit)ပေးရမည်။ သို့ သော်၎င်းသည်ခရိုနီ ကြီးများကမမှုလောက်သောအင်အားကလေးသာဖြစ်သည်။  
ယခုတင်ပြခဲ့သောအလုပ်သုံးခုသည် NLD နှင့်ဒေါ်အောင်ဆန်းစုကြည် တို့  ဆက်လက်၍မျက်နှာလွှဲကာမကြားမသိချင်ယောင်ဆောင်မနေသင့်သောကိစ္စများဖြစ်သည်။ လွှတ်တော်ပြင်ပနိုင်ငံရေး၏အားသားချက်တစ်ရပ်မှာ လွှတ် တော်တွင်းမှာလိုပြိုင်ဘက်ပါတီ (များ)၏ကဖျက်ယဖျက်လုပ်ခြင်းမှကင်းဝေး ခြင်းဖြစ်သည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စီးပွားရေးသောင်းကျန်းမှုကိုဆန့် ကျင် ခြင်းသည်နိုင်ငံတော်အစိုးရ၏
မူများကိုဆန့် ကျင်ခြင်းမဟုတ်၊ကူညီခြင်းပင် မည်သည်။ 
ယ္ခုအတိုင်းအစိုးရညိုညင်မှာစိုး၍နှုတ်ဆိတ်နေလျှင်မိမိဘက်က ‘အပေး’ သာရှိ ပြီးမိမိကပြန်ရတာ ဘာမှမရှိဆိုပါကနိုင်ငံရေးအပျိုရည်ပျက်တာသာအဖတ်တင် လိမ့်မည်။ မိမိအားအစိုးရကသော်၎င်း၊အခြားသူများက၄င်းနိုင်ငံရေးမီးရှုးမီး ပန်းများလွှတ်ရာ သက်သက်တွင်သာအသုံးချနေခြင်းကိုကြာရှည်သီးခံမနေမိဘို့ လိုသည်။
နိုင်ငံရေးမီးရှုးမီးပမ်းများသည်လူထုရင်ဆိုင်နေရသောတကယ့် ဘ၀ကိုဖုံးကွယ်ပေးနေရာရောက်သည်။
လက်ရှိအခြေအနေသည်အာဏာရှင်စံနစ်အောက်မှာဘဲလား၊ သို့ မဟုတ်ဒီမို ကရေစီဖြစ်နေပြီလားဟုမေးလာလျှင် နှစ်ခုစလုံး မဟုတ်ဘဲ  ‘ဟိုမရောက်ဒီမရောက်’
ဖြစ်နေပါသည်ဟုသာ ဓမ္မဒိဌန်ကျကျဖြေ ရလိမ့်မည်။ ဥပမာ ပုဂ္ဂလိကသတင်းစာတောင်ထုတ်ခွင့်မပြုသောဒီမိုကရက် တစ်နိုင်ငံဟူ၍ကမ္ဘာပေါ်မှာမြန်မာတစ်နိုင်ငံသာရှိလိမ့်မည်။
ထိုအခြေအနေတွင် အောင်ဆန်းစုကြည်ဘာလဲ၊ ဘယ်လဲ ဟုမမေးရက်ပါ။ သို့ သော်ခေါင်းဆောင်ဟုဆိုလျှင်ပီပြင်သောခေါင်းဆောင်မှုကိုတောင်းဆိုရလိမ့်မည်။
မြန်မာသံတော်ဆင့်
No comments:
Post a Comment